အိမ်မဲ EPC ရုံးရှေ့ ဗုံးပေါက်ကွဲ၊ လူငယ်အချို့အား ဖမ်းဆီး

အိမ်မဲ EPC ရုံးရှေ့ ဗုံးပေါက်ကွဲ၊ လူငယ်အချို့အား ဖမ်းဆီး

အိမ်မဲမြို့ EPC ရုံးရှေ့တွင် စနေနေ့၊ ညပိုင်းက ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် လမ်းပေါ်တွင် သွားလာနေသူ အချို့ဖမ်းဆီးခံရသည်ဟု ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်း၊ အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်၊ ၇ လမ်းထိပ်၊ ချယ်ရီလမ်းမပေါ်ရှိ EPC ရုံးရှေ့တွင် စက်တင်ဘာလ ၃ ရက်နေ့ ည ၉ နာရီကျော် အချိန်ခန့်က ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည် ဟု မြို့ခံများကပြောသည်။

“ဗုံးပေါက်တဲ့အသံကတော့ အတော်ကျယ်တယ်။ လူထိခိုက်ဒဏ်ရာ ရ မရတော့မသိဘူး။ စစ်သားတွေ ရဲတွေ ချက်ချင်း ရောက်လာကြတာပဲ” ဟု EPC ရုံးအနီးတွင် နေထိုင်သူတစ်ဦး က ပြောသည်။

ဗုံးပေါက်ကွဲပြီးနောက် လမ်းပေါ်တွင် သွားလာနေသူ အချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားသည်ကို တွေ့ရှိရသည်ဟု မျက်မြင်တွေ့ရှိသူ အိမ်မဲမြို့ခံတစ်ဦးက ဆိုသည်။

“လမ်းပေါ်က ဖမ်းသွားတဲ့ လူငယ်တွေက ဘောလုံးပွဲကြည့်ပြီး ပြန်လာကြတာ။ အဲ့ဒါကို ဖမ်းသွားတာ ဟုတ် ဟုတ်၊ မဟုတ် ဟုတ်၊ အဖမ်းခံရပြီဆိုတာနဲ့ ငွေကုန်ပြီ။ ငွေမလိုက်နိုင်လို့ကတော့ လွတ်ဖို့မလွယ်ဘူး” ဟု အသက် ၇၀ ကျော် အိမ်မဲမြိုခံ နိုင်ငံရေးသမားတစ်ဦး က ပြောသည်။

ယခု ဗုံးပေါက်ကွဲမှုသည် အိမ်မဲမြို့တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်က နိုင်ငံရေးပြစ်မှုဟုဆိုကာ မကြာခဏ ခေါ်ယူစစ်ဆေးခံနေရသည့် သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ဖမ်းဆီးသွားသည်ဟု မြို့ခံအချို့က ပြောသည်။

မြို့နယ် EPC  ရုံးသည် စစ်ကောင်စီကို အဓိက ငွေရှာပေးနေသော ထောက်တိုင်များထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ယခုကာလ ဆင်းရဲကြပ်တည်းနေသော ပြည်သူများထံမှ လျှပ်စစ်မီတာခများ အတင်းအဓမ္မကောက်ခံခြင်း၊ တိုး မြှင့်ကောက်ခံနေခြင်းများကြောင့် ဧရာဝတီ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဗုံးဖောက်ခွဲ သတိပေးခဲ့ခြင်း ဖြစ်သည်ဟု အိမ်မဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

ပြည်သူများအပေါ် အမျိုးမျိုးဖိနှိပ်အနိုင်ကျင့်နေသည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ ကမောက်ကမ ဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ထို့အတူ မြောင်းမြမြို့တွင်လည်း မြောင်းမြ ပကဖ အဖွဲ့က ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြီးခဲ့ သည့် သြဂုတ်လ ၁၉ ရက်နေ့၊ ညပိုင်းက ဗုံးနှစ်လုံး ဆက်တိုက်ဖောက်ခွဲခဲ့သည်ဟု သိရသည်။

December 20, 2024
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကလေးငယ် ၂၀ ဦးခန့် သဲလွန်စမရပဲ ပျောက်ဆုံးသွားသည်ဟု ဒေသခံနှင့်...
December 19, 2024
မွန်ပြည်နယ်၊ ရေးမြို့တွင် စစ်ကောင်စီက လုံခြုံရေးကိုအကြောင်းပြကာ လမ်းမကြီးဘေးတစ်လျှောက်ရှိ...
December 17, 2024
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် စစ်တပ်တို့မှ လိုင်စင်မဲ့ယာဉ်များကို...
December 17, 2024
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို...