စစ်အာဏာသိမ်းနောက်ပိုင်းတွင် ငွေကြေးမတည်ငြိမ်မှုနှင့် ဖောင်းပွလာမှုကြောင့် ဖားအံမြို့အတွင်းရှိ အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် ပိုမိုအားကောင်းလာသည်ဟု မြို့ခံများက ပြောသည်။
ပြည်တွင်း၌ ကုန်ဈေးနှုန်းများ အဆမတန် မြှင့်မားလာပြီး ငွေကြေးဖောင်းပွလာသဖြင့် စီးပွားရေးလုပ်ငန်း ရှင်များသည် မိမိတို့လုပ်ငန်းတွင် အရှုံးဖြစ်ပေါ်လာသည့်အတွက်ကြောင့် အိမ်ခြံမြေဘက်သို့ ပြောင်းလဲ ရင်းနှီးမြှုပ်နှံလာကြသည်ဟု အလတ်စာ လုပ်ငန်းရှင် ဖားအံမြို့ခံတစ်ဉီးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ဒီနေ့ ရောင်းလိုက်တဲ့ ပစ္စည်းတစ်ခုက နောက်နေ့မှာ ဈေးတက်ပြီး အလုပ်တွေတော့ လုပ်နေရတယ် ဒါပေမယ့် အရှုံးပဲ ပြနေတယ်၊ ထိုင်းဘတ်ဈေးကလည်း တက်ပြီးတက်ပြန်၊ ဒါကြောင့် ကိုယ့်လုပ်ငန်းကို ခဏရပ်ထား ပြီးတော့ အိမ်ခြံမြေ ဘက်ကို ပြောင်းလဲရင်းနှီးမြှုပ်နှံတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့သို့ အိမ်ခြံမြေများ ဝယ်ယူသူများထဲတွင် ဖားအံမြို့အတွင်းရှိ မြို့ခံများအပြင် အခြားဒေသမှ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ စီးပွားရေးလုပ်ငန်းရှင်များလည်း လာရောက်ဝယ်ယူလျက် ရှိသည်။
ယင်းသို့ အိမ်ခြံမြေ ဝယ်ယူသူ များလာရခြင်းသည် မိမိတို့ စုဆောင်းထားသည့်ငွေကြေးများ တစ်နေ့တစ်ခြား တန်ဖိုးလျော့နည်းလာသည့်အတွက်ကြောင့် ယခုလို အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံလာခြင်းဖြစ်သည်ဟု အိမ်ခြုံမြေ ရောင်းဝယ်သူ ဖားအံမြို့ခံတစ်ဦးက ကေအိုင်စီသို့ပြောသည်။
“ ငွေက ဖေါင်းပွလာတယ်၊ အရင်က စုထားတဲ့ ငွေသိန်းတစ်ရာ ဆိုပါစို့၊ အခုချိန်မှာ သိန်းလေးဆယ် လောက်ပဲ တန်ဖိုးရှိတော့၊ ငွေကိုပဲ စုထားမလား၊ ဒါမှမဟုတ် တစ်ခုခုဝယ်ယူထားပြီး မြှုပ်နှံထား မလားဆိုတာ စဉ်းစားရတာပေါ့၊ အချို့က ရွှေတွေကို စုဆောင်းဝယ်ယူထားကြတယ်၊ ကျမကတော့ မြေဝယ်ယူတာကို ပိုသဘော ကျတယ်” ဟု ၎င်းက ပြောသည်။
ဖားအံအိမ်ခြံမြေဈေးကွက်များတွင် မြို့အတွင်း အိမ်ခြံမြေဈေးကွက်မှာ သိန်း(၃)သောင်းမှ သိန်းထောင် ဂဏန်းအထိရှိပြီး ဖားအံမြို့သစ် အကွက်များတွင် သိန်းရာဂဏန်းမှ သိန်းဆယ်ဂဏန်းအထိ ပေါက်ဈေး အမျိုးမျိုးရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင်သူတစ်ဉီးကလည်း ပြောသည်။
ဖားအံ အိမ်ခြံမြေဈေးကွက်သည် စစ်တပ်အာဏာသိမ်းပြီးနောက် အရောင်းအဝယ် နေ့စဉ်ဆိုသလို ရှိလာပြီး မြေဈေးကွက်များလည်း တဖြည်းဖြည်း မြင့်တက်လာသည်။ အများဆုံး အရောင်းအဝယ်များကြသည်မှာ လှာကမြင်နှင့် တောင်ကလေးမြို့သစ်ရပ်ကွက်များ ဖြစ်ကြသည်ဟု မြို့ခံများက ပြောသည်။