လုံခြုံရေးကြောင့် မီးရထားဖြင့် ခရီးသွားလာသူ ပိုများလာ

လုံခြုံရေးကြောင့် မီးရထားဖြင့် ခရီးသွားလာသူ ပိုများလာ
မွန်ပြည်နယ် မော်လမြိုင်မြို့ သို့ ဆိုက်ရောက်လာသည့် မီးရထား
မွန်ပြည်နယ် မော်လမြိုင်မြို့ သို့ ဆိုက်ရောက်လာသည့် မီးရထား

မွန်ပြည်နယ်တွင် မီးရထားဖြင့် ခရီးသွားလာသူ ပိုများလာကြောင်း မြန်မာမီးရထား (မော်လမြိုင်)မှ တာဝန်ရှိသူတို့နှင့် ခရီးသွားများထံမှ သိရသည်။ ယခင်က ကားဖြင့် ခရီးသွားရာတွင် လမ်းခရီးအဆင်ပြေမှု ရှိခဲ့သော်လည်း ယခုနောက်ပိုင်း ကားလမ်းခရီးတွင် စစ်ဆေးမှုများပြီး ခရီးကြန့်ကြာခြင်းနှင့် လမ်းတွင် ပစ်ခတ်မှု မကြာခန ဖြစ်ပွားနေသည့်အတွက် လုံခြုံရေးအရ မီးရထားဖြင့် ခရီးသွားသည်ကို ပိုမိုရွေးချယ်လာကြသည်။

"ကားနဲ့သွားတာထက် ရထားက ပိုလုံခြုံတယ်လို့ခံစားရတယ်။ ဘာလို့ဆို အခုက ကားလမ်းမှာဆို ခဏခဏ ပစ်ခတ်တာဖြစ်တယ်။ ပြီးတော့ စစ်တာလည်း အကြာကြီး စောင့်ရတယ်။ ခရီးဖင့်တာပေါ့။ အရင်က ကားနဲ့သွားတာ အဆင်ပြေတယ်။ အခုက ရထားနဲ့က ပိုအဆင်ပြေတယ်” ဟု မော်လမြိုင်- ရန်ကုန်သို့ ခရီးသွားလာနေသူတစ်ဦးက ပြောသည်။

၎င်းပြင် မော်လမြိုင်-ရန်ကုန်သို့ ပြေးဆွဲသည့် မီးရထားကို လေအိတ်ရထားဖြင့် ပြောင်းလဲလိုက်‌သောကြောင့်လည်း ခရီးသွားလာရာတွင် သက်တောင့်သက်သာ

ရှိသည့်အတွက်ကြောင့်လည်း မီးရထားဖြင့် ခရီးသွားသူ များလာခဲ့သည်။

“အရင်တုန်းကကျတော့ ကားတွေနဲ့ပဲ သွားတာများတယ်၊ မြန်တယ် သက်တောင့် သက်သာရှိတယ်ပေါ့။ အခုကျတော့ ကားလမ်းတွေလည်းကြပ်တယ်လေ။ အဲတော့ ရထားနဲ့ဈေးကလည်းမကွာတော့ ရထားနဲ့သွားကြတာပိုများလာတယ်လို့ ထင်တယ်” ဟု မြန်မာမီးရထား (မော်လမြိုင်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင်က မီးရထားဖြင့် ခရီးသွားသူ နည်းပါးသောကြောင့် လက်မှတ်များ ပိုနေသော်လည်း ယခုအခါ သုံးရက်ကြိုတင်စနစ်ဖြင့် ရောင်းချပေးနေသော်လည်း လက်မှတ်များ အကုန်မြန်နေကြောင်းလည်း မြန်မာမီးရထား (မော်လမြိုင်) ထံမှ သိရသည်။

မော်လမြိုင်-ရန်ကုန် လေအိတ်ရထားသည် ရိုးရိုးတန်းလက်မှတ် တစ်စောင်ကို ၃၅၅၀ ကျပ် နှင့်အထက်တန်း လက်မှတ် တစ်စောင်ကို ၇၀၅၀ ကျပ်ဖြင့် ရောင်းချပေးနေပြီး ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြို၊ အထက်တန်းလက်မှတ်ကို သုံးရက်ကြိုစနစ်ဖြင့် မော်လမြိုင်ဘူတာကြီးတွင် နံနက် ၇ နာရီခွဲမှစတင်ကာ ရောင်းချပေးနေသည်။ မီးရထားဖြင့် ခရီးသွားလာသူများလာသည့်အတွက် လက်မှတ်ကို ကြိုတင်ဝယ်ယူမှသာ အဆင်ပြေနိုင်သည်ဟု မော်လမြိုင်-ရန်ကုန်သို့ ရထားဖြင့် ခရီးသွားခဲ့သူတစ်ဦးက ပြောသည်။

“ရထားနဲ့က ခရီးသွားလာကြတာ များလာတယ်။ အဲတော့ စောစောသွားဝယ်မှ ဒီနေ့သွားမယ်ဆို မနေ့မနက်မှ သွားဝယ်လို့မရဘူး။ လက်မှတ်ရတယ် ခုံမရဘူးပေါ့။ အဲလိုတွေရှိတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်-ရန်ကုန်ကားလမ်းတလျှောက်တွင် ပစ်ခတ်မှု မကြာခဏဖြစ်ပွားနေပြီး ခရီးသွားကားများလည်း ပစ်ခတ်ခံရသည့် ဖြစ်စဥ်များရှိသည့်အပြင် ခရီးသည် ထိခိုက်သေဆုံးမှုရှိခဲ့သည်။

January 11, 2025
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီက စားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့်များကို...
January 7, 2025
မွန်ပြည်နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုဆိုးရွားလာပြီး ပြည်သူတို့၏ နေ့စဉ်ဘဝနှင့်...
January 7, 2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်နှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်နေရာတို့တွင်...
ဓာတ်ပုံ - ပုံဟောင်း
December 23, 2024
မွန်ပြည်နယ်အတွင်းရှိ  အသင်းအဖွဲ့မှတ်ပုံတင်သက်တမ်းကုန်နေသည့် ပရဟိတအသင်းအကြီးအပါအဝင်...