မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထန်တလန်မြ်ို့မှာ စစ်ကောင်စီတပ် နဲ့ ချင်းအမျိုးသားတပ်မတော် CNA/CDF-Thantlang ပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က အနည်း ဆုံး ၅ ဦးသေဆုံးခဲ့တယ်လို့ CDF-Thantlang ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
“ ၁ ရက်နေ့ ၉ နာရီလောက်မှာ စစ်ကောင်စီတွေက တပ်ကုန်းကနေလာပြီးတော့ မြို့အလယ်ထိလောက်လာတယ် လူအင်အားနည်းနည်းတော့များတယ် ရဲစခန်းအောက်ဘက်ထိလာတယ် သူတို့ကလက်နက်ကြီးတွေအကြိမ် ၅၀ လောက်ပစ်တယ် ၁၂ နာရီတော့ ကျနော်တို့က မပစ်သေးဘူး ဒီတိုင်းပဲနေနေတယ် Silence Strike ဆိုတော့လေ ညနေပိုင်းလောက်မှာ သူတို့နားတဲ့အချိ်န်မှာပေါ့ ကျနော်တို့ကအခွင့်ကောင်းယူပြီးတော့ စနိုက်ပါနဲ့အဝေးကနေပစ်တာပေါ့ ၅ ယောက်တော့ သေတယ်လို့ယူဆရတယ် ချက်ချင်းလဲကျတာကိုး တစ်ယောက်ကတော့ ခြေထောက်ကတော့ ခြေထောက် ထိတယ် ကျနော်တို့ဘက်ကတော့ ထိခိုက်ဒဏ်ရာမရှိဘူး’’
ယခုလက်ရှိထန်တလန်မြို့မှာ စစ်ကောင်စီတပ်ရင်းတွေဖြစ်တဲ့ ၂၆၉၊ ၂၂၂ နဲ့ ၆၆ တပ်တွေ အခြေချတပ်စွဲထားကြပြီး အင်အား ၁၀၀ ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ မနေ့ကဖြစ်တဲ့တိုက်ပွဲမှာတော့ စစ်ကောင်စီဘက်က Drone နဲ့ ဗုံးကြဲတာတွေရှိခဲ့တယ်လို့လည်း CDF-Thantlang ဘက်ကပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တပ်တွေဟာ မီးလောင်မှုအကြိမ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၃၀၊ ၃၁ ရက် နဲ့ ဖေဖော် ဝါရီလ ၁ ရက်နေ့တွေမှာလည်း လူနေအိမ်တွေကို ထပ်မံမီးရခဲ့တာကြောင့် ဘုရားကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ ၉၄ လုံး ထပ်မံလောင်ကျွမ်းပြာကျခဲ့ရတယ်လို့သိရပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့ကဖြစ်ပွားတဲ့ မီးလောင်မှုတွေကြောင့် ထန်တလန်မြို့ပေါ်က ဇုန်မှုန် နဲ့ ဘုရားကျောင်းရပ်ကွက်မှာရှိ တဲ့ အိ်မ်ခြေ ၃၈ လုံးလောင်ကျွမ်းခဲ့ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ TABC ရပ်ကွက်မှာရှိတဲ့ အိမ်ခြေ ၅၅ အိမ်လောင်ကွ ျမ်းခဲ့ရသလို ယမန်နေ့ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ကျောင်းရပ်ကွက်မှာရှိတဲ့ အိမ်တစ်အိမ်မီးလောင်ပြာကျခဲ့ရတာလို့ ထန်တလန်မြို့နယ်စစ်ဘေးရှောင်အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ Thantlang Placement Affairs Committee က ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
အဲဒီမီးလောင်မှုနဲ့ပတ်သက်ပြီး CDF-Thantlang ပြောရေးဆိုခွင့်ရှိသူက ခုလိုပြောဆိုပါတယ်။
“ ၃၀ ရက်မနက် ၁၁ နာရီလောက်မှာ ကျနော်တို့က စနိုက်ပါနဲ့တစ်ယောက်ပစ်တာပေါ့နော် တစ်ယောက်လဲကျသွားတာပေါ့ နော် ညနေပိုင်း ၁ နာရီဝန်းကျင်လောက်မှာ မီးကရတာပေါ့ သူတို့ဘက်က ၃၁ ရက်မနက်ပိုင်း ၉ နာရီလောက်မှာ ကျနော်တို့က စနိုက်ပါနဲ့ထပ်ပစ်တယ် တစ်ယောက်လဲကျသွားတယ် ညနေပိုင်း ၅ နာရီဝန်းကျင်လောက်ကနေ မီးကစလောင်တာပေါ့နော် ၁ ရက်နေ့မှာတော့အိမ်တစ်အိမ်ထပ်လောင်တယ် အဲဒါကတော့ လက်နက်ကြီးနဲ့ပစ်လို့လောင် တာပေါ့ စစ်ကောင်စီဘက်က တစ်ယောက်ကျတိုင်း သေတဲ့သူရှိတိုင်း မီးရှို့တော့တာပေါ့ ကျနော်တို့ယူဆတာပေါ့’’
အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်နေထိုင်တဲ့ ထန်တလန်မြို့မှာ ပြီးခဲ့တဲ့စက်တင်ဘာလ ၉ ရက်နေ့ ကစပြီး စစ်ကောင်စီတပ်က လူနေအိမ်တွေစတင်မီးရခဲ့တာဖြစ်ပြီး စက်တင်ဘာလကနေ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ မီးလောင်မှုအနည်းဆုံး ၂၃ ကြိမ်လောက်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီမီးလောင်မှုတွေကြောင့် ထန်တလန်မြ်ို့ပေါ်က ဘုရားကျောင်း ၈ ကျောင်းအပါအဝင် အိမ်ခြေတစ်ထောင်နီးပါး လောင်ကျွမ်းပြာကျခဲ့ရပြီး ဒါဟာ ထန်တလန်မြို့တစ်မြို့လုံးရဲ့ ထက်ဝက်လောက်ပျက်စီးသွားတာလည်းဖြစ်ပါတယ်။
ထန်တလန်မြို့ကပြည်သူအားလုံးကတော့ မီးစတင်လောင်ကျွမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်စက်တင်ဘာလကုန်ပိုင်းကတည်းက မြို့ကို စွန့်ခွါပြီး နယ်စပ်ဘက်နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတာဖြစ်ပါတယ်။