သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကောင်းကြဲပိတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် အများပိုင် မြေကွက်ကို ရောင်းစားနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
ကောင်းကြဲကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် နားမွန်းကျေးရွာမှ အများပိုင်မြေကွက်များကို ပြည်သူများ ကန့်ကွက်သည့်ကြားက အုပ်ချုပ်ရေးမှူး အာဏာဖြင့် ရောင်းစားနေကြောင်း နားမွန်းဒေသခံ အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကျမတို့ကို အာဏာပြပြီး ခေါင်းပုံဖြတ်နေတာ မနည်းတော့ပါဘူး၊ အများပိုင်မြေကွက်တွေကို အာဏာသုံးပြီး သူ့မြေကွက်ဖြစ်အောင်လုပ်တယ်၊ ပြီးတော့ရောင်းစားတယ်၊ ကျမတို့ ရွာသားတွေကျတော့ ကိုယ်ပိုင်တဲ့မြေကွက် ကိုယ်ရောင်းဖို့ သူ့လက်မှတ်လေး လိုအပ်တာ သူက မထိုးပေးဘူး” ဟု ၎င်း အမျိုးသမီးတစ်ဦးက ဆိုသည်။
မြေကွက်ရောင်းသည့်ကိစ္စကို ကန့်ကွက်သည့် ရွာသားများကိုလည်း အုပ်ချုပ်ရေးမှူးက စစ်ကောင်စီ တပ်ဖွဲ့ကို ခေါ်လာပြီး ခြိမ်းခြောက်ပြောဆိုမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ ၁၁ လပိုင်းမှာ ကျနော်တို့ ရွာသားတွေ စုပေါင်းပြီး မတရားလုပ်ရပ်တွေကို စီစစ်ပေးဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို စာတင်ခဲ့တယ်၊ ဒါပေမဲ့ မြို့နယ်ဘက်က ဘာမှမပြောလာခင် သူက သေနတ်တွေကိုင်ထားတဲ့ (ဗမာ)စစ်သားတွေခေါ်လာပြီး ကျနော်တို့ရွာထဲကို လာခြိမ်းခြောက်သွားတယ်” ဟု နားမွန်းကျေးရွာမှ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိမှာ နားမွန်းကျေးရွာမှ ၆၀ ပေ ပတ်လည် မြေကွက် (၂)ကွက်ကို အုပ်ချုပ်ရေးမှူးမှ ရောင်းစားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ရွာသားများက ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးရန် မြို့နယ်ကို စာတင်ထားသော်လည်း ယနေ့ထိတိုင် လာရောက်ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။
ကောင်းကြဲပိတ်ကျေးရွာအုပ်စုအတွင်းတွင် ဖိုင်လုံကျေးရွာ၊ ကောင်းတပ်ကျေးရွာ၊ ကုန်းစုံကျေးရွာ၊ နားမွန်းကျေးရွာ နှင့် ကောင်းကြဲကျေးရွာစသည့်ကျေးရွာ (၅)တို့မှ အများပိုင်သည့် မြေကွက်ကို ရောင်းစား နေကြောင်း နားမွန်းကျေးရွာမှ အမည်မဖော်လိုသည့် ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထို့အပြင် ကောင်းကြဲပိတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် ရွာသားများရွာပြင်ထွက် မြို့တက်ဝယ်ခြမ်းရန် အတွက် လိုအပ်သည့် ကိုဗစ်- ၁၉ ရောဂါနှင့် ပက်သက်သည့် ထောက်ခံချက် လက်မှတ်ကိုလည်း မထိုးပေး ကြောင်း ဒေသခံများက ပြောသည်။
ယင်းကဲ့သို့ မတရားလုပ်ဆောင်နေသည့် ကောင်းကြဲပိတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ အကြောင်းများကို နားမွန်းကျေးရွာမှရွာသားများ နှင့်အတူ ကောင်းကြဲပိတ် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများစုပေါင်းပြီး လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ စာရေးသားတင်ပြထားသော်လည်း အကြောင်းကြား တုန့်ပြန်မှု မရှိကြောင်း ဒေသခံများက ပြောသည်။