မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း တနိုင်ငံလုံးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုများဖြစ်ပွားလာပြီး စစ်ရေးပဋိပက္ခ ပြင်းထန်လာမှုကြောင့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက ဒေသခံပြည်သူများသည် ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ဘေးရှောင်ပြည်သူများကို အိန္ဒိယဗဟိုအစိုရက လက်မခံခဲ့သော်လည်း မီဇိုရမ်ပြည်နယ်အစိုးရက နွေးထွေးစွာလက်ခံကြိုဆိုပြီး စစ်ဘေးရှောင်စခန်းများဖွင့်လှစ်ကာ ပြန်လည်နေရာချထားရေးများ လုပ်ဆောင်ပေးခဲ့သည်။
စစ်ဘေးရှောင်ပြည်သူများထဲမှ ထက်ဝက်ခန့်သည် မီဇိုရမ်ပြည်နယ် ခရိုင် ၈ ခုတွင် ဖွင့်လှစ်ထားသော Relief Camp ကယ်ဆယ်ရေးစခန်းများတွင်နေထိုင်ကြပြီး ကျန်တဝက်ခန့်မှာ စခန်းပြင်ပတွင် အိမ်ငှားနေထိုင်ကြရပါသည်။ စစ်ဘေးရှောင်ပြည်သူအများစုသည် စေတနာအလှူရှင်များ၏ လှူဒါန်းထောက်ပံ့ပေးမှုဖြင့်သာ ရပ်တည်နေကြရသည်။
ယခုဆိုလျှင် မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးတိမ်းရှောင်လာကြသည်မှာလည်း တစ်နှစ်ကျော်ရှိလာပြီဖြစ်ကာ စစ်ဘေးရှောင်ပြည်သူများ၏ ဘဝရပ်တည်မှုအခြေအနေ အခက်အခဲ စိန်ခေါ်မှုများနှင့်ပတ်သက်၍ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသော Myanmar Refugee Relief Committee- Mizoram (MRRCM) အတွင်းရေးမှူး Salai Hulian နှင့် ဆက်သွယ်မေးမြန်းထားသည်။
မေး - ပထမဆုံးအနေနဲ့တော့ ဆရာတို့ရဲ့အဖွဲ့အစည်းအကြောင်း ပြောပြလို့ရမလား။ ဘယ်တုန်းက ဘယ်လို စတင်ဖွဲ့စည်းဖြစ်ကြတာပါလဲ။
ဖြေ - မြန်မာဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့ MRRCM သည် မီဇိုရမ်ရှိ မြန်မာဒုက္ခသည်များအတွက်သာ တည်ထောင်ထားသော အကျိုးအမြတ်မယူသော အဖွဲ့အစည်းဖြစ်တယ်။ မီဇိုရမ်ကျောင်းသားသမဂ္ဂ၊ Myanmar Action Group ဒိန်းမတ်၊ ချင်းရေးရာအဖွဲ့ချုပ်၊ မြောက်အမေရိက ချင်းနှစ်ခြင်းခရစ်ယာန်အသင်း၊ ချင်းကျန်းမာရေးအဖွဲ့၊ ဒေသခံကျေးရွာ ဒုက္ခသည်များကော်မတီတွေနှင့် ဒုက္ခသည်များအတွက် လုပ်ဆောင်နေသော အခြား NGO များနှင့်ပူးပေါင်း၍ MRRCM ကို လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် မေလ ၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါတယ်။
မေး - ဆရာတို့အဖွဲ့အနေနဲ့ ဘယ်လိုကဏ္ဍတွေ၊ ဘယ်အပိုင်းတွေကို အဓိကလုပ်ဆောင်နေလဲ။
ဖြေ - MRRCM အမှုဆောင်အဖွဲ့ဝင်တွေနဲ့ ဘုတ်အဖွဲ့ဝင်တွေဟာ စေတနာ့ဝန်ထမ်းလုပ်သားတွေ ဖြစ်ကြပါတယ်။ MRRCM ဟာ မီဇိုရမ်ပြည်နယ်ရှိ ဒုက္ခသည်တွေနဲ့ စေတနာ အလှူရှင်များအကြား တံတားတစ်ခုသဖွယ် လုပ်ဆောင်ပေးတဲ့ အဖွဲ့ဖြစ်ပါတယ်။
မေး - စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံဘက်က စစ်ဘေးရှောင်ပြည်သူတွေ ဘယ်လောက်လောက်ရှိသွားပြီလဲ။
ဖြေ - စစ်ဘေးရှောင်ပြည်သူတွေ လက်ရှိ လက်လှမ်းမှီသလောက် ရေတွက်ထားတာက ၃၈၀၀၀ ကျော်ရှိပါတယ်။ မရေတွက်နိင်သေးတာနဲ့ဆိုရင် အားလုံး ဦးရေ ၄၅၀၀၀ ကျော် ရှိနိုင်မယ်ထင်ပါတယ်။
မေး - သူတို့တွေက အဓိက ဘယ်မှာနေထိုင်ကြပြီးတော့ ဘယ်လိုရပ်တည်နေကြရတာပါလဲ။
ဖြေ - မီဇိုရမ်ပြည်နယ်မှာ ခရိုင် (၁၁) ခုရှိတဲ့အနက် မြန်မာဒုက္ခသည်တွေဟာ ခရိုင် (၈) ခုအတွင်းမှာသာနေကြပြီး Champhai ခရိုင်က အများဆုံးနေရာဖြစ်တယ်။ ဒုက္ခသည်တွေထဲမှာ အရပ်သား စစ်ဘေးရှောင်ဒုက္ခသည်နဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူတွေဆိုပြီးတော့ မတူညီတဲ့ ဒုက္ခသည်တွေရှိတာ တွေ့ရပါတယ်။ အများစုကတော့ ဒုက္ခသည်စခန်းမှာနေပြီး အချို့သောသူတွေကတော့ အိမ်ဌားနေပြီး စားဝတ်နေရေးအတွက် မိမိတတ်နိုင်ရာအလုပ်တွေ ရှာဖွေလုပ်ကိုင်စားသောက်နေထိုင်ကြတယ်။
မေး - စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခက်အခဲ စိန်ခေါ်မှုတွေက ဘာလဲ၊ အဓိကလိုအပ်ချက်တွေက ဘာလဲ။
ဖြေ - လိုအပ်ချက်တွေ အများကြီးရှိသေးတယ်။ အခုလက်ရှိအခြေအနေကတော့ အလှူရှင်တွေရဲ့ ပေးကမ်းလှူဒါန်းမှုအပေါ်မှာပဲ ရပ်တည်နေကြရပါတယ်။ ဒုက္ခသည်တွေအတွက် အစားအသောက်အခက်ခဲမှုက အကြီးဆုံး စိန်ခေါ်မှုဖြစ်ပါတယ်။
မေး- ဆရာတို့အဖွဲ့အစည်းအနေနဲ့ ဘယ်လိုရံပုံငွေတွေရှာဖွေပြီးတော့ ဘယ်လိုအကူအညီတွေ ပေးနေတယ်ဆိုတာကိုလည်း သိချင်ပါတယ်။
ဖြေ - မီဇိုရမ်ပြည်နယ်အတွင်းနဲ့ နိုင်ငံတကာမှာနေထိုင်ကြတဲ့ လူတစ်ဦးချင်း၊ လူမှုအသိုင်းအဝန်းအခြေပြုအဖွဲ့အစည်းတွေ၊ NGO တွေကနေ လှူဒါန်းမှုရရှိတဲ့အပါ်မူတည်ပြီး MRRCM အနေနဲ့ အစားအသောက်၊ အဝတ်အထည်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးထောက်ပံ့မှု၊ ဆေးရုံတက်နေရသော်လည်း ငွေကြေးအခက်ခဲမှုကြောင့် ဆေးရုံစရိတ်မတတ်နိုင်သူများနဲ့ ဒုက္ခသည်စခန်းမှာရှိတဲ့ မိသားစုတွေထဲက ပိုပြီးခက်ခဲသော မိသားစုတွေကို ငွေသားနဲ့ သွားရောက်ကူညီတာတို့ လုပ်ဆောင်နေပါတယ်။ အဝတ်အစားနဲ့ အခြားသော ပစ္စည်းတွေအပါဝင် ယနေ့အထိ ကူညီထောက်ပံ့မှု ကုန်ကျစရိတ်စုစုပေါင်း ရူပီးသိန်း ၁၂၀ ဝန်းကျင် (ကျပ်ငွေသိန်း ၃၀၀၀ ခန့်) လောက်ရှိပြီ။
မေး - မီဇိုရမ်ပြည်နယ်အစိုးရဘက်နဲ့ ဒေသတွင်းအဖွဲ့အစည်းတွေဘက်ကကော် ကူညီထောက်ပံ့မှုတွေ ရရှိကြလား။
ဖြေ - အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံက စစ်ဘေးရှောင်ဒုက္ခသည်တွေကို လက်မခံပါဘူး။ ဒါပေမယ့် မီဇိုရမ်ပြည်နယ်အစိုးရကတော့ နွေးထွေးစွာနဲ့လက်ခံကြိုခဲ့ပါတယ်။ အခုဆိုရင် မီဇိုရမ်ပြည်နယ်အတွင်းမှာ လုံခြုံစွာနေထိုင်နိုင်ဖို့ ဒုက္ခသည်အသိမှတ်ပြုကဒ်တွေထုတ်ပေးနေပါတယ်။ တခြားကူညီထောက်ပံ့မှုတွေလည်း ပေးအပ်တာရှိပါတယ်။
မေး- စစ်ဘေးရှောင်ပြည်သူတွေ ကျန်းမာရေးနင့် ပညာရေးပိုင်းမှာ အခွင့်အလမ်း ဘယ်လိုအခြေနေရှိလဲ။ ပညာဆက်လက်သင်ကြားနိုင်ကြလား၊ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းကကော် ဘယ်လိုရှိလဲ။
ဖြေ- ကျန်းမာရေးနင့်ပက်သက်ပြီး Mizorm Student Union, Out Patient Department, Institute of Chin Affair, CBAMA, တို့နင့် MRRCM တို့ ပူးပေါင်းပြီးတော့ နယ်စပ်ဒေသ Zokhawthar ကျေးရွာမှာ ဆေးခန်းဖွင့်ထားပါတယ်၊ Champai မြို့မှာရှိတဲ့ Zote ဒုက္ခသည်စခန်းကိုလည်း တစ်ပတ်တစ်ကြိမ်သွားရောက်ပြီး ဆေးများ ကူညီပေးလေ့ရှိတယ်။ ပညာရေးကဏ္ဍမှာလည်း မီဇိုရမ်အစိုးရက အတတ်နိုင်ဆုံးကူညီပါတယ်။ စစ်ဘေးရှောင်တွေ အထက်တန်းနဲ့ တက္ကသိုလ်အထိ တက်ရောက်နိင်ရေးအတွက် မီဇိုရမ်အစိုရနဲ့ ကြိုးစားနေတယ်။
မေး - မြန်မာ့နိုင်ငံရေးအခြေအနေကလည်း ခန့်မှန်းလို့မရဘူး အခြေအနေက ပိုပိုလို့တောင် ဆိုးလာနေတော့ ဒီမှာ ဆက်ပြီးတိမ်းရှောင်နေရမယ့်သဘောဖြစ်နေတော့ ရေရှည်မှာ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးပိုင်း ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်လဲ။
ဖြေ - အလှူရှင်တွေရဲ့ လှူဒါန်းမှုအပေါ် ရပ်တည်နေတာကြောင့် လှူဒါန်းမှုအားနည်းလာရင်တော့ ဒုက္ခသည်တွေရဲ့ အစားအသောက်၊ ရပ်တည်ရေးပိုင်းမှာ အခက်ခဲစိန်ခေါ်မှုများ ရှိလာမှာသေချာပါတယ်။
မေး- စစ်ဘေးရှောင်အရေးနဲ့ပတ်သတ်ပြီး တခြားဘာများ ဖြည့်စွပ်ပြောချင်တာရှိပါလဲ။
ဖြေ - စစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့ မီဇိုရမ်အစိုးရရဲ့ စဉ်းမျဉ်းစည်းကမ်းတွေကိုလိုက်နာပြီး ဒေသတွင်း NGO အဖွဲ့တွေ ဒုက္ခသည်ကူညီရေးအဖွဲ့တွေ၊ ဒေသခံပြည်သူလူထုတွေအတွက် အနှောက်အယှက်ဖြစ်စေမယ့် လုပ်ရပ်မျိုးမရှိအောင် နေထိုင်ခြင်းအားဖြင့် ကူညီပေးကြပါရန် မေတ္တရပ်ခံချင်ပါတယ်။