ယိုယွင်းနေပြီဖြစ်သည့် ချင်းပြည်နယ် ပညာရေး

ယိုယွင်းနေပြီဖြစ်သည့် ချင်းပြည်နယ် ပညာရေး

ကိုဗစ်ရောဂါပျံ့နှံ့လာမှုနှင့် စစ်ကောင်စီမှ အာဏာသိမ်းမှု နောက်ပိုင်းဖြစ်ပွားလာသည့် ပဋိပက္ခများရဲ့ နောက်ဆက်တွဲအနေနဲ့ တစ်နိုင်ငံလုံး ကျောင်းတွေ နောက်ကျခဲ့ရသလို ချင်းပြည်နယ်တွင်လည်း လက်ရှိ ကျောင်းများအချို့ ပြန်ဖွင့်လာချိန်တွင်လည်း ကျောင်းတက်ရောက်ရမည့် အရေးနှင့်ပတ်သက်ပြီး စိန်ခေါ်မှုက တစ်လုံးတစ်ခဲတည်း ဖြစ်လို့နေသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယခင်ကျင်းပခဲ့သည့် ပုံမှန်လအတိုင်း ပြန်လည်ကျင်းပဖို့ စစ်ကောင်စီလက်အောက် ပညာရေးဝန်ကြီးဌာန၊ စာစစ်ဦးစီးဌာနမှ ထုတ်ပြန်ခဲ့ပြီးနောက် ဒုတိယအကြိမ်အထိ လျှောက်လွှာလက်ခံရက်ကို ထပ်မံတိုးမြှင့်ခဲ့သည်။

လျှောက်လွှာများ ထပ်မံတိုးမြှင့်လိုက်သည့်အပေါ် မိဘများမှ နိုင်ငံရေးအခြေအနေအရ လျှောက်လွှာမ တင်ကြခြင်း၊ လုံခြုံရေးအခြေအနေများကြောင့် လျှောက်လွှာများမတင်ကြခြင်းဖြစ်ကြောင်း သုံးသပ် ပြောဆိုကြသော်လည်း ချင်းပြည်နယ် ပညာရေးမှုးမှ ပထမအကြိမ်ကြေညာမှုတွင် အကြောင်း အမျိုးမျိုးကြောင့် မသိလိုက်၊ လျှောက်လွှာမတင်လိုက်ရသူများအတွက် ပြန်ပြီး အချိန်တိုးမြှင့်ပေး လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ချင်းပြည်နယ် ပညာရေးမှုးက “ လျှောက်လွှာလက်ခံမယ့် ရက်ကို ထပ်တိုးတာကတော့ စာမေးပွဲဖြေဆိုမယ့် သူတွေ ပထမအကြိမ် လျှောက်လွှာခေါ်တဲ့ဟာကို မသိလိုက်လို့၊ အားလုံးကို ဖြေဆိုစေချင်လို့ ပဲဖြစ်မှာပါ” ဟုပြောသည်။

လက်ရှိအချိန်ထိ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မင်းတပ်မြို့နယ်၊ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်၊ ကန်ပက်လက်မြို့နယ်များတွင် ကျောင်းများပင် မဖွင့်လှစ်နိုင်သေးပေ။ ပြည်နယ် ပညာရေးမှုး ပြောဆိုချက်အရ တက္ကသိုလ်စာမေးပွဲဖြေဆိုရန် လျှောက်လွှာတင်သွင်းသူ မတူပီမှ ၁၀၀ ဦးရှိသည်ဟုဆိုထားပြီး ဖလမ်းမြို့၊ တီးတိန်မြို့နှင့်တွန်းဇံမြို့တို့မှ စာရင်းများကို မသိရှိရသေးကြောင်း ဆိုသည်။

စစ်ပွဲပြင်းထန်မှုမရှိသည့် ပလက်ဝမြို့ပေါ်တွင်မူ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ခြေရှိနေသည်။ ပလက်ဝမြို့နယ်တွင်းသည်လည်း ရက္ခိုင့်တပ်မတော်နှင့်မြန်မာတပ်မတော်တို့အကြား စစ်ပွဲပြင်းထန်ခဲ့မှုကြောင့် ကျောင်းများပင် ကောင်းမွန်စွာမဖွင့်လှစ်နိုင်ခဲ့သည့် ဒေသဖြစ်သည်။ ချင်းပြည်နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ပုံမှန်ကျင်းပနိုင်သည့် နှစ်များတွင် စာမေးပွဲဖြေဆိုသူ တစ်သောင်းဝန်းကျင်ရှိခဲ့သော်လည်း ၂၀၂၂ မတ်လတွင်မူ စာမေးပွဲကျင်းပနိုင်မည်ဆိုပါကလည်း ရာဂဏန်းဝန်းကျင်သာ စာမေးပွဲဖြေဆိုသူရှိမည့် အခြေအနေဖြစ်သည်။

ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်အား ငါးနှစ်အတွင်းပြန်ကြည့်လျှင် ၂၀၁၇ ခုနှစ်တစ်ခုတည်းသာ ရခိုင်ပြည်နယ်အောင်ချက်၏အထက်တွင် ရှိခဲ့ပြီး ကျန်နှစ်များတွင် တစ်နိုင်ငံလုုံး၏ အောင်ချက်အနိမ့်ဆုံးဖြစ်သည်။

ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးတွေမှာ နှစ်စဉ်အောင်ချက်ရာခိုင်နှုန်း ၃၀ နှင့် ၄၀ အကြားရှိချိ်န်တွင် ချင်းပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်မှာ နှစ်စဉ် အောင်ချက်ရာခိုင်နှုန်း ၂၀ အောက်တွင်သာ ပုံမှန်ရှိ်နေခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်မူ ဆယ်နှစ်အတွင်း အဆိုးဆုံး အောင်ချက်ဖြင့် ၈ ရာခိုင်နှုန်းသာရှိခဲ့သည်။

၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးအောင်ချက်အကောင်းဆုံး ဧရာဝတီတိုင်းမှ ၅၀ ရာခိုင်နှုန်းကျော်ရှိချိန်တွင် ချင်းပြည်နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၁၇ ရာခိုင်နှုန်း သာရှိခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် ၁၄.၃၆ ရာခိုင်နှုန်း၊ ၂၀၁၇ ခုနှစ်တွင် ၁၉.၄ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ်တွင် ၁၆.၄ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ်တွင် ၁၉.၅၉ ရာခိုင်နှုန်း နှင့် ၂၀၂၀ ခုနှစ်တွင် ၂၁.၀၂ ရာခိုင်နှုန်းရှိခဲ့သည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ ၄ သိန်း ၇ သောင်းကျော်ရှိသည်ဟု ဖော်ပြထားသည်။ ချင်းပြည်နယ်တွင် နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ယခင်နှစ်များကတည်းက ၉ ထောင်ကျော်ပုံမှန်ရှိခဲ့ပြီး ၂၀၁၈ မှစပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ၁ သောင်းကျော်ပုံမှန်ရှိလာခဲ့သည်။

ထို့အပြင် တက္ကသိုလ်ဝင်တန်းဖြေဆိုမှုတွင် ဖြေဆိုခွင့်ရှိသူ ဦးရေအတိုင်း နှစ်စဉ်ဖြေဆိုမှုမရှိသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ယခင်ဆယ်နှစ်အတွင်း ပြန်ကြည့်လျှင် နှစ်စဉ်ဖြေဆိုခွင့်ရှိသူဦးရေ၏ ၈၀ % ကျော်ဝန်းကျင်သာ အမှန်တကယ် စာမေးပွဲဖြေဆိုသူရှိသည်ကို တွေ့ရသည်။ ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုခွင့်ရှိသူဦးရေမှ အမှန်တကယ်စာမေးပွဲဖြေဆိုသူမှ ၈၉ ရာခိုင်နှုန်းနှင့် ၈၇ ရခိုင်နှုန်း ရှိခဲ့သည်။

အခုလို တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်းဟာ တစ်နိုင်ငံလုံးမှာ ချင်းပြည်နယ်ဟာ အမြဲနည်းနေရခြင်းရဲ့ အဓိကပြသနာတွေအနေနဲ့ ကိုယ့်စာပေဖြင့် သင်ရိုးညွှန်းတမ်းနှင့် ပညာမသင်ကြားရခြင်း၊ အခြေခံပညာ အောက်သက်မကျေနက်ခြင်း၊ အရည်အချင်းပြည့်မီသည့် ဆရာ/မများ လုံလောက်စွာ ခန့်ထားနိုင်မှုမရှိခြင်း နှင့် ဆင်းရဲမှုဒဏ်များကြောင့် ပညာရေးပိုင်း ဦးစားမပေးနိုင်ခြင်း စသည့်ပြသနာများကြောင့် ဟုသုံးသပ်ကြသည်။

အထက်တန်းပြဆရာမတစ်ဦးက တက္ကသိုလ်ဝင်တန်းအောင်ချက် အမြဲနည်းရခြင်း၏ အကြောင်းချက်တစ်ခုတွင် အထက်တန်း အဆင့်ကို ရောက်လာသည့် ကျောင်းသူ/သားများ၏ အောက်ခြေပညာရေးကို မကျေကြခြင်းနှင့် အခြေခံကျောင်းများတွင်လည်း အရည်အချင်းပြည့်ဝသည့် ဆရာ/မများလုံလုံလောက်လောက်မခန့်နိုင်ခြင်း ကြောင့်ဟု ပြောသည်။

ချင်းပြည်နယ်အတွင်းရှိ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်ကြကြောင်း UNICEF ၏စစ်တမ်းတွင်လည်း ဖော်ပြထားသကဲ့သို့ ၂၀၁၄ သန်းခေါင်စာရင်းတွင်လည်း ကျေးလက်ဒေသတွင် နေထိုင်မှုမှာ ၅၀ ရာခိုင်နှုန်းနှင့်အထက်ဖြစ်သည်ဟု ဖော်ပြထားသည်။ အစိုးရအနေဖြင့် နှစ်ပေါင်းများစွာ ကျောင်း/ဆရာမများကို လုံလောက်စွာ အခန့်နိုင်ခြင်းကြောင့် ကျေးလက်ဒေသများတွင် ကျောင်းဆရာ/မအတတ်သင်ပညာရပ်များ မသင်ယူမတတ်မြောက်သေးသည့် တက္ကသိုလ်ကျောင်းသူ/သား၊ တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်သူများမှ အားဖြည့်ကာ အကူဆရာ/မများအဖြစ်သင်ကြားရသည်။

အထက်တန်းပြ ကျောင်းဆရာမတစ်ဦးက “ ချင်းပြည်နယ်မှာက အခြေခံကျောင်းတွေ တက်တာက ကျေးလက်ဒေသမှာပိုများတယ်။ ကလေးတွေက ဗမာစကားလည်းမရကြဘူး။ သင်ရိုးညွှန်းတမ်းတွေကလည်း ဗမာလိုဆိုတော့ အများကြီးအခက်အခဲဖြစ်တယ်။ မအောင်မနေရ စနစ်နဲ့ တစ်တန်းပြီးတစ်တန်း အောင်လာကြပြီး အထက ကျောင်းတွေရောက်လာချိန်မှာ ဘယ်လိုမှလုပ်လို့မရတော့တာမျိုးတွေ အများကြီးရှိတယ်” ဟုပြောသည်။

နောက်ပိုင်းတွင် မြို့ပေါ်နေ ကျောင်းသူ/သားများ၏ မိဘများမှ အထက်တန်းကျောင်းကို မိမိဒေသတွင် မတက်ရောက်စေတော့ပဲ ရန်ကုန်၊ မန္တလေး နှင့် အခြားပုဂ္ဂလိက ကျောင်းများသို့ ကျောင်းပို့မှုလည်း များလာသည့်အတွက် ချင်းပြည်နယ်အတွင်း ဂုဏ်ထူးရနှုန်း၊ အောင်ချက်ရာခိုင်နှုန်းများတွင်လည်း နည်းစေသည့် အချက်ဖြစ်သည်ဟု ကလေးမြို့ ကိုယ်ပိုင်အထက်တန်းကျောင်းဖွင့်လှစ်သူ ကျောင်းအုပ်တစ်ဦးက ပြောသည်။

ကိုဗစ်ရောဂါ မြန်မာနိုင်ငံတွင် ပြန့်ပွားမှု ပြင်းထန်လာခြင်းကြောင့် ကျောင်းများပိတ်ထားသည်မှာလည်း နှစ်နှစ်ဝန်းကျင်ရှိလာသည်နည်းတူ ၂၀၂၁ ဖေဖော်ဝါရီလ (၁) ရက်နေ့ တွင် စစ်တပ်မှ အာဏာသိမ်းလိုက်သည့် အပေါ် လက်မခံနိုင်ကြသည့် ကျောင်းဆရာ/မ များစွာ Civil Disobedience Movement (CDM) လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည့်အတွက် ကျောင်းပြန်ဖွင့်ချိန်တွင်လည်း အခက်အခဲများစွာရှိနေသည်။

ချင်းပြည်နယ်အတွင်း CDM လှုပ်ရှားမှုတွင် ဌာနပေါင်းစုံမှ ၁ သောင်းခွဲကျော် ပါဝင်ခဲ့ကြပြီး ပလက်ဝမြို့နယ်တွင်းမှ ပါဝင်သူအင်အားနည်းသော်လည်း ကျောင်းဆရာ/မ အများစုပါဝင်ကြောင်းသိရသည်။ ချင်းပြည်နယ်အတွင်း အစိုးရဝန်ထမ်းပေါင်း ၂ သောင်းကျော်ရှိသည့်အတွက် ၇၀ ရာခိုင်နှုန်းနှင့်အထက် CDM လှုပ်ရှားမှုတွင် ပါဝင်သွားကြသည်ဟု ဆိုရမည်ဖြစ်သည်။ CDM စာရင်းကောက်သည့် အဖွဲ့အစည်းများ၏ စာရင်းအရ ကန်ပက်လက်မြို့နယ်တွင် ၇၀၀ ကျော်၊ ထန်တလန်မြို့နယ်တွင် ၁၄၀၀ ကျော်၊ ဟားခါးမြို့နယ်တွင် ၂၉၅၄ ကျော်၊ မင်းတပ်မြို့တွင် ၂၇၀၀ ကျော်၊ ပလက်ဝမြို့တွင် ၁၄၆ ဦး၊ တီးတိန်မြို့နယ်တွင် ၂၃၀ ကျော်၊ တွန်းဇံမြို့နယ်တွင် ၇၇၄ ကျော်၊ ဖလမ်းမြို့နယ်တွင် ၁၉၈၀ ကျော်၊ မတူပီမြို့နယ်တွင် ၁၆၃၀ ကျော်ရှိသည်ဟု သိရသည်။ ထိုသို့ CDM ဝင်သည့် ဝန်ထမ်းအများဆုံးမှာ ပညာရေးဌာနမှ ဝန်ထမ်းများဖြစ်သည်။

၂၀၂၀ ခုနှစ်ကတည်းက ကိုဗစ်ရောဂေါကြောင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ ပိတ်ထားခဲ့ရပြီး ယခုအခါ ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားမှုများ၊ ကျောင်းလက်ခံမှုများကို ၂၀၂၁ နှစ်ကုန်ပိုင်းကတည်းကဆောင်ရွက်လာခဲ့သော်လည်း တက်ရောက်သူမရှိသလောက် နည်းပါးခဲ့သည်။ ချင်းပြည်နယ်တွင် အခြေခံပညာကျောင်းအများစုမှာ ပဋိပက္ခအခြေအနေများကြောင့် ကျောင်းများဖွင့်လှစ်နိုင်ခြင်း မရှိသကဲ့သို့ အကယ်၍ ကျောင်းများဖွင့်လှစ်လာနိုင်လျှင်လည်း ယခင်ကတည်းက ကျောင်းဆရာ/မ များလုံ လောက်မှုမရှိသည့် အခြေအနေဖြစ်သည့်အတွက် ပို၍ပင် ဆိုးရွားလာမည်သာဖြစ်သည်။

CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ကျောင်းဆရာတစ်ဦးက “ စစ်အာဏာသိမ်းတာကို လက်မခံကြလို့ ဆရာ/မတွေ CDM လုပ်ကြတယ်။ မလုပ်ကြတဲ့သူတွေလည်း ရှိတာပေ့ါ။ အဓိကပြောချင်တာကတော့ မိဘတွေအနေနဲ့စဉ်းစားစေချင်တာက ကိုယ့်ကလေးတွေရဲ့ ရေရှည်အတွက် စဉ်းစားဖို့ လေးလေးနက်နက်လို အပ်ပါတယ်။ ကျောင်းမတက်တာထက်စာရင် လက်ရှိ စစ်ကောင်စီ အောက်ကနေ ကျောင်းဖွင့်နေတဲ့ နေရာတွေမှာ ကျောင်းတက်သင့်ပါတယ်လို့ စဉ်းစားတဲ့သူတွေလည်း အများကြီးရှိမှာပါ။ အဲဒါကတော့ မှားယွင်းနေတယ်လို့ပဲ ပြောချင်ပါတယ်။ နှစ်ပေါင်းများစွာ စစ်အာဏာရှင် အောက်နေ ကျောင်းတက်ခဲ့တဲ့ ကျွန်တော်တို့က ပညာရေးစနစ်ကြီးရဲ့ အခြေအနေမကောင်းဘူးဆိုတာ ကြီးကိုသိလို့ အခုလို ကျွန်တော်တို့ကလည်း CDM လုပ်ရတာဖြစ်တယ်ဆိုတာ သိထားပေးစေချင်တယ်” ဟုပြောသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီလက်အောက်၌ အခြေခံကျောင်းပညာသင်ကြားမှုကို ဆောင်ရွက်နေသည့် ကျောင်းမှ ဆရာ/မများကိုလည်း ဒေသကာကွယ်ရေးတပ်အဖွဲ့အစည်းဖြစ်သည့် CNO/CNDF မှ စစ်ကောင်စီအောက်တွင် သစ္စာခံပြီး ကျောင်းတက်ခြင်းမပြုရန် နှင့် ဆက်လက်သစ္စာခံနေပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု ဇန်နဝါရီလ (၂၃) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထိုသို့ထုတ်ပြန်ပြီး မကြာမီတွင် ဖလမ်းမြို့ပေါ်၌ CDM ဝန်ထမ်းများအချို့ဖမ်းစီးခံရပြီး ပညာရေးဝန်ထမ်းများ အများစုဖြစ်သည်။

CDM ဝန်ထမ်းဖြစ်သည့် ကျောင်းသားမိဘတစ်ဦးဖြစ်သူက “အာဏာရှင်အစိုးရလက်အောက်မှာဆိုရင် ကိုယ့်လူမျိုးတွေရဲ့ အထင်ကရပုဂ္ဂိုလ်တွေရဲ့ အကြောင်းတွေလည်း မသင်ကြားရသလို သမိုင်းအမှားတွေပဲ သင်ကြားရတယ်။ ကိုယ့်စာပေတွေလည်း သင်ကြားခွင့်မရသလို လူမျိုးပျောက်တဲ့အထိ ဖြစ်စေတယ်။ ဒါတွေက ကျောင်းကနေစတာပဲဖြစ်တယ်။ ဦးနှောက်တွေ အပိတ်ခံရတယ်။ အတွေးအမြင်တွေ ပိတ်စေတယ်။ ကျွန်တော်တို့ သားသမီခေတ်မှာတော့ မကောင်းတဲ့ အစိုရအောက်ကနေ သင်ကြားတဲ့ ပညာရေး စနစ်ပပျောက်ပါစေ။ ကျွန်တော်တို့ ချင်းပြည်ကြီး ပြန်လည်ထူထောင်ဖို့ဆိုရင် ပညာရေးဟာ အင်မ တန်အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ လူမျိုးကြီးဖြစ်တယ်။ အစေခံစိတ်ဓာတ်တွေ စွန့်ပယ်ပြီး မကောင်းတဲ့ စနစ်အောက်မှာ ကျောင်းတွေမအပ်ပဲ ဆက်ပြီးတော်လှန်ကြပါစို့” ဟုပြောသည်။

လက်ရှိအချိန်တွင် ထန်တလန်မြို့နယ်၊ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်တွင်းရှိ ချင်းအမျိုးသားတပ်မတော် CNA နှင့် ချင်းဒေသကာကွယ်ရေးတပ်မတော် CDF တို့၏ ထိန်းချုပ်နယ်မြေအတွင်းရှိကျေးရွာအချို့တွင် အခြေခံကျောင်းများဖွင့်လှစ်ကာ စေတနာ့ဝန်ထမ်းများမှ ကျောင်း စာများ သင်ကြားပေးလျက်ရှိသည်။ ထိုသို့ စာသင်ကြားပေးရာတွင်လည်း ကလေးများ၏ သင်ထောက်ကူပစ္စည်းများအတွက် လိုအပ်ချက်များနေသကဲ့သို့ အချို့သင်ထောက်ကူပစ္စည်းပေးပို့မှုများကို စစ်ကောင်စီတပ်မှ စစ်ဆေးရေးဂိတ်များတွင် တားစီးပိတ်ပင် သိမ်းယူမှုများရှိကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှလည်း သတင်းကြေညာချက်ထုတ်ပြန်ခဲ့သည်။

တက္ကသိုလ်ကျောင်းဆရာတစ်ဦးက “ကိုယ့်သားသမီးတွေကို ပညာရေးနဲ့ အလှမ်းမဝေးစေဖို့ ဖြစ်နိုင်ရင် စစ်ကောင်စီလက်အောက်ကနေ ဖွင့်လှစ်တဲ့ ကျောင်းတွေမှာ မတက်ပဲ၊ အပြင်ကနေ ဖွင့်တဲ့ ကျောင်းတွေမှာ တက်စေချင်တယ်။ အခုဆိုရင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်တဲ့ ဒေသတွေမှာ ကျောင်းတွေ စဖွင့်နေတာတွေရှိနေပြီ။ အဲဒီကျောင်း တွေမှာ ကိုယ့်ကလေးတွေကို တက်ထားစေချင်တယ်” ဟုပြောသည်။

လက်ရှိအခြေအနေတွင် ချင်းပြည်နယ်အတွင်း ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် ကျောင်းနေအရွယ်များ ကျောင်းမနေနိုင်သည့်အပြင် စစ်ဘေးရှောင်နေရသည့် အနေအထားဖြစ်သည်။ နှစ်နှစ်ကျော်ကြာ ကျောင်းများမဖွင့်နိုင်ခြင်းနှင့် ကျောင်းဖွင့်လာလျှင်လည်း ဆရာ/မများမလုံလောက်ခြင်း၊ လုံခြုံရေးအခြေအနေ အကြောင်းအမျိုးမျိုးကြောင့် ချင်းပြည်နယ်အတွင်း ပညာရေးစနစ်နလန်ပြန်ထူနိုင်ရေးသည် အလွန်အရေးကြီးသည့် မေးခွန်းတစ်ရပ်အနေဖြင့် ရှိနေပေသည်။

Most read this week

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့က ကလေး ၃ ယောက်မိခင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး...
November 23, 2024
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ...