မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ နစက တပ်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ ပိုမို များပြားလာပါတယ်။
ဘီးလင်းမြိုနယ်က စစ်ဘေးရှောင်ပြည်သူ ၃၀၀၀ကျော် ရှိလာပြီ ဖြစ်ပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်အတွင်းမှာ အခုရက်ပိုင်း အအေးဓာတ် ပိုမို လွန်ကဲလာပါတယ်။ စစ်ဘေးရှောင် သက်ကြီးရွယ်အို၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်ချက်တွေ အများကြီးရှိနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ တစ်ဦးက ပြောပါတယ်။
"သူတို့အတွက် အဓိကလိုနေတာက ဆန်၊ စားနပ်ရိက္ခာပေါ့။ သူတို့တွေ ဝဝလင်လင် စားရဖို့ပေါ့။ နောက်ပြီး အခုက အေးစိမ့်နေတဲ့အချိန် တောထဲတောင်ထဲမှာ ပို အေးစိမ့်တယ်။ သူတို့အတွက် အနွေးထည်တွေ၊ စောင်တွေ လိုတယ်။ သူတို့ထဲမှာ အသက် တော်တော်ကြီးနေတဲ့သူတွေ၊ ကလေးသေးသေးလေးတွေပါ ပါတယ်။ သူတို့တွေကို အမိုးအကာရှိတဲ့ နွေးထွေးတဲ့နေရာ ထားဖို့လို အပ်တယ်" လို့ ပြောပြပါတယ်။
လက်ရှိမှာတော့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေနဲ့ အအေးဒဏ်ကို ခုခံကာကွယ်နိုင်မယ့် အမိုးအကာတွေ၊ အနွေးထည်၊ စောင်တွေ လိုအပ်နေတယ်လို့ ထပ်လောင်းပြောပြပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေလည်း ပါဝင်နေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့လည်း လိုအပ်နေတဲ့ အခြေအနေ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇီဇင်ဘာလ တတိယအပတ်ကနေ စပြီး နစက တပ်၊ BGF ပူးပေါင်းတပ်နဲ့ KNLA တပ်မဟာ (၁)တို့အကြားမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ဘီးလင်းမြို့နယ် ကျသောင်းဆိပ်ကျေးရွာနေ ပြည်သူ ၂၀၀၀ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
အခုလအတွင်းမှာလည်း နှစ်ဖက် တိုက်ပွဲဖြစ်ပွားရာမှာ နစက တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက်ကြောင့် ကုန်းရွာ ထော်ကလ်ောထာ့၊ ပျဉ်းမပင်ဆိပ်၊ ထီးဖားဒိုးခီးအပါအဝင် ကျေးရွာတစ်ချို့မှ ဒေသခံ ၁၀၀၀ကျော် ထပ်မံ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောထဲ တောင်ထဲကို ထွက်ပြေးတိမ်းရှောင်ကြသလို ဆွေမျိုးတွေရှိရာ ကျိုက္ကော်၊ သထုံ စတဲ့ နီးစပ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်ကြရပါတယ်။
ကျိုက်ထိုမြို့နယ်ကို စစ်ဘေးရှောင်လာသူ တစ်ဦးက "သူများတွေလည်း နီးစပ်ရာဆွေမျိုးအိမ်တွေကို ပြေးကြတယ်။ တောထဲပြေးတဲ့သူလည်းပြေးတယ်။ ကျွန်မနဲ့သားက အရင်ဆုံးသူတို့နဲ့အတူ ပြေးတယ်။ တောထဲမှာ ခဏ ပြေးကြ ရှောင်ကြတယ်။ နောက်တော့ ကျိုက်ထိုက အကိုအိမ်ကို မရောက်ရောက်အောင် လာခဲ့တာပေါ့။ ဒီမှာက ပိုပြီး လုံခြုံပါတယ်။ သားလေးက အခုဆို ၅နှစ်ရှိပြီ။ ကလေးက အရမ်းလန့်နေတာပေါ့" လို့ ပြောပါတယ်။
စစ်ဘေးရှောင်နေတဲ့အချိန်အတွင်းမှာ သေနတ်သံတွေ၊ ပစ်ခတ်သံ အော်ဟစ်ညည်းညူသံတွေကြောင့် ည ညဆို အိပ်မပျော်ဘဲ အမြဲတမ်း ထိတ်လန့် စိုးရွံ့နေခဲ့ရတယ်လို့ ဆက်လက် ပြောြပပါတယ်။
တိုက်ပွဲအခြေအနေ မတည်ငြိမ်သေးတဲ့အတွက် စစ်ဘေးရှောင်တွေကို လိုအပ်နေတဲ့ ပစ္စည်းတွေ ထောက်ပံ့ရာမှာလည်း အခက်အခဲတွေ ရှိနေပါတယ်။
သထုံခရိုင်အတွင်း အစစ်အဆေး အမေးအမြန်း များနေတာ ဖြစ်တဲ့အတွက် သွားလာရာမှာလည်း အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
"အခုအခြေအနေက စောင်တွေ အနွေးထည်တွေ သွားပြီး ထောက်ပံ့ပေးမယ်ဆိုရင်တောင် စစ်ဘေးရှောင်လို့မထင်ဘူး။ သူတို့မသင်္ကာတာနဲ့ ဖမ်းတယ်။ စစ်တယ်ဆိုတော့ သွားလာဖို့အတွက်က အရမ်းကို ခက်ခဲနေတယ်"လို့ ပြောပါတယ်။
ဒါပေမယ့် တတ်နိုင်တဲ့ဘက်ကနေ စစ်ဘေးရှောင်တွေကို အကူအညီ အထောက်အပံ့ပေးသွားမှာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။
မွန်ပြည်နယ်အတွင်းမှာတော့ ကျိုက်ထိုနဲ့ ဘီးလင်းမြို့နယ်က စစ်ဘေးရှောင် ၃၉၀၀ကျော် ရွှေ့ပြောင်းတိမ်းရှောင်နေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့က စပြီး လက်ရှိအချိန်ထိ မြန်မာနိုင်ငံတောင်ပိုင်း ဒေသအတွင်းမှာ စစ်ဘေးဒုက္ခသည်ပေါင်း တစ်သိန်း နှစ်သောင်း ကျော်လာပြီ ဖြစ်တယ်လို့ သိရပါတယ်။