ဖမ်းဆီးရမိသည့် စက်လှေပေါ်တွင် သေဆုံးနေသူ ရိုဟင်ဂျာ ၆ ဦးအလောင်းကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့အနီး ပင်လယ်ပြင်မှာ စစ်ကောင်စီရေတပ်က ဖမ်းဆီးမိသည့် စက်လှေ တစ်စီး ပေါ်က ရိုဟင်ဂျာ ၆၆ ဦး တွင် အဟာရပြတ် သေဆုံးနေသူ ၆ ဦး ပါဝင်သည် ဟု သိရသည်။
ထို ရိုဟင်ဂျာများမှာ ဩဂုတ် ၂၉ ရက်နေ့ညက ကဒုံကနိရှိ စစ်ကောင်စီရေတပ်က ဘိုကလေးမြစ်ဝအမာမြို့ ဂယက်ကြီးကျွန်းအနီး ပင်လယ်ပြင်မှာ စက်ပျက်ပြီး မျောနေသည့် စက်လှေတစ်စီးပေါ်က ဖမ်းဆီးရမိသည်ဟု ဒေသခံများက ပြောသည်။
“သေသွားတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၃ ဦးမှာ ကလေးတစ်ဦးလည်း ပါတယ်။ သူတို့ကို ကဒုံကနိမှာပဲ အစ္စ လာမ်ဘာသာ ထုံးတမ်းအစဉ်လာတိုင်း သြဂုတ်လ ၃၀ ရက်နေ့မှာ သင်္ဂြိုလ်လိုက်တယ်” ဟု ဒေသခံ အစ္စလာမ် ဘာသာဝင် တစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်းတောမှ မလေးရှား နိုင်ငံသို့သွားရန် လူကုန်ကူးပွဲစားများက စက်လှေဖြင့် ခေါ်လာစဉ် ပင်လယ်တွင်း၌ စက်ပျက်ပြီး ရက်ရှည်မျောပါနေရာမှ ဘိုကလေးမြစ်ဝ ပင်လယ်ကမ်းစပ် အနီးသို့ ရောက်ရှိလာကာ ဖမ်းဆီးခံရသည် ဟု သိရသည်။
ဧရာဝတီ မြန်မာ မူဆလင် အရပ်ဖက်လူမှုရေးအဖွဲ့ဝင် တစ်ဦး က “သူတို့ရဲ့ ဇာတိ ဒီနိုင်ငံက စစ်တပ်က လုပ်လို့ ဖွတ်ဖွတ်ညက်ညက်ကြေနေတာ။ ရခိုင်ဒေသမှာလည်း ထမင်း နပ်မမှန်ဘူးလေ။ ဒါကြောင့် မလေးရှားကို သွား ဖို့လုပ်ကြတာ။ ဧရာဝတီတိုင်းထဲကို လာကြတဲ့သူတွေ မဟုတ်ဘူး” ဟု ပြောသည်။
ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများ အနက် ကျန်းမာရေး မကောင်းသည့် အမျိုးသမီး၊ အမျိုးသား ၁၀ ဦးကို ဆေး ရုံတင်ထားရပြီး ကျန်ရှိထားသည့် အမျိုးသား ၃၁ ဦးနှင့် အမျိုးသမီး ၁၉ ဦးကို ဘိုကလေး ရဲစခန်းတွင် ချုပ်နှောင် ထားသည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် ရိုဟင်ဂျာများက ရခိုင်ပြည်နယ်နှင့် ရေကြောင်း၊ ကုန်းကြောင်း တစ်ဆက် စပ်တည်း ရှိနေသည့် ဧရာဝတီတိုင်း အတွင်းသို့ မကြာခဏ ဝင်ရောက်လာလေ့ရှိသည်။
ရခိုင်ပြည်နယ်ဖက်မှ ဧရာဝတီတိုင်းအတွင်းရှိ ကြံခင်း၊ ရေကြည်၊ လေးမျက်နှာ၊ သာပေါင်း၊ ရွှေသောင်ယံ၊ ချောင်း သာ၊ ငွေဆောင်၊ ဂေါ်ရန်ဂျီ၊ ငရုတ်ကောင်း ဒေသများမှ ဝင်ရောက်လာ၍ စစ်ကောင်စီက ဖမ်းဆီးထားသည့် ရိုဟင် ဂျာ ၄၀၀ ကျော် ပုသိမ်အကျဉ်းထောင် နှင့် ပုသိမ်မြို့နယ်အတွင်းရှိ ရဲအချုပ်ခန်း အသီးသီးတွင်ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။