မည်သည့်အဖွဲ့အစည်းနှင့်မျှ မဟာမိတ်လုပ်ဆောင်ထားတာမရှိဘူးဆိုတဲ့ SNA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းနှင့် ဆက်သွယ်မေးမြန်းခြင်း

မည်သည့်အဖွဲ့အစည်းနှင့်မျှ မဟာမိတ်လုပ်ဆောင်ထားတာမရှိဘူးဆိုတဲ့ SNA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းအောင်မိန်းနှင့် ဆက်သွယ်မေးမြန်းခြင်း

မေး။ ဒီနေ့ ဇူလိူင် ၅ ရက်နေ့က SNA ရဲ့ တည်ထောင်တာ ၃၃ နှစ်ပြည့်သွားပြီပေါ့လေ။ ဒီနှစ်တွေအများကြီးထဲမှာ SNA အနေနဲ့ ရည်မှန်းချက်တွေ ဘယ်လောက်ခရီးပေါက်နေပြီလဲ သိချင်ပါတယ်ဗျ။

ဖြေ။ ကျွန်တော်တို့ ၃၃ နှစ်တာ ကာလမှာတော့ ရည်မှန်းထားတဲ့ ရည်မှန်းချက်ထက်ကို တော်တော်လေး ရောက်နေပြီပေါ့ဗျာ။ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ရှမ်းနီအမျိုးသားများတပ်မတော်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် တည်ဆောက်နိူင်ခဲ့ပြီ။ ကျွန်တော်တို့ ရှမ်းနီပြည်သူလူထု အကျိုးအတွက်ကို ကျွန်တော်တို့ ပြောလို့ရှိရင် ။အကျိုးအတွက်ဆိုတာက ရှမ်းနီပြည်သူလူထုတွေ ဆုံးရူံးနေတဲ့ အခွင့်အရေးတွေထဲက ကျွန်တော်တို့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို တောင်းဆိုနိူင်အောင်လို့တော့ ကြိုးစားနေပြီပေါ့ဗျာ။ လောလောဆယ်တော့ ရှမ်းနီအမျိုးသားများတပ်မတော်ကို လူထုကြားထဲမှာ မားမားမတ်မတ်ရပ်တည်နိူင်ခဲ့ပြီလို့တော့ ပြောလို့ရပါတယ် ။ ကျွန်တော်တို့ရည်မှန်းချက်ထဲမှာ မူကြီးငါးချက်ချထားတဲ့အထဲမှာတော့ တဖြည်းဖြည်းချင်းပဲ လုပ်ကိုင်  ဆောင်ရွက်နေတယ်။ လူထုနဲ့ တစ်သွေးတစ်သားထဲ ဖြစ်သွားအောင်လို့ ကျွန်တော်တို့ လုပ်ကိုင်ဆောင်ရွက်သွားမှာပါ ။

မေး။ SNA ရဲ့လုပ်ငန်းစဥ် ငါးရပ်ထဲမှာ လက်နက်ကိုင်ဗိုလ်ကျစိုးမိုးရေးအပါအဝင် မူးယစ်ဆေးဝါး သဘာဝပတ်ဝန်းကျင် ကိစ္စတွေပါတာတွေ့ရတယ်။ အဲ့ဒီအပိုင်းတွေမှာရော ဘယ်အတိုင်းအတာထိ ဖြစ်နေပြီလဲဗျ။

ဖြေ။ ဟုတ်ကဲ့ အဓိက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဥ်နဲ့ပတ်သက်ရင် ကျွန်တော်တို့ဒေသအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့လူတွေ ရောင်းချတဲ့လူတွေကို ကျွန်တော်တို့အနေနဲ့ ပထမအဆင့်အနေနဲ့ ပညာပေးလုပ်ငန်းစဥ်တွေကို ကျွန်တော်တို့လုပ်ခဲ့တယ် ။ စာတွေဖြန့်ခဲ့တယ် ။ နူတ်ကနေ လူထုကြားထဲမှာဟောပြောပြီးတော့မှ ပညာပေးတဲ့အဆင့်ကိုလုပ်ခဲ့တယ် ။ ဒုတိယအဆင့်အနေနဲ့ကတော့ ကျွန်တော်တို့ ပညာပေးတဲ့အဆင့်ကို ကျော်ပြီးတော့ နောက်တစ်ဆင့်ကို မူးယစ်ဆေးဝါးရောင်းတဲ့လူတွေကို ကျွန်တော်တို့အနေနဲ့ သတိပေးတဲ့စာတွေ ပေးပို့ပြီးတော့မှ လုပ်ခဲ့တယ် ။ လုံးဝ ဒေသအတွင်းမှာ မူးယစ်ဆေးဝါး မရောင်းချကြဖို့ ကျွန်တော်တို့ သတိပေးခဲ့တယ်။ ပြီးတော့ မူးယစ်ဆေးဝါးရောင်းတဲ့လူတွေကို သတိပေးခဲ့သလို သုံးစွဲတဲ့လူတွေကိုလည်း ကျွန်တော်တို့အနေနဲ့ လူငယ်ပိုင်းတွေဆိုလည်း လူငယ်ပိုင်းအလိုက် ခေါ်ယူဖြတ်ပေးတယ်။ ဖြတ်ပြီးတော့မှ သူတို့နဲ့သင့်လျော်တဲ့ လုပ်ငန်းကလေးတွေကို ကျွန်တော်တို့ ပြန်ပြီးတော့မှ သင်ပေးတယ်။ သင်ပေးနိူင်သလောက်သင်ပေးခဲ့တယ် ။ အသက်ကြီးရင် ကြီးသလိုပေါ့ ။ ကျွန်တော်တို့ တတ်နိူင်သလောက် လုပ်ပေးခဲ့ပါတယ် ။ တစ်ချို့တွေ ပြန်ကောင်းသွားတဲ့လူတွေလည်း အများကြီးရှိနေခဲ့ပြီ။ တစ်ချို့တွေဆိုလို့ရှိရင် ကျွန်တော်တို့ ရှမ်းနီအမျိုးသားများတပ်မတော်မှာ ပြန်ပြီးတော့မှ အမူထမ်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေခဲ့ပြီ။ ဒါဒုတိယအဆင့်အနေနဲ့ ကျွန်တော်တို့လုပ်ခဲ့တယ် ။ အဲ့ဒီမှာလည်း တိုးတက်မှုတွေ အများကြီးရှိခဲ့တယ်။ အခုနောက်ဆုံးအဆင့်အနေနဲ့ကတော့ ကျွန်တော်တို့ ထိထိရောက်ရောက် အရေးယူသွားမယ်ဆိုတဲ့အဆင့်နဲ့ပဲ ကျွန်တော်တို့ပြောပြထားတယ်။ ရောင်းတဲ့ လူတွေကိုရော သုံးစွဲတဲ့လူတွေကိုရော ကျွန်တော်တို့ နောက်ဆုံးအဆင့်အနေနဲ့ပြောပြထားချက်အနေနဲ့ကတော့ ဒါတွေတဖြည်းဖြည်းနဲ့ တိုးတက်လာတယ်လို့ ပြောလို့ရပါတယ် ။ မူးယစ်ဆေးဝါး ရောင်းချတဲ့လူတွေလည်း တဖြည်းဖြည်းပဲ လျော့ပါးသွားပြီ။ ပျောက်ကွယ်သွားတဲ့အဆင့်တော့မရှိသေးဘူးဗျ။ လျော့ပါးသွားတဲ့အဆင့်လို့တော့ ပြောလို့ရတယ် ။ သုံးစွဲတဲ့လူတွေလည်း တော်တော်လေး လျော့ပါးသွားတဲ့အဆင့်ကိုရောက်လာပြီလို့ ပြောလို့ရတယ် ။ ဒါကတော့ ကျွန်တော်တို့ရဲ့ တိုးတက်မှုတွေပေါ့ဗျာ။

နောက်တစ်ခုက ဘဝမြှင့်တင်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးနဲ့ ပတ်သက်လို့ကတော့ အတတ်နိုင်ဆုံး ကျွန်တော်တို့ဒေသမှာရှိတဲ့ ပညာရေး ကျန်းမာရေး လူမူရေး သာသနာရေး အမျိုးသားရေးမြှင့်တက်လာအောင် ကျွန်တော်တို့လူထုတွေ ဒီလုပ်ငန်းတွေမှာပါဝင်လာအောင် ကျွန်တော်တို့တော်တော်လေး လုပ်ကိုင်ဆောင်ရွက်နိူင်ပြီလို့တော့ ပြောလို့ရတယ်ဗျ။ ဒါကျတော့ အဆင့် ၁၂၃၄ အနေနဲ့ပြောရတာ နည်းနည်းခက်ပါတယ် ။

မေး။ နောက်တစ်ခုက သဘာဝ ပတ်ဝန်းကျင်ကို သီးခြားခွဲပြီးတော့ ပြောထားတာလည်း တွေ့ရတယ်ပေါ့။ အဲ့ဒီအပိုင်းမှာလည်း တစ်ဖက်မှာလည်း ဝေဖန်မှုတွေ ကျွန်တော်တို့ ပြန်ကြားနေရတယ်ပေါ့ ။ အဓိကတော့ ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး ကိုင်တွယ်ပုံတွေက တစ်နေရာနဲ့တစ်နေရာ မတူတဲ့ကိစ္စတွေရှိလာတော့ SNA အနေနဲ့ရော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်တွေမှာ ဘယ်လိုမျိုးမူဝါဒတွေချမှတ်ထားလဲပေါ့ အဲ့ဒါလေးပြောပြလို့ရမလားဗျ။

ဖြေ။ ဟုတ်ကဲ့ ကျွန်တော်တို့အနေနဲ့ကတော့  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုတော့ အတတ်နိူင်ဆုံး ပြောပြချင်ပါတယ် ။ ရွှေလုပ်တဲ့ လုပ်ငန်းရှင်တွေပေါ့ဗျာ ။ သူတို့ကျတော့ လုပ်ငန်းရှင်တွေကနေ သူတို့ဘာသာသူတို့ သတ္တုတွင်းဝန်ကြီးဌာနမှာ တင်ပြပြီးတော့မှ ကုမ္ပဏီတွေဆွဲပြီးတော့မှ လုပ်ကြတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ကလည်း ပိတ်ပင်တားမြစ်တာထက် သူတို့ကို သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် မပျက်စီးအောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ကျွန်တော်တို့ အနေနဲ့ တိုက်တွန်းထားတာတွေ ရှိပါတယ် ။ ပြီးတော့ ပြောပြရှင်းပြထားတာတွေရှိပါတယ် ။ အကယ်၍ ပတ်ဝန်းကျင် ထိခိုက်တဲ့အဆင့်ထိရောက်လာပြီဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ အပြစ်ပေးအရေးယူတဲ့အဆင့်မျိုးရောက်အောင် ကျွန်တော်တို့အနေနဲ့ လုပ်မယ်လို့ သတိပေးထားတာတွေလည်း ရှိပါတယ် ။ တစ်ချို့တွေလည်း လိုက်နာကြသလို တစ်ချို့နေရာတွေကျတော့ ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အနေနဲ့ ပိတ်ပစ်တဲ့နေရာမျိုးတွေလည်း ရှိပါတယ် ။ သစ်တောတွေ ပြုန်းတီးသွားမယ့် နေရာမျိုးတွေဆိုလို့ရှိရင် ကျွန်တော်တို့အနေနဲ့ လုပ်ခွင့်မပေးထားတဲ့နေရာတွေလည်း ရှိပါတယ် ။ ဒါမျိုးတွေနဲ့ ကျွန်တော်တို့ ထိန်းသိမ်းသွားတယ် ။ နောက်တစ်ခုက  ချင်းတွင်းမြစ်အထက်ပိုင်းမှာဆိုလို့ရှိရင် ထမံသီသစ်တောဆိုတာရှိပါတယ်။ အဲ့

ဒီထမံသီ ဘေးမဲ့တော ဧရိယာအတွင်းမှာ ရွှေလုပ်ငန်းပဲ ဖြစ်ပါစေ သစ်တောနဲ့ပတ်သက်တဲ့ သစ်လုပ်ငန်းပဲ ဖြစ်ပါစေ ကျွန်တော်တို့အနေနဲ့ လုံးဝပိတ်ပင် တားမြစ်ထားပါတယ် ။ ကျွန်တော်တို့အနေနဲ့ လုံးဝထိခိုက်ခံလို့ မရပါဘူး။ ဒါက နိူင်ငံတကာက အသိအမှတ်ပြုထားတဲ့နေရာတွေ ဖြစ်တယ် ။ အဲ့ဒီအခါကျတော့ အဲ့ဒီဒေသကြီး ပျက်စီးသွားမှာလည်း ကျွန်တော်တို့ မလိုလားဘူး။ ဒါကြောင့် ကျွန်တော်တို့ ပိတ်ပင်ထားတယ် ။ တစ်ချို့နေရာလေးတွေမှာတော့ ရွှေလုပ်ငန်းရှင်တွေအနေနဲ့ သူတို့နိူင်တဲ့ အတိုင်းအတာနဲ့ပဲ လုပ်သွားကြတယ် ။ ထိခိုက်ပျက်စီးနိူင်တဲ့ အနေအထားမျိုးမှာတော့ ကျွန်တော်တို့အနေနဲ့ အတတ်နိူင်ဆုံးတော့ ပိတ်ပင်တားမြစ်ထားပါတယ် ။ ဒီလိုပုံစံမျိုးနဲ့တော့ ထိန်းသိမ်းကာကွယ် စောင့်ရှောက်တဲ့ ပုံစံမျိုးကို လုပ်ပါတယ် ။ လုံးဝပြောလို့မရရင်တော့ အပြစ်ပေးအရေးယူတဲ့ ပုံစံမျိုးနဲ့သွားပါတယ် ။ ဒါကတော့ သိပ်တော့မရှိသေးပါဘူး။

မေး။တည်ထောင်လာတာ နှစ်သုံးဆယ်ကျော် ကြာလာတဲ့အနေအထားမှာ အဓိက စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲဗျ။

ဖြေ။ အဓိကစိန်ခေါ်မှုကတော့ ပြောရလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း နားမလည်နိူင်တဲ့ ကိစ္စတွေ ရှိပါတယ် ။ တိုင်းရင်းသားတွေ အကုန်လုံးက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုတည်ဆောက်ဖို့ အကုန်လုံးက လိုလားကြတယ် ။ ဖက်ဒရယ်ကိုပဲ ဦးတည်ပြီးသွားနေကြတယ် ။ အဲ့လိုသွားနေကြတဲ့အခါမှာ ကိုယ့်တိုင်းရင်းသားအချင်းချင်းကို ဖက်ဒရယ်လမ်းစဥ်နဲ့မညီပဲနဲ့ ပြုမူကျင့်ကြံနေတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ် ။ ဥပမာအားဖြင့် ရှင်းရှင်းပြောရလို့ရှိရင် ကချင်ပြည်နယ်မှာဆိုလို့ရှိရင် KIA/KIO အဖွဲ့အစည်းက ပြောရလို့ရှိရင် ဖက်ဒရယ် မဆန်ဘူးပေါ့ဗျာ။ သူတို့အလုပ်တွေက။ သူတို့ပြောတော့သာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံမယ်လို့ ဖက်ဒရယ်ကို အဲ့ဒီလိုမျိုးတွေ ပြောနေပေမယ့်လို့ ကိုယ့်ဒေသထဲမှာ နေထိုင်တဲ့အတူနေ တိုင်းရင်းသားတွေကို တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့် ပေးချင်ပုံ သိပ်မရှိဘူးလို့ ကျွန်တော်တို့အနေနဲ့ တွေ့ရတယ် ။ ဒီတော့ ကိုယ့်တိုင်းရင်းသားအချင်းချင်းကြားထဲမှာ ပဋိပက္ခဖြစ်တဲ့ ပြဿနာတွေ အများကြီးရှိတယ် ။ ကျွန်တော်တို့ ရှမ်းနီတွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော် သူတို့တော်လှန်ရေး စလုပ်လာကတည်းကနဲ့ ကျွန်တော်တို့ကိုတိုက်ခိုက်ခဲ့တယ် ။ သတ်ဖြတ်ခဲ့တယ် ။ အနိူင်ကျင့်ခဲ့တယ် ။ ပြီးလို့ရှိရင် ခြိမ်းခြောက်ခဲ့တယ် ။ စသည်ဖြင့်ပေါ့ဗျာ။  ပြီးလို့ရှိရင် ဆက်ကြေးတွေကောက်ခဲ့တယ် ။ တောင်းခံခဲ့တယ် ။ မတရားပြုမှု ကျင့်ကြံခဲ့တဲ့ အဓမ္မလုပ်အားပေး စေခိုင်းခဲ့တယ် ။ စတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အရင်လုပ်လာခဲ့ရာကနေ ယနေ့အချိန်ထိလည်း သူတို့တွေဟာ ချိုးဖောက်နေတုန်းပဲ ။ အမှန်ဆိုလို့ရှိရင် ကျွန်တော်တို့ပြောချင်တာက ကျွန်တော်တို့အနေနဲ့လည်းပဲ တပ်မတော်တစ်ခုအနေနဲ့ တည်ရှိနေပြီ ။ သူတို့လည်းပဲ ကချင်တပ်မတော် KIA အနေနဲ့ ရှိထားတဲ့အခါကျတော့ ကျွန်တော်တို့ လူမျိုးစုတွေကို သူတို့ဒေသထဲမှာ နေထိုင်တဲ့လူမျိုးစုတွေကို အဲ့ဒီလိုမျိုး နှိပ်စက်တာ အနိူင်ကျင့်တာ သတ်ဖြတ်တာမျိုးမတရားပြုမှုကျင့်ကြံတာ ခြိမ်းခြောက်တာ ဒီလုပ်ရပ်တွေကို သူတို့အနေနဲ့ ဆက်ပြီးတော့ ကျူးလွန်နေတဲ့ကာလပတ်လုံးတော့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးဟာ တန်ဘိုးမရှိတော့ဘူး။ အဲ့ဒါကြီးက တခြားတိုင်းရင်းသားတွေအတွက်ရောပါ ကျွန်တော်တို့ ရှမ်းနီအမျိုးသားတွေအတွက်တင်မကဘူး တခြားတိုင်းရင်းသားတွေအတွက်ရောပါ စိန်ခေါ်မှုကြီး တစ်ရပ်လို ဖြစ်နေတယ်လို့ ကျွန်တော်တော့ မြင်တယ်ဗျ။ ပြီးတော့ လက်ရှိအစိုးရအဆက်ဆက်ကလည်းပဲ ကျွန်တော်တို့တိုင်းရင်းသားတွေကို လစ်လျူရှူ့ထားခဲ့တဲ့ ကိစ္စ ဒီကိစ္စတွေကို လစ်လျူမရှူ့ထားပဲနဲ့ ကျွန်တော်တို့ကိုလည်း အသိအမှတ်ပြုပြီးတော့မှ မြန်မာနိူင်ငံတွင်းမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားမျိုးနွယ်စု တစ်စုအနေနဲ့ အသိအမှတ်ပြုပြီးတော့မှ ကျွန်တော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပေးသင့်နေပြီလို့တော့ ကျွန်တော်တို့တော့မြင်တယ် ။ ဒါတွေဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်နေတယ် ။ ဘာကြောင့်လဲဆိုတော့ အစိုးရအဆက်ဆက်က ကျွန်တော်တို့ကို အသိအမှတ်မပြုခဲ့ဘူး။ မပြုခဲ့တဲ့အပြင် KIA ရဲ့အနိူင်ကျင့်မှု သတ်ဖြတ်မှု ညှဥ်းပမ်းနှိပ်စက်မှုတွေလည်းရှိနေတယ် ။ ယနေ့အချိန်ထိလည်း တစ်ချို့နေရာတွေမှာ တွေ့ကြုံနေရတုန်းပါပဲ ။ ပြီးတော့ ဒီကိစ္စတွေဟာ ကျွန်တော်တို့ကို တော်တော်လေးကို ရင်ဆိုင်ဖြေရှင်းရမယ့် ပြဿနာတွေလို့ မြင်ပါတယ် ။

မေး။ နောက်ဆုံးအနေနဲ့ပေါ့နော် ၃၃ နှစ်ပြည့်အနေနဲ့ပေါ့လေ ဘာတွေများဖြည့်စွက်ပြောချင်တာများ ရှိအုံးမလည်းဗျ။

ဖြေ။  ဟုတ်ကဲ့ ၃၃ နှစ်ပြည့်မှာတော့ ကျွန်တော်တို့အနေနဲ့ ပြောချင်တာကတော့ အခုလက်ရှိ ကျွန်တော်တို့ရပ်တည်နေတဲ့ အနေအထားလေးပေါ့ဗျာ ။ တစ်ချို့တွေက သဘောမပေါက်ကြဘူးဗျ။ ကျွန်တော်တို့က ဘယ်အဖွဲ့အစည်းနဲ့မှ ကျွန်တော်တို့ မဟာမိတ်ပြုပြီးတော့မှ ပူးပေါင်းဆောင်ရွက်တာ မရှိပါဘူးဆိုတာတော့ ပြောချင်တယ် ။ အဲ့ဒီဟာကို ကောလာဟာလတွေထုတ်လွှင့်ပြီးတော့မှ တိုက်ခိုက်ချင်နေကြတယ်ဗျ။ ပြောလို့ရှိရင် ကျွန်တော်တို့ ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေးနဲ့ ဒေသတည်ငြိမ်အေးချမ်းဖို့အတွက် ကျွန်တော်တို့အနေနဲ့ အဓိကလုပ်ဆောင်နေတယ် ။ အခုလိုနိူင်ငံရေး အကြပ်အတည်း ကာလမှာပေါ့ဗျာ ။ ဒီတော့ ဒီဟာတွေဟာ ခုဏကပြောတဲ့ စကားလုံးနဲ့ပဲ ပြန်ပြောချင်တယ် ။ ဖက်ဒရယ်ကိုလေးစားတန်ဘိုးထားကြတယ်ဆိုလို့ရှိရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ပဲ ဖြစ်ဖြစ် လက်နက်ကိုင် တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေ အသိအမှတ်ပြုပြီးတော့မှ လေးလေးစားစားပြောဆိုဆက်ဆံကြရင်တော့ ကောင်းပါလိမ့်မယ် ။ ပြီးတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိူင်ငံရေး အကျပ်အတည်းတွေကို တစ်ယောက်နဲ့တစ်ယောက် အညိူးအတေး ပုံစံမျိုးတွေနဲ့ထားပြီးတော့မှ တိုက်ခိုက်သတ်ဖြတ်နေတာနဲ့ စာလို့ရှိရင် ဒါဟာနိူင်ငံရေးပြဿနာဖြစ်တဲ့အတွက်ကြောင့်မို့လို့ နိူင်ငံရေး နည်းလမ်းနဲ့အဖြေရှာပြီးတော့မှ ဖြေရှင်းနိူင်ကြလို့ရှိရင် ပိုကောင်းနိူင်ကြပါလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ အားလုံးကို တိုက်တွန်းလိုတယ် ။ ဒါကျွန်တော့်ရဲ့ အမြင်ကိုပြောပြတာပါ ။ ဘာလို့လည်းဆိုတော့ အခု စစ်ကောင်စီနဲ့ NLD နဲ့ NUG စသည်ဖြင့် PDF ဖြစ်နေတဲ့ ပြဿနာတွေ နိူင်ငံရေးအကျပ်အတည်းတွေနဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ပြည်သူလူထုတွေက အများကြီး ခံနေရတယ် ။ ပြီးလို့ရှိရင် ပညာရေး ကျန်းမာရေး လမ်းပန်းဆက်သွယ်ရေး စသည်ဖြင့်ပေါ့ဗျာ ။ ဒီအရေးပေါင်းများစွာကို သူတို့လက်နက်ကိုင်ပြီးတော့မှ တိုက်နေတဲ့အဖွဲ့အစည်းနှစ်ဖွဲ့စလုံးဟာ သူတို့တိုက်ပွဲ ဆင်နွဲနေမှုကြောင့်မို့လို့ နောက်ဆက်တွဲဆိုးကျိုးတွေကို လူထုတွေခံနေကြရတယ် ဆိုတာကို မြင်စေချင်တယ်ဗျ။ မြင်ပြီးတော့မှ သူတို့အနေနဲ့ အာဃာတတွေကို အမုန်းမထားကြပဲနဲ့ အာဃာတတွေဖြေလျော့ပြီးတော့မှ နိူင်ငံရေး ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို နိူင်ငံရေးအရပဲ အေးအေးဆေးဆေး ဖြေရှင်းသွားနိူင်ကြမယ်ဆိုလို့ရှိရင် ကျွန်တော်တို့လူထုတွေ အနေနဲ့လည်းပဲ အများကြီး သက်သာရာ ရစေနိူင်တယ်လို့ ကျွန်တော်တို့ အနေနဲ့ ပြောချင်တာပေါ့ ။ အဲ့ဒီလိုမဟုတ်ပဲနဲ့ ဆက်လက်ပြီးသာ တစ်ဖက်နဲ့တစ်ဖက် အညိူးအတေးတွေနဲ့ ထားပြီးတော့မှသာ တိုက်ခိုက်သတ်ဖြတ်နေကြမယ်ဆိုလို့ရှိရင် ကျွန်တော်တို့တိုင်းပြည်ဟာ  ဒီထက်ပိုပြီးတော့မှ နစ်နာသွားနိူင်တယ်ဆိုတာကိုတော့ ကျွန်တော်တစ်ဦးထဲအနေနဲ့တော့ ပြပေးချင်ပါတယ် ။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။

November 23, 2024
မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေတဆင့် အိန္ဒိယနိုင်ငံအထိ ...
November 22, 2024
ကချင်ပြည်နယ်အတွက် စက်သုံးဆီခွဲတမ်း( Purchase Order – PO)ကို  မြစ်ကြီးနားမြို့တစ်ခုတည်းကိုသာ...
November 20, 2024
တော်လှန်ရေးကာလ သုံးနှစ်ကျော်ကြာမြင့်လာချိန် ပင်လည်ဘူးမြို့နယ်က ကလေးငယ်တွေဟာ ကျောင်းပညာရေးကို...
November 20, 2024
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းလက်နက်ကိုင်တပ်ဖွဲ့  PSLF/TNLA...