မြဝတီတောင်ဘက် လေးကေကော်ဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာသည့်အတွက် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် – DKBA တပ်စခန်းရှိရာ ဖလူးလေးကျေးရွာထဲတွင် ဒီဇင်ဘာ ၁၄ ရက် နေ့လည်အချိန်တွင် စစ်ကောင်စီတပ်မှ လေယာဉ် (၂) စီးနှင့် လာရောက်ပစ်ခတ်သွားသည့်အပြင် လက်နက်ကြီးများနှင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ၏ မြေပြင် ဝေဟင် ထိုးစစ် အကြီးအကျယ်ခံလိုက်ရသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ဗိုလ်မှူး စောစလုံးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး- လေကြောင်းတိုက်ခိုက်ခံရမှုနောက်ပိုင်း အခု နောက်ဆုံးအခြေအနေ ဘယ်လိုရှိနေလဲ။
ဖြေ- အခုအခြေအနေက အရမ်းကြီးမကောင်းပါဘူး။ ကျနော်တို့ သတိနဲ့ အမြဲတမ်းနေနေရတယ်။ ဘာဖြစ်လဲဆိုတော့ ရန်သူက တစ်ဖွဲ့တည်းမဟုတ်ဘူး။ နှစ်ဖွဲ့ သုံးဖွဲ့က ပေါင်းကြံနေကြတာကြောင့် သတိနဲ့ အမြဲနေနေရတယ်။ သူတို့ အခြေအနေက သိတဲ့အတိုင်းပါပဲ တက်တက်ပြီးလာတယ်။ အဆုံးထိလုပ်ဖို့ရှိပုံရတယ်။
မေး- ပြီးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတုန်းက စခန်းကို စွန့်လွှတ်လိုက်ရတဲ့အခြေအနေအထိ ဖြစ်သွားတော့ ကိုယ့်နေရာကိုကို စွန့်လိုက်ရတဲ့ အခြေအနေအထိ ရောက်သွားရတာ ဘာကြောင့်ဘာလဲ။
ဖြေ- ဒီကိစ္စဖြစ်ရတဲ့ အကြောင်းအရင်းက ကျနော့်အမြင်မှာ အချင်းချင်းကြားမှာ သွေးထိုးတာတွေ ရှိနိုင်တယ်။ နောက်တစ်ချက် ကျနော်က အဖွဲ့တိုင်းကို ကျနော်က ကူညီပေးတယ်။ တတိယအချက်က ကျနော့်ဆီ ပြေးလာတဲ့ ဒုက္ခသည်တွေကို ကျနော်ကူညီပေးတာလည်းပါတယ်။ ဒုက္ခသည်တွေ အစားအသောက် အကူအညီ အလွယ် အကူရဖို့အတွက် ကျနော့်ဆီကနေ တစ်ဆင့် သွားနိုင်တယ်။ ထိုင်းတွေနဲ့လည်း ဆက်ဆံရေး အဆင်ပြေတာ သတင်းပေးခံရတာလည်းပါမယ်။ ဒါကို ကြည့်မရတော့ ဖျက်ဆီးချင်တဲ့သဘောပဲ။
ကျနော့် ရဲဘော်တွေ တိုက်ပွဲထဲမှာ တစ်ယောက်မှ မသေဘူး။ အပြင်းအထန် ထိခိုက်ဒဏ်ရာရတာ ၃ယောက်နဲ့ ကျန်တဲ့တချို့က နည်းနည်းထိတာတော့ရှိတယ်။ အခု ဆေးရုံထဲမှာ ရောက်နေတာက အားလုံး ၉ ယောက်လောက် ရှိတာပေါ့။ ဒါပေမဲ့ အသက်ပေးသွားရတဲ့သူတွေ တချို့မှာက သေနတ်မရှိဘူး။ တချို့က လူထုတွေဖြစ်တယ်။ အဲ့မှာ ၄ ရက် ၄ ညလောက် အပစ်ခံရတာ။ ၄ ရက်ကြာလာတော့ ကျနော်တို့လည်း ပြေးရတော့တာပဲ။
ဘာဖြစ်လို့ ပြေးရလဲဆိုတော့ လက်နက်ကြီးကလည်း အပြင်းအထန်ပစ်ခံရတယ်။ လေယာဉ်ကလည်း အသေ လာပစ် နေတာ။ ကျနော့် ရဲဘော်တစ်ယောက်ဆိုရင် သူ့မိန်းမက နေ့စေ့လစေ့ မီးဖွားတော့မယ်။ မြစ်ထဲ ဆင်းပြေးတော့ အဲ့မှာပဲ စစ်တပ်က ပစ်သတ်သွားတယ်။ လက်နက်မရှိတဲ့ ကျနော့် ရဲဘော်တွေကော လူထုတွေကော မြစ်ထဲဆင်းပြေးတာ စစ်တပ်က ပစ်သတ်တာ အဲ့မှာ ၁၀ ယောက် အယောက် ၂၀ လောက် ရှိမယ်။ အခုလောလောဆယ် အလောင်း ၈ လောင်းလောက် သူများတွေ့ထားတယ်။ မြစ်ထဲမှာက ဘယ်နယောက်အထိရှိလဲ မသိဘူး။ မပေါ်လာသေးဘူး။
မေး- စစ်ကောင်စီဘက်ကလည်း သူတို့မှာ အမြစ်ပြတ်ချေမှုန်းမယ့် အစီအစဉ်တွေ တွေ့နေရတဲ့အပေါ်မှာ ဘယ်လို ပြန်တုန့်ပြန်ဖို့ အစီအစဉ်ရှိလဲ။ ခေါင်းဆောင်တွေအနေနဲ့ကော ဘယ်လိုညွန်ကြားမှုရှိလဲ။
ဖြေ- ကျနော့်အပေါ်က ခေါင်းဆောင်တွေအနေနဲ့တော့ ဘာညွန်ကြားမှုမှ မရှိဘူး။ ညွန်ကြားမှု မရှိပေမဲ့လည်း တချို့က အကြံအဉာဏ်ပေးတာမျိုးရှိသလို မပေးတဲ့သူလည်းရှိတယ်။
မေး- ကိုယ့်စခန်းနဲ့ ကိုယ့်ရဲဘော်တွေ ဆုံးရှုံးလိုက်တဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဘယ်လိုခံစားရလဲ။
ဖြေ- ကျနော့်အတွက်တော့ သင်ခန်းစာတစ်ခုပါပဲ။ ကျနော်က စိတ်လွယ်တယ်။ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းအပေါ်မှာလည်း အယုံလွယ်တယ်။ အပေါင်းအသင်းအပေါ်မှာလည်း အရမ်းအချစ်ကြီးတယ် ငယ်ငယ်ကလေးကတည်းကပဲ။ မိဘပြောတာတောင် နားမထောင်ဘူး။ အပေါင်းအသင်းအရမ်းမက်တာ။ အပေါင်းအသင်းထဲမှာ BGF ကော၊ KNU ကော ရှိတယ်။ တစ်ခုခုဖြစ်လာရင် လာဝိုင်းကူရင်တော့ ကျနော့်နေရာက ကျစရာမရှိဘူးပေါ့။ အဲ့ဒါကြောင့် ကျနော် ၄ ရက်ကျော် ၅ ရက်လောက် ခံပစ်တာ။ ဒါပေမဲ့ လာကူတဲ့ တစ်ဖွဲ့တော့ရှိတယ်။ အတူတူ တိုက်ကူတယ်။ သူတို့လူတွေလည်း ထိခိုက်သွားတာရှိတယ်။
မေး- စစ်ကောင်စီကို ခုခံတိုက်ခိုက်တဲ့သူရှိသလို မတိုက်တဲ့သူလည်းရှိတာပေါ့။ မေးချင်တာက ဒီစစ်ကောင်စီအပေါ်မှာ ဘယ်လိုလုပ်သင့်တယ်လို့ထင်လဲ။
ဖြေ- ဒီစစ်အာဏာရှင်တစ်ဖွဲ့ကိုတော့ အပြုတ်တိုက်ရလိမ့်မယ်။ မပြုတ်ရင်တော့ ကျနော်တို့က မကောင်းဆိုးဝါးကို မွေးထားသလိုပဲဖြစ်နေမယ်။ ပျောက်သွားအောင် လုပ်ရမယ်။ ကျနော်တို့မှာ ရဲဘော်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ လက်နက်တွေတော့ အားနည်းနေသေးတယ်။ ကိုယ့်ကိုယ်ကို ပြန်ကာကွယ်ဖို့လောက်တော့ ရှိတာပေါ့။ ဒါပေမဲ့ သူတို့ကို ထိုးစစ်ပြန်ဆင်ဖို့အထိတော့ မရသေးဘူး။
မေး- နောက်ဆုံးအနေနဲ့ ကိုယ့်ကရင်လူထုတွေကော ပြည်သူတွေကော ဘာပြောချင်တာမျိုးရှိလဲ။
ဖြေ- ဒီ စစ်အာဏာရှင်ကို ကျနော် တစ်ခါမှ မကြောက်ခဲ့ဘူး။ ကျနော့်အသက် ၁၃ နှစ်ကတည်းက တော်လှန်ရေးထဲဝင်ခဲ့တာ ကျနော့်စိတ်ထဲမှာ လွတ်လပ်မှုရဖို့အတွက် အမြဲတမ်း ကြိုးစားခဲ့ပေမဲ့ ကျနော်တို့မှာ ပြည့်စုံမှုမရှိတော့ အခု အခြေအနေလောက်အထိပဲ တာဝန်ယူလိုက်နိုင်တယ်။ ကျနော် ပြန်ဆုတ်လိုက်ရတယ်။ တကယ်လို့ မဆုတ်ဘဲနဲ့ အထိအခိုက် အဆုံးအရှုံးများမယ်။ ကောင်းအောင် လုပ်လို့ရနိုင်မှာမဟုတ်ဘူး။ အကုန်လုံး ပျက်စီးသွားမယ်။ ဒါကြောင့် နောက်တစ်လှမ်းဆုတ်ပြီး ရန်သူရဲ့အခြေအနေကို ကြည့်ပြီးတော့ နောက်တစ်ခေါက် ပြန်ချရတာပေါ့။