ကချင် ပြည်နယ် အစိုးရ အဖွဲ့ရုံး ပေါက်ကွဲမှု တစ်ဦး သေဆုံး

ကချင် ပြည်နယ် အစိုးရ အဖွဲ့ရုံး ပေါက်ကွဲမှု တစ်ဦး သေဆုံး

စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ၂၄ နာရီ လုံခြုံရေးယူထားသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးအတွင်း ပေါက်ကွဲ မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ၊ မြို့တော်ခန်းမ၏ ရှေ့တည့်တည့် ပြည်နယ်အစိုးရအဖွဲ့ရုံးအတွင်းက ဆမားဒူဝါ ဆင်ဝါးနော် ခန်းမအနီးတွင် အောက်တိုဘာလ ၃၀ ရက်နေ့ညက ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီးခဲ့ပြီး အမျိုးသား တစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ပြည်နယ်ရုံးအနီး နေထိုင်သူ အမျိုးသမီးတစ်ဦး ”အစ်မတို့လည်း ကြားလိုက်တယ်။ အသံကတော့ တော်တော် ကျယ်တယ်၊ ပေါက်ပြီး စစ်ဆေးရေးတွေကတော့ အများကြီးပဲ” ဟု ပြောသည်။

အောက်တိုဘာလ ၃၀ ရက်နေ့၊ ည ၆ နာရီခွဲကျော်အချိန်တွင် လက်နက်ကိုင်ရဲနှင့် စစ်သားများ ၂၄ နာရီ ဂိတ်ထိုင် ကာ အဝင်အထွက် လက်မှတ်ထိုးပေးရသည့် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းသည်ဟု ပြည်နယ်ရုံးအနီးနေထိုင်သူများက ပြောသည်။

သေဆုံးသူ အဆိုပါအမျိုးသားမှာ ဆိုင်ကယ်တစ်စီး၏ ဘေးတွင် လက်၊ ခြေထောက်၊ ကိုယ်ခန္ဓာ အစိတ်အပိုင်း များ တစ်စစီဖြစ်ကာ မှောက်လျက်လဲကျနေပြီး မျက်နှာလည်း ပျက်စီးနေသည့် အနေအထားဖြင့် သေဆုံးနေခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုအပြီး အောက်တိုဘာလ ၃၁ ရက်နေ့တွင် အနီးအနားက ဒေသခံအချို့ကို စစ်တပ်က ဖမ်းဆီးသွားသည်ဟု ပြောဆိုနေကြသော်လည်း လူဦးရေမည်မျှကို ဖမ်းဆီးသွားသည်ကိုမူ မသိရသေး ပေ။

ထိုသို့ စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက် ပြည်နယ်ရုံးအနီး နေထိုင်သူများက စိုးရိမ် နေကြသည်။

“အစ်မတို့က မဆိုင်ပဲ လာဖမ်းတာမျိုးတွေ စစ်သားတွေက လုပ်တော့ ကြောက်တယ်လေနော်။ ဒီမှာက ဆိုင် လေးရောင်းပြီး အေးအေးဆေးဆေးနေတာပါ။ အခုက ပေါက်ကွဲမှုတွေကြောင့် ကြောက်ရတာတမျိုး၊ တခုခု ဖြစ်ပြီဆို နီးနီးနားနားက လူတွေကို စွပ်စွဲပြီးဖမ်းတာက တမျိုးဆိုတော့လေ အေး ကြောက်တာပဲသိတယ်။ အိမ် က ကလေးတွေကိုလည်း အပြင်တောင် မသွားခိုင်းရဲဘူး။ နိုင်ငံရေးက မကောင်း။ ညက ဗုံးပေါက်ပြီး ကတည်း က အခုထိ လူက တုန်နေတုန်း။ ဆိုင်တောင် မဖွင့်ရဲဘူး” ဟု မြို့တော်ခန်းမအနီး နေထိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး ပတ်ပတ်လည်ကို စစ်တပ်က အာဏာသိမ်းပြီးစဉ် ကတည်းကယနေ့အချိန်ထိ ညစဉ် ၇ နာရီ အချိန်မှစတင်၍ အကာအရံများဖြင့် ကာရံပြီး ဝတ်စုံပြည့် လက်နက်ကိုင်ထားသည့် စစ်သား နှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးယူကာ စောင့်ကြပ်ထားသည့် နေရာဖြစ်သည်။

ယခု ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ရုံးအနီးတွင်လည်း ရဲမင်းကြီး ဝန်ထမ်းအိမ်ယာ၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ အသံ ထပ်ဆင့်အသံလွှင့်စက်ရုံ၊ မြို့တော်ခန်းမ၊ ဝန်ထမ်းအိမ်ယာများသာရှိသည့် နေရာလည်း ဖြစ်သည်။

ဆိုရှယ်မီဒီယာ အပါအဝင် စစ်ကောင်စီသတင်းများကို ဖော်ပြလေ့ရှိသည့် တယ်ရီဂရမ်က ချယ်နယ် အချို့တွင် သေဆုံးသူမှာ ပေါက်ကွဲမှု ဖြစ်ပွားစေရန် ဗုံးလာရောက် ထောင်သူ၏ ရုပ်အလောင်းဖြစ်သည်ဟု ထင်ကြေး ပေး ပြောဆိုမှုများရှိနေသော်လည်း သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာအနေဖြင့် သီးခြား အတည်မပြုနိုင်သေး ပေ။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...