ရခိုင်တွင် တိုက်ပွဲပြင်းထန်နေချိန် ရခိုင်လူမျိုး(၈)ဦးကို စစ်ကောင်စီက ဘွဲ့ဂုဏ်ထူးများ ချီးမြှင့်

ရခိုင်တွင် တိုက်ပွဲပြင်းထန်နေချိန် ရခိုင်လူမျိုး(၈)ဦးကို စစ်ကောင်စီက ဘွဲ့ဂုဏ်ထူးများ ချီးမြှင့်

အမျိုးသားအောင်ပွဲနေ့နှင့် ယင်းနောက်ပိုင်းတွင် ရခိုင်လူမျိုး ၈ ဦးကို စစ်ကောင်စီက စည်သူဘွဲ့၊ ဝဏ္ဏကျော်ထင်ဘွဲ့၊ သီရိပျံချီဘွဲ့အပါအဝင် စီမံထူးချွန်တံဆိပ်များ အသီးသီးချီးမြှင့်လိုက်ကြောင်း မြန်မာ့အလင်းသတင်းစာမှ ကြေညာခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့က စစ်ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်ကို စည်သူဘွဲ့၊ ရခိုင်ပြည်နယ် စစ်ကောင်စီဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီးဟောင်း ဒေါက်တာဖေမြင့်ကို သီရိပျံချီဘွဲ့၊ အမျိုးသားလွှတ်တော်ဒု-ဥက္ကဌဟောင်း ဦးအေးသာအောင်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီးဟောင်း ဦးအောင်လှထွန်းတို့ကို ဝဏ္ဏကျော်ထင်ဘွဲ့နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ နုမြဇံကို စီမံထူးချွန်တံဆိပ်တို့ အသီးသီး ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဌဟောင်းလည်းဖြစ်၊ ရခိုင်အမျိုးသားပါတီ ထိပ်ပိုင်းခေါင်းဆောင်လည်းဖြစ်သူ ဦးစံကျော်လှနှင့် ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်တို့အား သီရိပျံချီဘွဲ့ ချီးမြှင့်လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

အထက်ပါပုဂ္ဂိုလ်များမှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့ကြသူများ ဖြစ်သည့်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းခြင်းဟု စစ်ကောင်စီကဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီက ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်သည့်အပေါ် နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် စစ်ခေါင်းဆောင်က အခုလို ဘွဲ့တွေပေးနေတာလို့မြင်တယ်။ ရခိုင်ပြည်နယ်က ထူးခြားတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၉ ခုနှစ်မှာ တိုက်ပွဲတွေရပ်စဲခဲ့တာပေါ့။ အခု တကျော့ပြန်တိုက်ပွဲတွေ ပြန်ပြီးဖြစ်လာတဲ့အခါကျတော့ ရခိုင်ပြည်နယ် အေးချမ်းတည်ငြိမ်းရေးနဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ စစ်ရေးဆယ်ဖို့ စစ်ကောင်စီက အခွင့်အရေးရှာနေတာပေါ့။ ရခိုင်ပြည်နယ်နဲ့ပတ်သက်ပြီး စည်းရုံးဖို့ ကြိုးစားတဲ့အနေနဲ့ အခုလို့ ဘွဲ့တွေချီးမြှင့်တာလို့ပဲ ကျနော်မြင်ပါတယ်”ဟု DMG သို့ပြောသည်။

လက်ရှိ ရခိုင်ဒေသတွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများမှာ လက်နက်ကြီး၊လက်နက်ငယ် ထိမှန်မှု၊ မိုင်းထိမှန်မှုများကြောင့် သေဆုံးမှုများ မြင့်တက်လျက်ရှိသည့်အချိန် စစ်ကောင်စီက ဆုတံဆိပ်များပေးအပ်သည့်အပေါ် ရခိုင်ပြည်သူများအကြား ဝေဖန်မှုများရှိနေကြသည်။

“ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေနေ့စဉ်ဖြစ်ပျက်နေတာ ပြည်သူတွေ သေဆုံးထိခိုက်နေတဲ့အချိန်မှာ ဆုအပေးခံရတဲ့သူတွေလည်း ခွေးသေကောင်ပုတ်ကို လည်ပင်း အဆွဲခံလိုက်ရသလိုပေါ့။ သူတို့ပေးတဲ့ဆုတွေဟာ ကိုယ့်အတွက် ဘာမှသတင်းမွှေးစရာ အကြောင်းမရှိဘူး”ဟု ရခိုင့်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။

ဆက်လက်ပြီး  ဦးဖေသန်းက “ဆုတံဆိပ် အပေးခံလိုက်ရတဲ့သူတွေက တိတ်ဆိတ်ပြီးတော့ နေမှာလား ဆိုတာကတော့ သူတို့ရဲ့ စိတ်ဓာတ်တွေနဲ့ဆိုင်တယ်။ စစ်သားတွေက အခုလို ပြည်သူတွေကို နှိပ်စက်နေတဲ့ အချိန်မှာ ဒီတံဆိပ်ကိုပေးတယ်ဆိုတော့ ပြည်သူတွေလည်း ထောက်ခံမှာမဟုတ်ဘူး။ သတ္တိရှိတဲ့ နိုင်ငံရေးသမားဆိုရင်တော့ ဒီဆုတံဆိပ်တွေကို ပြန်အပ်သင့်တယ်၊ ငြင်းပယ်သင့်တယ်”ဟု ၎င်းကဆိုသည်။

ရွှေတြိဂံဒေသ လာအိုနိုင်ငံ ကာစီနိုမြို့အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့။
January 9, 2025
ရွှေတြိဂံနယ်မြေ ကာစီနိုမြို့ဟု လူသိများသည့် လာအိုနယ်စပ်တွင် မြန်မာအလုပ်သမား အများအပြား...
ရခိုင်ပြည်အတွင်း ဖုန်းလိုင်း၊ အင်တာနက်လိုင်းပြတ်တောက်နေမှုကြောင့် ဆိုရှယ်မီဒီယာများ အသုံးပြု၍ မရပုံအား တွေ့ရစဉ်။
January 8, 2025
မြန်မာနိုင်ငံအနှံ့တွင် စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားမှု လျော့ပါးစေရေးအတွက်...
မောင်တော်မြို့လယ်လမ်းဆုံကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက တွေ့ရစဉ်။
January 8, 2025
ရခိုင်ပြည်၊ နယ်စပ်မြို့ မောင်တောမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေကြရသည့် မြို့ခံများအား...
ကျောက်ပန္ဒူ - စေတီပြင် မေယုတောင်ကျော်လမ်း တစ်နေရာကို ၂၀၂၄ ခုနှစ် အောက်တိုဘာလကတွေ့ရစဉ်။
January 7, 2025
မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA ၏ အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ကြောင့် မောင်တော၊ ဘူးသီးတောင်၊...