စစ်တပ်သတင်းပေးများအား သတိပေးစာ ကပ်ပြီးနောက် ဒေသခံ ၁၈ ဦး ဖမ်းခံရ

စစ်တပ်သတင်းပေးများအား သတိပေးစာ ကပ်ပြီးနောက် ဒေသခံ ၁၈ ဦး ဖမ်းခံရ

ဧရာဝတီတိုင်း၊ လပွတ္တာမြို့ အဝင် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်အနီး ကျေးရွာထိပ်က ဗန်ဒါပင်တွင် စစ်တပ် သတင်းပေး ဒလန်များကို သတိပေးစာ ကပ်ပြီးနောက် တပတ်ခန့်အတွင်း လူငယ် ၈ ဦး အပါအဝင် ဒေသခံ ၁၈ ဦး ခန့် အဖမ်းခံထားရသည် ဟု သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၂၅ ရက်နေ့အတွင်း စစ်ကောင်စိစစ်ဆေးရေးဂိတ် အနီး ရှိ ကျောက်မှော်ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ ဒေသခံ ၁၀ ဦး နှင့် မြို့တွင်း ရပ်ကွက်များက လူငယ် ၈ ဦး ခန့်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည် ဟု ဒေသခံများက

ပြောသည်။

“ဒလန်တွေက ချောက်တွန်း လက်ညှိုးထိုးတဲ့ သူတိုင်းကို စစ်တပ်က လိုက်ဖမ်းနေကြတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့က စစ်ကောင်စီ စစ်ဆေးရေးဂိတ်အနီး သဲကုန်းကျေးရွာထိပ်က ဗန်ဒါပင်နေရာတွင် “ဒီရွာက စစ်တပ်သတင်းပေးတွေ မိသားစုနဲ့ အသက်ခန္ဓာ အိုးစားမကွဲချင်ရင် သတိထား” စာတန်းပါသည့် စာ အကပ်ခံပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခံကြရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများ တစ်ဦးတစ်ယောက်မှ ပြန်မလွှတ်သေးပဲ စစ်ကောင်စီက တပ်စွဲထားသည့် လပွတ္တာမြို့လယ် က သာသနာဗိမ္မာန်တွင် ဖမ်းဆီးချုပ်နှောင်ပြီး စစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့ က ပြောသည်ဟု ဖမ်းဆီးခံ မိသားစု များနှင့် နီးစပ်သူများက ပြောသည်။

စွပ်စွဲ ဖမ်းဆီးခံထားရသူ ၁၀ ဦး အနက် အသက် ၆၀ ကျော် ဦးကုလား နှင့် အမျိုးသားနှစ်ဦးမှာ အဖမ်းမခံရခင် ကတည်းက ကျန်းမာရေး မကောင်းသဖြင့် စိုးရိမ်နေရသည်ဟု မိသားစုဝင်များ က ပြောသည်။

ဖမ်းဆီးခံသူများ၏ မိသား စု ဝင်တစ်ဦး က “မြိုလယ် က သာသနာ ဗိမ္မာန် စစ်ကြောရေးစခန်းမှာ စစ်နေတယ် လို့တော့ သိရတယ်။ အဲ့ဒီထဲက ဆဲဆို ကြိမ်း မောင်းသံတွေ ငယ်သံပါအောင် အော်တဲ့အသံတွေ ကြားနေရတော့ စိုးရိမ်တယ်” ဟု ပြောသည်။

သတိပေးစာ ကပ်ပြီးနောက်ပိုင်း လက်ရှိအခြေအနေတွင် လပွတ္တာမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့က ၃ မိုင်ဂိတ်အပါ အဝင် မြို့အဝင်အထွက် ဂိတ်များတွင် လုံခြုံရေး ပိုမိုတင်းကြပ်လာသည့် အပြင် မြို့ပေါ် ရပ်ကွက်များတွင် နေ့စဉ် ရက်ဆက် ဧည့်စာရင်းစစ်နေသည် ဟု ဒေသခံများ၏ ပြောပြသည်။

လပွတ္တာမြို့အဝင် စစ်ဆေးရေးဂိတ်အနီး ၃ မိုင် မြို့သစ် လမ်းနဘေးတွင်ရှိသည့် သဲကုန်းကျေးရွာမှာ၂၀၀၈ ခုနှစ် က ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်း ဘေးသင့်ခဲ့သူများကို ပြန်လည်နေရာချထားပေးသည့် ကျေးရွာတစ်ရွာ ဖြစ်သည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...