NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ဒီနှစ်မှာ NCA ရဲ့ အနှစ်သာရ ဒါမှ မဟုတ်PPST ရဲ့ နိုင်ငံရေး ဦးတည်ချက်တွေကို အခြေခံပြီး နိိုင်ငံရေးအကျပ်အတည်းတွေကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးပြဿနာကို အင်အားသုံးဖြေရှင်းမှုကြောင့် ပြည်သူများ သေကြေခြင်း ၊ လူငယ်များ အနာဂတ်ပျောက်ဆုံးမှုများ ၊ အတိဒုက္ခမျိုးစုံခံစားနေရမှာတွေကို PPSTက အထူးတုန်လှုပ်ကြောင်း ပြောဆိုထားပါတယ်။
ဒါ့ပြင် ကရင်နီပြည် ဖရူဆိုမြို့နယ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ကိစ္စ၊ လေးကေကော်မြို့က တိုက်ပွဲကိစ္စ ၊ နဲ့ အခြားဒေသတွေမှာ စစ်ကောင်စီရဲ့ လူသားမဆန်တဲ့ ကျူးလွန်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကြပ်အတည်းကို ဖြေရှင်းဖို့ အားလုံးပါဝင်တဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲကသာ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုထုတ်ပြန်ထားပါတယ်။