မြဝတီတောင်ဘက်ရှိ သေ့ဘောဘိုး စစ်စခန်းအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရန် လုပ်ဆောင်နေသည့် စစ်ကောင်စီ စစ်ကြောင်းများ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေ့ဘောဘိုးဒေသစစ်ဘေးရှောင် ၁,၄၀၀ ကျော် သောင်ရင်းမြစ်ဘေးနေရာသို့ ရွှေ့ပြောင်း နေထိုင်ခိုလှုံနေကြရကြောင်း သိရှိရသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များက စစ်ကောင်စီမှ နှစ်ပေါင်း ၃၀ ခန့် သိမ်းပိုက်အခြေချထားခဲ့သည့် သေ့ဘောဘိုးစခန်းအား ပြည်လည်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ ပြန်လည်သိမ်းပိုက်နိုင်ရန် ယခုရက်ပိုင်းအတွင်း ပိုမိုတိုက်ခိုက်လာနေသည့်အတွက် ယာယီစစ်ရှောင်စခန်းမှ စစ်ရှောင်များ နေရာရွှေ့ပြောင်းရှောင်တိမ်းနေကြရကြောင်း သေ့ဘောဘိုးရွာသားက အခုလို ပြောသည်။
“အခုက နေ့တိုင်း ပစ်ခတ်နေတာ၊ စစ်တပ်ကသေ့ဘောဘိုးရွာထိပ်က သူတို့ အရင်နေတဲ့ စခန်းကို ပြန်တိုက်ယူနေတာကြောင့် ကရင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတယ်။ သေ့ဘောဘိုးရွာ သောင်ရင်းမြစ်ကမ်းနားအပေါ်က ယာယီစစ်ရှောင်တဲတွေမှာ လူမနေရဲကြတော့ဘူး၊ သေ့ဘောဘိုး တောနော်အထက်တန်းကျောင်းသား ကလေးတွေလည်း နေရာခွဲပြီးနေနေကြရတယ်။ လေယာဉ်က အချိန်မရွေးလာဗုံးကြဲမှာ လူတိုင်းကြောက်နေကြရတယ်၊ ”ဟု သေ့ဘောဘိုး ကျေးရွာသားတစ်ဦးက ပြောသည်။
လက်ရှိ အခြေအနေတွင် စစ်ကောင်စီတပ်များဘက်မှ ဆုံဆည်းမြိုင် ကျေးရွာဘက်မှလည်းကောင်း၊ ဝေါလေလမ်းပိုင်း မြွေ ၃ ကောင်ဘုရားကုန်း၊ ဘလယ်ဒိုကျေးနယ် တောင်ကုန်း၊ ဖလူးဘုရားကုန်းဘက်မှ လက်နက်ကြီးများ အတွဲလိုက်ပစ်ခတ်သည့် ရော့ကက်ဒုံးများဖြင့် နေ့/ည ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။
ထို့အပြင် မြေပြင် စစ်ကြောင်း ၂ ခုဖြင့် ယခုနို၀င်ဘာလကုန် မတိုင်မီ ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ဆင်ရေးစီမံချက်ဖြင့် တိုက်ခိုက်လုပ်ဆောင်နေမှုအား KNLA ပူးပေါင်းတပ်များမှ တန်ပြန်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်များ အထိအခိုက်အကျအဆုံးများရှိနေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။
“စစ်တပ်က လူတွေထိတယ်၊ သေတယ်၊ ဒဏ်ရာရကြတယ်၊ သူတို့ ပြန်ဆုတ်လိုက်တက်လာလိုက် လုပ်တယ်၊ အတွဲလိုက် ဒုံးတွေနဲ့ ပစ်တယ်။ သူတို့စစ်တပ် ဒဏ်ရာရကြသူတွေကို မြ၀တီဘက် ပြန်သယ်ဖို့ ကလည်းမဖြစ်၊ ဝေါလေဗျူဟာမှာကလည်း ဆရာ၀န်မရှိဆိုတော့ ဝေါလေကမ်းကူးပြီး ထိုင်းဆေးရုံဘက်ကို အရပ်သားပုံစံနဲ့ ဆေးရုံပို့ပြီး ကုတာတွေရှိတယ်။ ဒီလမကုန်ခင် သေ့ဘောဘိုးကို ရအောင်သိမ်းရမယ်ဆိုပြီး တိုက်နေတာဆိုတော့ အပစ်အခတ်ကနေ့တိုင်းတော့ ဖြစ်နေတယ်”ဟု KNLA စစ်ရေး နယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။
မြ၀တီ မြို့တောင်ဘက် မြ၀တီ-ဝေါလေ လမ်းပိုင်းတစ်လျှောက် ဒေသများအား စစ်ကောင်စီမှ နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေးအတွက် စစ်ဆင်တိုက်ခိုက်နေသည့်မှာ တစ်နှစ်နီးပါးရှိလာပြီဖြစ်ပြီး ယခု ၁၀ လကျော် ကာလအတွင်း အဆိုပါ လမ်းပိုင်းအားထိန်းချုပ် နိုင်ခြင်းမရှိသေးဘဲ နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည်။
ထို့သို့ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် လေးကေကော်ဒေသ၊ ဆုံဆည်းမြိုင်ဒေသ၊ သေ့ဘောဘိုးဒေသ၊ ဝေါလေဒေသ ကျေးနယ်များမှ ဒေသခံတစ်သောင်းဝန်းကျင်မှာ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်။
လတ်တလောတွင် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေတွင် မြဝတီတောင်ဘက် သေ့ဘောဘိုးဒေသအပါအဝင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် စစ်ဘေးရှောင်ယာယီစခန်းများတွင် နေထိုင်ခိုလှုံကြသည့် စစ်ရှောင်များသည် ထိုင်- မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေး ဝါးတောများအကြား ရွှေ့ပြောင်းနေထိုင်ခိုလှုံနေကြရကြောင်း သိရသည်။