“ကိုယ့်အိမ်ကိုယ့်ယာ နဲ့မနေရတော့ဘူးဆိုကတည်းက နေ့တိုင်းစိတ်ဓာတ်ကျရတာချည်းပဲ” နိုဝင်ဘာလလယ်ပိုင်းလောက်ကနေ စတင်ဖြစ်ပွားလာသည့် ကလေးမြို့တောင်ပိုင်းက စစ်ပွဲတွေဟာပြင်းထန်နေလို့ ဒီဇင်ဘာလကုန်ပိုင်းမှာ ကလေးမြို့တောင်ပိုင်း ဟားခါးလေးကျေးရွာကနေ ကလေးမြို့ဖက်ကို စစ်ဘေးတိမ်းရှောင်သူ အမျိုးသမီးတစ်ဦးက ညည်းတွားလိုက်ခြင်းဖြစ်သည်။
နတ်ချောင်းကျေးရွာတွင်း တိုက်ပွဲပြင်းထန်မှုကနေမှ တစ်ဆင့် တစ်ရွာပြီးတစ်ရွာ စစ်ပွဲတွေဖြစ်ပွားလာသည့်အတွက် စစ်ဘေးရှောင်များသည်လည်း တစ်ရွာပြီးတစ်ရွာသို့ စစ်ဘေးရှောင်ရာ ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့အထိရောက်ခဲ့ကြရာကနေ စစ်ကောင်စီတပ်မှလည်း ဝေဘူလအထိ စစ်ကြောင်း ဆက်လက်ချီတက်တိုက်ခိုက်လျက်ရှိသည်။ စစ်ဘေးရှောင်များသည်လည်း ရရာနည်းလမ်းနဲ့ ကလေးမြို့ဖက်ကို စစ်ဘေးတိမ်းရှောင်ကြရလျက်ရှိသည်။
စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးက “အဓိကတော့ ရွာဖက်ကို အမြဲစိတ်ပူတယ်။ စစ်ဘေးရှောင်တာကလည်း တစ်ခြားနေရာကို သွားခိုရတာဆိုတော့ အစစအရာရာ လူတွေကို အားနာရတယ်။ အခက်အခဲလည်း ပေါင်းစုံပဲ။ တစ်ခုနဲ့တစ်ခုမတူကြဘူး။ ရွာမှာ အဓိက ကိုယ်မွေးမြူတဲ့ တိရိစ္ဆာန်တွေဘယ်လို ဖြစ်နေမလဲ။ အိမ်ကော ဘယ်လိုဖြစ်နေလောက်ပြီလဲ ဆိုတာတွေ စိတ်ပူတာတွေအများကြီးပဲ။ ပြီးတော့ ဒီရာသီဆိုရင် ပဲခင်းလုပ်နေရင်းတန်းလန်းဖြစ်တော့ အလုပ်တွေလည်း တန်းလန်းကြီးဖြစ်တာပေါ့” ဟုပြောသည်။
နိုဝင်ဘာလ (၂၇) ဝန်းကျင်မှစ၍ တပ်မ (၂၂) တံဆိပ်တပ်ဆင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့များမှ ကလေးမြို့နယ်တောင်ပိုင်း တင်သားကျေးရွာနှင့် မြစ်သာမြစ်အရှေ့ဖက်ကမ်းရှိ အင်းကျွန်း၊ ရေရှင်၊ လယ်ခြား၊ ကက္ကိုလ်ကျေးရွာများအား အင်အားရာဂဏန်းရှိသော စစ်ကြောင်းများဖြင့် စတင်တိုက်ခဲ့သည်။
နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်အတွင်း ရေရှင်ကျေးရွာတွင် လူနေအိမ် ၁၅ လုံးခန့်၊ နွားတောင်ပေါ်ရှိ တောတိုက်အိမ် ၁၀ လုံးခန့်၊ လယ်ခြားကျေးရွာတွင် နေအိမ် (၃) အိမ်ကို ဖျက်စီးခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး (၁) ဦးသေဆုံးခဲ့သည်။ အဆိုပါ နိုဝင်ဘာလကုန်ပိုင်းနှင့် ဒီဇင်ဘာလ နှစ်ဆန်းပိုင်း တိုက်ပွဲများကြောင့် တင်သား၊ ကျောက်ဖူး၊ ဒိုးနွယ်၊ အရှေ့စည်း၊ အင်းကျွန်း၊ ရေရှင်၊ ကုက္ကိုလ်၊ လယ်ခြား၊ ရှားတော ကျေးရွာများမှ ပြည်သူ စုစုပေါင်း ၁ သောင်းဝန်းကျင် ဘေးကင်းရာကို တိမ်းရှောင်ထွက်ပြေးခဲ့ရပြီးဖြစ်သည်။
ထို့နောက် ဒီဇင်ဘာလ (၇) ရက်နေ့မှ စတင်ပြီး ကလေးမြို့နယ် နတ်ချောင်းကျေးရွာအတွင်း ရှိ ရန်ကင်းကျောင်း၊ အောင်ဆုပန်ဘုန်းကြီးကျောင်းများတွင် စတင်တပ်စွဲခဲ့ရာ ကလေး ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ဆက်လက်နေရာယူ တပ်စွဲထားမည်ဆိုပါက နည်းလမ်းပေါင်းစုံဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကလေးမြို့အနောက်တောင်ဖက်ပိုင်းတွင်း စစ်ကောင်စီတပ်နှင့် Kalay – PDF, CNDF တို့အကြား ဒီဇင်ဘာလ (၂၀) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများရှိခဲ့သလို ဒေသကာကွယ်ရေးတပ်မှလည်း နှစ်ဦးသေဆုံးခဲ့သည်။ ထို့နောက် ကလေးမြို့အရှေ့တောင်ပိုင်းဖက်သို့ စစ်ရေးအခြေအနေဆိုးရွားလာနိုင်ခြေရှိခြင်းကြောင့် ကလေးဒေသကာကွယ်ရေးတပ်ဖွဲ့မှ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် အများပြည်သူများအနေဖြင့် ကလေး - ဂန့်ဂေါလမ်းမကြီးကို အသုံးပြု ဖြတ်သန်းသွားလာခြင်းမပြုရန် သတိပေးချက်ထုတ်ပြန်ခဲ့သေးသည်။
ဒီဇင်ဘာလ (၂၂) ရက်နေ့နှင့် (၂၃) ရက်နေ့များတွင် နတ်မြောင်း ကျေးရွာနှင့် နတ်ချောင်းကျေးရွာတွင်းရှိ အ.ထ.က ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကလေးဒေသကာကွယ်ရေးအဖွဲ့၊ Kalay – PDF နှင့် CNDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်သည့်အတွက် စစ်ကောင်စီတပ်မှ လေကြောင်းအကူအညီပါရယူခဲ့သည်။ ရွာတွင်းတိုက်ပွဲကြောင့် နတ်ချောင်းကျေးရွာတွင်း နေအိမ်များစွာ မီးလောင်ကျွမ်းခဲ့သည့်အပြင် ဒေသကာကွယ်ရေးတပ်၏ တိုက်ခိုက်မှု မိုင်းဆွဲမှုများကြောင့် စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၆ ဦးထက်မနည်းသေဆုံးကြောင်း PDF – Kalay ကသတင်းထုတ်ပြန်ခဲ့သည်။ နတ်ချောင်းကျေးရွာအတွင်း နေအိမ်များစွာ မီးလောင်ကျွမ်းမှုအပြင် ဒေသခံပြည်သူအချို့လည်း စစ်ကောင်စီ၏ ဖမ်းစီးသတ်ဖြတ်ခံခဲ့ရသည်။
စစ်ဘေးတိမ်းရှောင်သူ အမျိုးသမီးတစ်ဦးက “စစ်တပ်တွေရောက်လာတယ်။ ဗုံးတွေပေါက်တယ်။ စစ်တပ်က ရွာနဲ့ပိုပိုနီးလာတော့ ထွက်ပြေးလာတာပဲ။ နောက်တစ်ရွာကို ပြေးတယ်။ အဲဒီရွာမှာလည်း စစ်ကောင်စီတပ်တွေ ထပ်ရောက်လာတော့ တောလမ်းကနေပဲ ကလေးမြို့ကို အရောက်လာခဲ့ကြတယ်။ တစ်ချို့တော့ ရွာမှာကျန်မယ်ထင်တယ်။ ကျမတို့ထွက်ပြေးနေတုန်းပဲ ရွာမှကျန်တဲ့သူတွေ အသတ်ခံရတာတွေရှိတာဖြစ်တယ်” ဟုပြောသည်။
နတ်ချောင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ စစ်ပွဲပြင်းထန်ရာမှ ချောင်းခွ၊ ဟားခါးလေး၊ ရေစိုနှင့်ပန်မွန်ချောင်းကျေးရွာများအထိ စစ်ကြောင်းချီကာ ဒေသခံများအား ဖမ်းစီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ခံရခြင်း၊ နေအိမ်များအတွင်း ပစ္စည်းများလုယက်ခံရခြင်းများကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာ ဝေဘူလသို့ထွက်ပေးတိမ်းရှောင်ခဲ့ရပြီး အဆိုပါစစ်ဘေးရှောင်များကို ဒေသခံပြည်သူများနှင့်အတူ ကလေး - PDF, CNDF , Zomi PDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ဆေးတပ်သားများက ပြုစုစောင့်ရှောက်မှုများလည်းပေးခဲ့ရသည်။
CNDF တပ်၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူက “ စစ်ဘေးရှောင်တွေများလွန်းတော့ ကူညီပေးရတယ်။ သူတို့တိမ်းရှောင်တဲ့လမ်းကြောင်းတွေမှာလည်း အခက်အခဲမရှိဖို့ လိုက်ပါကူညီပေးတာမျိုးလည်းလုပ်ရတယ်” ဟုပြောသည်။
ယခုအခါ ဖလမ်းမြို့ဝေဘူလမြို့၌လည်း စစ်ကောင်စီတပ်များ အလုံးအရင်းဖြင့် နတ်ချောင်းကျေးရွာဖက်မှ စစ်ကြောင်းထိုးလာသည့်အတွက် PDF – Kalay, Zomi PDF, RKDF, CNDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကလေး) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်လျက်ရှိသည်။
ထိုသို့ဝေဘူလအထိ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းချီတိုက်ခိုက်လာခြင်းကြောင့် ဝေဘူလသို့ စစ်ဘေးတိမ်းရှောင်သူများမှာ ကလေးမြို့ဖက်သို့ ရရာလမ်းကြောင်းဖြင့် ဆက်လက်ထွက်ပြေးခဲ့ကြရသည်။
စစ်ဘေးရှောင်များအား ကူညီဆောင်ရွက်ပေးသူတစ်ဦးက “ချင်းပြည်နယ်ဖက်ကို ထွက်ပြေးကြတယ်။ အဲဒီဖက်ကို ထွက်ပြေးတဲ့ အမျိုးသမီးနဲ့ ကလေးတွေကို ကလေးမြို့ကနေ ဖလမ်းမြို့ဗားရ်တံတားဖက်အထိ မိသားစုအလိုက်သော်လည်းကောင်း၊ အဖွဲ့အစည်းအနေနဲ့သော်လည်းကောင်း၊ ကားငှားပြီး သွားခေါ်တာရှိတယ်။ တစ်ချို့ဆိုရင် ခြေကျင်နဲ့ပဲ တောလမ်းအတိုင်း အဖွဲ့အလိုက် တစ်နေရာပြီး တစ်နေရာ ရွေ့လာကြတယ်။ ဝေဘူလရောက်ပြီးမှ ခြေကျင်နဲ့လျှောက်လာတာဆိုတော့ ကလေးမြို့ထိရောက်ဖို့ကို တစ်ပတ်လောက်ကြာတယ်။ ယောကျာ်းလေးတွေဆိုရင်လည်း ဆိုင်ကယ်နဲ့ စည်သာကျေးရွာဖက်ကနေ လာတာလည်းရှိတယ်။ လမ်းကြောင်းပေါင်းစုံနဲ့ ခြေကျင်နဲ့ရတဲ့နေရာ ခြေကျင်နဲ့၊ ကားနဲ့ရတဲ့နေရာကားနဲ့၊ ဆိုင်ကယ်နဲ့ရတဲ့နေရာမှာ ဆိုင်ကယ်နဲ့ ကလေးမြို့အရောက်လာကြတယ်” ဟုပြောသည်။
ထိုသို့ ဝေဘူလမှတစ်ဆင့် ကလေးမြို့ဖက်သို့ စစ်ဘေးတိမ်းရှောင်ရန် ထွက်သည့် ဒေသခံများကို ကလေးမြို့မှ ကလေး - ဖလမ်းကားလမ်းရှိ ဗားရ်တံတားအထိ ကားဖြင့် သွားရောက် ခေါ်ဆောင်ရာမှာလည်း မှတ်ပုံတင်မပါရှိခြင်း၊ အိမ်ထောင်စုစာရင်းများမပါရှိခြင်းများကြောင့် ဗားရ်ကျေးရွာနှင့်ဗားရ်တံတားတွင် တပ်စွဲထားသည့်စစ်ကောင်စီများ၏ စစ်ဆေးမှုများစွာ ကြုံရသည်ဟုဆိုသည်။
ဝေဘူလသို့ စစ်ကြောင်းချီလာသည့် စစ်ကောင်စီတပ်ကို CNDF မှ ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်လျက်ရှိပြီး CNDF ထောင်ထားသည့် မိုင်းများကို စစ်ကောင်စီတပ်မှ နင်းမိခြင်းကြောင့် သေဆုံးထိခိုက်မှုရှိသည့်အပြင် CNDF မှလိုက်လံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၅ ဦးထပ်မနည်းသေဆုံးကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်က ဇန်နဝါရီလ (၁၁) ရက်နေ့က ထုတ်ပြန်ခဲ့သည်။
စစ်ဘေးရှောင်များသည် အခြားဒေသများသို့ စစ်ဘေးရှောင်ကြရသော်လည်း ၄င်းတို့ရောက်ရှိသည့် ကျေးရွာများမှာလည်း မလုံခြုံခြင်းကြောင့် ကလေးမြို့ပေါ်သို့ ရောက်လာကြသကဲ့သို့ ထန်တလန်မြို့နယ်ဖက်မှလည်း စစ်ဘေးရှောင်များလည်း ကလေးမြို့သို့ များစွာရောက်ရှိလာသည်ဟု သိရသည်။
စစ်ဘေးရှောင်ကူညီရေးအဖွဲ့ Lai Mino Bu အဖွဲ့မှ ဦးဆောင်သူတစ်ဦးက “ အခုဆိုရင် ကလေးမြို့ကနေ ဟံသာဝတီကျေးရွာအထိ လမ်းဘေးကျေးရွာတစ်လျှောက်ကတော့ ဘယ်သူမှာ မနေရတော့ဘူးဆိုတော့ ကလေးမြို့မှာအားလုံးရောက်လာကြတယ်။ ထောင်ဂဏန်းရှိပြီအခု။ ကလေး - ကဘော်ကရွာတွေကတော့ ကလေးမြို့ကိုပဲ လာကြတာဆိုတော့ မကြာခင်သောင်းဂဏန်းဖြစ်လာမယ့်သဘောတော့ရှိတယ်” ဟုပြောသည်။
လက်ရှိကလေးမြို့နယ်တောင်ပိုင်းမှ စစ်ဘေးရှောင်ရန် ပြင်ဆင်လျက်ရှိသည့် ရွာသားများမှာလည်း စစ်ကောင်စီတပ်မှ ရွာမှ မထွက်ရန် တားစီးခြင်းကြောင့် ကျေးရွာအချို့တွင် ဒေသခံပြည်သူများ ပိတ်မိသူများလည်း ရှိနေသေးကြောင်း သိရသည်။
“စစ်ဘေးရှောင်ဖို့ ပစ္စည်းတွေတင်ပြီးတာကို စကစက ဘယ်သူမှမပြေးနဲ့ ပစ္စည်းတွေ ပြန်ချခိုင်းလို့ ပြန်နေရတဲ့သူတွေလည်းရှိတယ်။ လမ်းကြောင်းအရတော့ စစ်ကောင်စီမရှိတဲ့နေရာဖက်ကနေ လာနိုင်ဖို့တော့ အမြဲကြိုးစားနေကြတယ်” ဟုကလေးမြို့သို့ရောက်ရှိပြီဖြစ်သည့် စစ်ဘေးရှောင်တစ်ဦးက ၄င်းတို့၏ရွာဖက်အခြေအနေ သိရှိရမှုကို ပြန်ပြောပြသည်။
ကလေးမြို့သို့ စစ်ဘေးတိမ်းရှောင်သူများသည် မိမိတို့နှင့် နီးစပ်ရာဆွေမျိုးများထံ ခိုလှုံကြရသော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခြင်းနှင့် ကျေးရွာတွင်းမလုံခြုံမှုများကြောင့် စစ်ဘေးရှောင်များပိုမိုတိုးပွားလာကာ ဆွေမျိုးမရှိ၊ စားရေးသောက်ရေးအတွက် အခက်အခဲဖြစ်နေသူပို၍များပြားလာခဲ့သည်။
စစ်ဘေးရှောင်များကူညီပေးနေသူ တစ်ဦးက “ကလေးမြို့မှာ ဆွေမျိုးမရှိသူတွေ၊ အိမ်မငှားနိုင်တဲ့သူတွေကို လူမျိုးမခွဲခြားပဲ အားလုံးကိုစောင့်ရှောက်ပေးတယ်။ ဘုရားကျောင်း၊ ရွှေကြယ်ပွင့်ဘော်ဒါဆောင်၊ မဆန့်ရင်လည်း တာဟန်းဖက်မှာလည်း ငှားထားတယ်။ ဆွေမျိုးဆီမှာလည်းနေကြတယ်။ အခုထပ်လာမယ့်သူတွေအရမ်းများသေးတယ်။ လမ်းကြောင်းအခြေအနေကြောင့် မလာနိုင်ကြသေးဘူး” ဟုပြောသည်။
သူကဆက်ပြီး “လူပဲထွက်ပြေးလာတော့ အဝတ်အစား၊ စောင်တွေလည်းမပါကြဘူး။ တစ်ချို့ဆိုရင် အဝတ်တစ်စုံနှစ်စုံလောက်ပဲပါလာကြတယ်။ ဘာမှမပါလာနိုင်တဲ့သူတွေ လည်းရှိတယ်။ စျေးကြီးတာတော့ မဝယ်ပေးနိုင်ပေမယ့် လက်ဟောင်းအထည်တွေကို ဝယ်ပေးဖို့လည်း စီစဉ်နေတယ်” ဟုပြောသည်။
စစ်ဘေးရှောင်များကို ကူညီရေးကို ဆောင်ရွက်ပေးနေသည့် Lai Mino Bu မှ ဦးဆောင်သူက စစ်ဘေးရှောင်များ တိုးပွားလာနေသလို လိုအပ်သည့် အကူအညီတွေကို ပေးရန်စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် စစ်ဘေးရှောင်များအား လှူဒါန်းလိုသည့် အလှူရှင်များအနေဖြင့် တစ်ဦးတစ်ယောက်ချင်းကို ဆက်သွယ်လှူဒန်းမှုမျိုးမဟုတ်ပဲ မှတ်ပုံတင်ရရှိပြီး လှုပ်ရှားနေသည့် အဖွဲ့အစည်းများကိုသာ တိုက်ရိုက်လှူဒါန်းစေလိုကြောင်း တိုက်တွန်းထားသည်။
သူက “အခုဖြစ်နိုင်ရင် စစ်ဘေးရှောင်တွေကို ကူညီချင်တယ်ဆိုရင် တစ်ဦးချင်းစီ ဆက်သွယ်တာမျိုးမလုပ်စေချင်ဘူး။ အကူအညီလုံးဝ အားလုံးစီမရောက်နိုင်ဘူး။ အဖွဲ့အစည်းကိုပဲ အဓိက ဆက်သွယ်လှူဒါန်းစေချင်တာပေါ့။ အခုဆိုရင် ကလေး - ကဘော်တစ်ခုတည်းမဟုတ်ပဲ ချင်းပြည်နယ်ဖက်က လည်းရောက်လာကြတော့ အကူအညီတွေကတော့ အများကြီး တော့လိုမယ့် သဘောရှိတယ်” ဟုပြောသည်။
Lai Mino Bu အဖွဲ့အနေဖြင့် ကိုဗစ်ကာလကတည်းက ပြည်သူများ၏ လိုအပ်သည့် အခက်အခဲများကို ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းဖြစ်သလို ယခုစစ်ဘေးရှောင်ပြည်သူများအတွက်လည်း မိမိတို့ လုံခြုံရေးကို အဓာနမထားပဲ ကူညီလျက်ရှိကြောင်း ဆက်ပြောသည်။
သူက “ စစ်ဘေးရှောင်တွေကို ကူညီကြတဲ့နေရာမှာ ကျတော်တို့ကတော့ ကျတော်တို့လူမျိုးကို မကြည့်ရှုမစောင့်ရှောက်ဘူးဆိုရင် မရဘူး။ အဲဒီအတွက် ဘယ်လိုပြသနာပဲကြုံရကြုံရ ကျတော်တို့ခံမယ်လို့ ဆုံးဖြတ်ထားပြီး လုပ်တာဖြစ်တယ်။ ကျတော်တို့ရဲ့ လုံခြုံရေးအတွက် ဘုရားကိုပဲ ပထမအားကိုးတာဖြစ်ပါတယ်။ အရင်ကတည်းက စစ်ဘေးရှောင်မဟုတ်ပဲ အခက်အခဲကြုံတဲ့ ကိုဗစ်ကာလအခြေအနေဆိုးတုန်းကဆိုရင်လည်း ကလေးမြို့မှ လူငယ်တွေစုပြီး ကူညီမှုတွေလုပ်ခဲ့ကြတာဖြစ်တယ်” ဟုပြောသည်။
ကလေးမြို့တောင်ပိုင်းရှိ ကလေး - ဂန့်ဂေါကားလမ်းမ အနီးတစ်ဝိုက်ရှိ ကျေးရွာအများစုမှာ ကျေးရွာကြီးများဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် လူဦးရေ အနည်းဆုံး နှစ်ထောင်ဝန်းကျင်မှ ကျေးရွာကြီးများတွင် လူဦးရေ သောင်းဂဏန်းအထိ နေထိုင်ကြသည့် ကျေးရွာများဖြစ်သည်။
စစ်ပွဲအခြေအနေများကြောင့် ကလေးမြို့မှ မုံရွာ၊ မန္တလေး၊ ရန်ကုန် စသည့်မြို့ကြီးများသို့ ကားလိုင်းများလည်း ပုံမှန်ပြေးဆွဲနိုင်ခြင်းမရှိသကဲ့သို့ ကလေးမြို့လေဆိပ်ကိုလည်း အိုမီခရွန်ရောဂါအကြောင်းပြချက်ဖြင့် နှစ်လကြာပိတ်ထားရပြီဖြစ်သည်။
ကလေးကဘော်ရှိ ကျေးရွာများမှ ဒေသခံများသည် ကလေးမြို့ပေါ်သို့ အများစု စစ်ဘေးတိမ်းရှောင်ကြပြီး အချို့မှာ ကလေးမြို့နယ်ရှိ ဆွေမျိုးများရှိရာ ခမ်းပတ်၊ ကနန်၊ လက်ပံချောင်း စသည့် ကျေးရွာများသို့လည်း သွားရောက်ခိုလှုံကြလျက်ရှိကြောင်းသိရသည်။