စစ်ကောင်စီက ပြုလုပ်မည့် ထာ၀ရငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်မည် မဟုတ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း အချို့က ပြောသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ က စစ်ကောင်စီ၏ ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ခြင်း နှင့် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားသို့ ဖိတ်ကြားခြင်း ထုတ်ပြန်ချက်အပေါ် ကရင် အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီ တိုးတက်ရေး ပါတီ KNPP တို့က တုန့်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က “ကျနော်တို့ တက်ရောက်ဖို့ လည်း မရှိပါဘူး” ဟု ပြောသည်။
ထို့အတူ ကရင် အမျိုးသား အစည်းအရုံး KNU နိုင်ငံခြားရေး ဌာန တာဝန်ခံ ပဒိုစောတောနီးကလည်း “ဒါကို ကျ နော်တို့အတွက် ရှင်းရှင်းလေးပါ ဘာမှ ခေါင်းထဲမှာ ထည့်စဉ်းစားစရာ အကြောင်းမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆို တော့ သူတို့က ငြိမ်းချမ်းရေးဖြစ်စဉ် တစ်ခုလုံးကို ဖျက်ဆီး သွားတဲ့ အနေအထားအပေါ်မှာ ကျနော်တို့ကတော့ ကိုယ့်ရပ်တည်ချက်ရှင်းပါတယ်။ ဒါရှေ့ဆက်သွားဖို့ပဲ ရှိပါတယ်” ဟု ပြောသည်။
ထာ၀ရငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် ပြုလုပ်မည်ဟု စစ်ကောင်စီက ကြေညာထားသည်။
ဖေဖော်ဝါရီလ ၆ ရက်နေ့ (ယမန်နေ့)က စစ်ကောင်စီ၏ ထုတ်ပြန်ချက်ထဲတွင် အကြမ်းဖက်အုပ်စုအဖြစ် ကြေ ညာထားသည့် အဖွဲ့အ စည်းများမှအပ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများသာမက NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်ပါသည်ဟု ဆိုသည်။
ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ ကြိုတင် ကန့်သတ်ချက် မထားဘဲတတ်နိုင် သလောက် လွတ်လွတ်လပ်လပ် နှီးနှောဖလှယ်နိုင်ရန် ရည်ရွယ်ချက်ထားရှိကြောင်းလည်း အလေးထားဖော်ပြအပ်ပါသည် ဟု ထည့်သွင်းထားသည်။
စစ်ကောင်စီမှ အကြမ်းဖက် အဖွဲ့အစည်းဟု သတ်မှတ်ထားသည့် အဖွဲ့များမှာ အာဏာသိမ်းပြီးနောက် ပေါ်ပေါက် လာသည့် ပြည်ထောင်စုလွတ်တော် ကိုယ်စားပြုကော်မတီ CRPH ၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေး တပ် PDF စသည့် အဖွဲ့အစည်းများဖြစ်သည်။
ထို့အဖွဲ့များဖြင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမည် မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သာတွေ့ဆုံမည်ဟု ဆိုသည်။
ယခုပြုလုပ်မည့် စစ်ကောင်စီ၏ ထာ၀ရငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် နွေဦးတော်လှန်ရေးကာလအတွင်း အဖက် ဖက်မှ ကျရှုံးနေသည့် စစ်ကောင်စီအတွက် စစ်ရေး နိုင်ငံရေးဖက်တွင် အသာစီး ပြန်လည်ရယူချင်သည့် ပုံစံမျိုး ဖြင့် လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဦးအောင်ဆန်းမြင့် သုံးသပ်သည်။
၎င်းက ”နိုင်ငံရေးအရလည်း သူ့မှာကတော့ အဖက်ဖက်ကတော့ ကျရှုံးမှုတွေ ကများနေပြီပေါ့လေ နိုင်ငံရေး အရ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေလည်း အများကြီး ရှိနေတယ်။ ဆိုတော့ ဒါတွေကို ဒါကတော့ သူ့အနေနဲ့ ပြန် ပြီးမှ ဂုဏ်သိက္ခာဆယ်ဖို့အတွက် သူလုပ်တဲ့ပွဲပဲလို့ ကျနော်တို့ နားလည်တယ်။ နောက်တစ်ခုက စစ်ရေးအနေ အထားတွေက တကယ်လို့များ သူ့ဖက်မှာပေါ့နော EAOs တချို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကမ်းလှမ်း ချက်ကို လက်ခံမယ်ဆိုလို့ရှိရင် ဒါကတော့ တကယ့် စစ်မြေပြင်ရဲ့ အနေအထားအရပေါ့နော သူ့ဖက်က အားသာ ချက်တွေ အများကြီးရသွားနိုင်တယ်။ ဒါတွေကြောင့်ပဲလို့ ကျနော်တို့က ဒီလိုပဲ သုံးသပ်ပါတယ်နော်။ နိုင်ငံရေး အရ စစ်ရေးအရ ဆက်စပ်နေပါတယ်” ဟု ပြောသည်။
စစ်ကောင်စီက ထာ၀ရငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ NCA အပစ်မရပ်ထားသည့် အဖွဲ့များကို ထုတ်ပြန်ချက်ထဲတွင် ဖိတ်ကြားထားသော်လည်း မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့ဝင် ၃ ဖွဲ့ဖြစ်သည့် တအန်းအမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/TNLA၊ ကိုးကန့်တပ်မတော် MNDAAနှင့် ရက္ခိုင့်တပ်တော် ULA/AA တို့ တက် ရောက်မည် မဟုတ်ကြောင်း PSLF/TNLA အတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တာဘုန်းကျော်က ရွှေဖီမြေ သတင်း ဌာနသို့ ပြောကြားထားသည်။
ထို့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ ၆၁ နှစ်ပြည့် ကချင်တော်လှန်ရေး မိန့်ခွန်းထဲတွင် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် မရှိကြောင်းနှင့် စစ်ကောင်စီကို တော်လှန်ဆန့်ကျင်နေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတိုင်း အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဝန်းရံ ပေးကြရန် တိုက်တွန်းထားသည်။
စစ်ကောင်စီက ယခုပြုလုပ်မည့် ထာ၀ရငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပြီး အောင်မြင်မည့် ဆွေးနွေးပွဲဖြစ်လာမည် မဟုတ်ဘူးဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပဒိုစော တောနီး က ပြောသည်။
ပဒိုစောတောနီးက “ကျနော်တို့ ဖြတ်သန်းမှု တစ်လျှောက်လုံးမှာ အခက်အခဲ တွေ့နေရတဲ့ဟာ အဟန့်အတား တွေ့နေရတဲ့ဟာက ဘာလဲဆိုတော့ ငြိမ်းချမ်းရေး လုပ်တိုင်း လုပ်တိုင်းမှာရော ဖက်ဒရယ် ဒီမိုကရေစီကို တည် ဆောက်ဖို့ လုပ်တိုင်းလုပ်တိုင်းမှာ တကယ့်ကို ကိုးလိုကန့်လန့် လုပ်တာက စစ်တပ်ပဲ အဲဒါကြောင့်မို့ စစ်တပ်မရှိ မှပဲ ဒီဟာကို လုပ်လို့ရမယ်။ သူတို့နဲ့ စိတ်ကူးယဉ်ပြီးတော့ ဘာမှ မဖြစ်နိုင်တော့ဘူး။ဒါတွေက လွန်သွားပြီးပါပြီ ကျနော်တို့ဟာ ရှေ့ဆက်ပြီးတော့ လုပ်စရာ ရှိတာ လုပ်သွားမယ်။ နောက်ပြီးတော့ စစ်အာဏာရှင် စနစ်ကို ကျနော်တို့ ကျဆုံးအောင် လုပ်ဖို့တာ ဝန်မှာ ရှိတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ ထာ၀ရငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် ဖိတ်ကြားထားသည့် ထုတ်ပြန်ချက်ထဲတွင် တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများကို ဖိတ်ကြားထားပြီး အဆိုပါ အဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး KNU၊ ကရင် ငြိမ်းချမ်းရေးကောင်စီ KNLA/PC၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA၊ ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ပအို့ဝ် အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ မွန် ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်ကြသည်။
NCA အပစ်ရပ်စာချုပ် လက်မှတ် ရေးထိုးမထားသည့် အဖွဲ့များကိုလည်း ထုတ်ပြန်ချက်ထဲတွင် ဖိတ်ကြား ထားပြီး အဆိုပါ အဖွဲ့များမှာ “၀” ဦးဆောင်သည့် မြောက်ပိုင်း လက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် FPNCC အဖွဲ့ ဝင်များနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ ဖြစ်သည်။