သုံးဘီးဆရာ ရာအိမ်မှူးကို ခရီးသည်ယောင်ဆောင်ပြီး ပစ်သတ်

သုံးဘီးဆရာ ရာအိမ်မှူးကို ခရီးသည်ယောင်ဆောင်ပြီး ပစ်သတ်

ရာအိမ်မှူးလည်း ဖြစ်၊ သုံးဘီးမောင်း ဆရာလည်း ဖြစ်ပြီး စစ်ကောင်စီ သတင်းပေးဆိုသူ တစ်ဦးကို သူမောင်းနှင်လာသော သုံးဘီး ခရီးသည် နှစ်ဦးက လမ်းဘေးတွင် ရပ်ခိုင်းကာ ပစ်သတ်ခဲ့သည် ဟု ဒေသခံများက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် အင်္ဂါနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ သတင်းပေး ဆိုသူ ကလွင်ကျေးရွာအုပ်စု၊ ငွေပုလဲစက်မှုဇုံ၊ ကန်ကြီးနယ်မြေက ရာအိမ်မှူး ဦးသန်း ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားသည်ဟု ဒေသခံများက ပြော သည်။ “ဒိုင်းဆို သေနတ်သံ တချက်ကြားရတယ်။ ပထမတော့ ကားဘီးပေါက်တယ် ထင်တာ။ ခဏကြာတော့ ကန်ကြီး ရာအိမ်မှူး အပစ်ခံရတာလို့ ကြားရတယ်၊ သုံးဘီးပေါ်မှာတင် သေသွားတယ်” ဟု လှေဒေါက်အတွင်း အလုပ်လုပ် ကိုင်နေသူ အသက် ၃၅ နှစ် အရွယ် အမျိုးသားတစ်ဦး က ပြောသည်။

သေဆုံးသူ ဦးသန်းဦးသည် ခရီးသည်တင် သုံးဘီး မောင်းနှင်သူ တစ်ဦးဖြစ်ပြီး ခရီးသည် ၂ ဦးနှင့် အတူ စက်မှုဇုံ အတွင်းသို့ မောင်းနှင်လာစဉ် ဦးမင်းလွင်ရေခဲစက် အနီးအရောက်တွင် လိုက်ပါလာသူ ၂ ဦးက လမ်းဘေးတွင် ရပ်ခိုင်းကာ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။

ဦးသန်းဦးသည် စစ်ကောင်စီက ပြုလုပ်သည့် ပျူစောထီး သင်တန်း တက်ရောက်ခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး စစ် ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့်နှင့် ပူးပေါင်းကာ ရပ်ကွက်အတွင်းရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒ ပြသူများ၏ နေအိမ်များကို လိုက်လံပြသ သတင်းပေးနေသူတစ်ဦး ဖြစ်သည်ဟု ကန်ကြီးရပ်ကွက်အတွင်း နေ ထိုင်သူများ က ပြောသည်။

ရာအိမ်မှူး ဦးသန်းဦး ပစ်သတ်ခံရပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အလောင်းကို စစ်ဆေးကာ အရေးပေါ် လူနာတင်ယာဉ်ဖြင့် တင်ဆောင်သွားသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်နေ့၊ နံနက်ပိုင်းကလည်း တပ်ပြင်ဈေးတွင် ဈေးရောင်းချရန် ဇနီးဖြစ်သူအား ကူညီပေး နေသည့် ကန်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့်ဆိုသူသည် သေနတ်ဖြင့် လေးချက် ပစ်ခတ်ခံခဲ့ရပြီး ရှပ်ထိဒဏ်ရာများဖြင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

မြိတ်မြို့တွင် ယခုသြဂုတ်လ အတွင်း စစ်ကောင်စီအား သတင်းပေးနေသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီး အဖွဲ့ဝင်များ ဆက်တိုက် ပစ်ခတ်ခံနေကြရသည်။

သတင်း ~ ဒီပအလင်း

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...