“ဈေးကထဲဝယ်ပြီး အိမ်မှာ တနိုင်တပိုင်စိုက်ပျိုးတယ်။ ဒီတရုတ်မျိုးစေ့ကို ဈေးထဲကဝယ်ပြီးစိုက်ပျိုးလာတာ လေးငါးနှစ်ရှိလာပြီ။ ဒီအပင်က စိုက်ထားတဲ့အမျိုးကနေပြန်ရလာတဲ့မျိုးစေ့တွေကို နောက်နှစ်အတွက် မျိုးစေ့ပြန်ယူလို့မရဘူး မျိုးပွားလို့မရဘူး။ ပြန်စိုက်လို့မရဘူး မပေါက်ဘူး။ အဲ့တာကြောင့် ဒီနှစ်စိုက်ဖို့အတွက်မျိုးစေ့ကို ဈေးထဲကနေပြန်ဝယ်ပြီး နှစ်တိုင်းဒီလိုစိုက်ပျိုးရတယ်’’ လို့ ဝိုင်းမော်မြို့ခံ ဒေါ်ယိန်းဝမ်က ပြောပါတယ်။
ကချင်ဒေသခံပြည်သူလူထုထဲ စိမ့်ဝင်နေတဲ့ ပြဿနာတစ်ခုမှာ မျိုးစေ့ပြသာနာပဲဖြစ်ပါတယ်။
ဒေသတွင်း မျိုးစေ့ထိန်းသိမ်းမှုအလေ့အထမရှိတော့ဘဲ စီစစ်မှုမရှိ အဆင်သင့်ဝင်လာတဲ့ တရုတ်ပြည်က မျိုးစေ့တွေပဲ နေရာအနှံမှာ နေရာယူထားကြပါပြီ။ ဒေသမျိုးစေ့တွေဟာ ပျောက်ကွယ်သလောက်ရှိနေပါတယ်။
မိမိတို့မူလက ဘိုးဘွားဘီဘင်လက်ထက်ဆီက စိုက်ပျိုးရေးမှာ မူလမျိုးစေ့တွေ အသုံးပြုစိုက်ပျိုးမှုကို ချန်ခဲ့ပြီး တရုတ်ပြည်က တင်သွင်းတဲ့ တရုတ်မျိုးစေ့တွေကိုအစားထိုးစိုက်ပျိုးပြီး ဘီဘင်တွေလက်ထက်မှ စတင်အသုံးပြုခဲ့တဲ့မူလမျိုးစေ့ကို မျက်ကွယ်ပြု အသုံးမပြုဘဲ ထားခဲ့ပါတယ်။
ဒါဟာအနာဂတ် လူနေမှုဘဝအတွက် အလွန်ကြောက်စရာကောင်းလှပါတယ်။ တချို့မျိုးစေ့တွေကို တရုတ်မျိုးစေ့တွေက အစားထိုးနေရာယူပြီးပျောက်ကွယ်သွားအောင်လုပ်ဆောင်နေပါတယ်။ မျိုးပွားနိုင်တဲ့မျိုးစေ့တွေ ပျောက်ကွယ်နိုင်ပါတယ်။ ဒေသခံလူထုလည်းထိုတရုတ်မျိုးစေ့တွေနဲ့ စိုက်ပျိုးရခြင်းကို စွဲလမ်းနေတာလည်း စိုးရိမ်စရာကောင်းလှပါတယ်။
‘’ကျမတို့က မျိုးစေ့ပိုင်ရှင်တွေမဟုတ်တော့ဘူး။ အဲ့တာစိုးရိမ်ရတယ် မျိုးစေ့ပျောက်သွားမှာကိုစိုးရိမ်ရတယ်။ အသီးအရွက်မျိုးစေ့ကပျောက်ဆုံးသွားပြီလို့တောင်ပြောလို့ရတယ်။ သူများနှခေါင်းပေါက်နဲ့အသက်ရှူရမှာ စိုးရိမ်မိတယ် ကိုယ့်မြေ ကိုယ့်ယာ ကိုယ့်အိမ်မှာ စိုက်ရင်တောင်မှ ကိုယ်မပိုင်ဆိုင်တဲ့ဘဝပါ’’ လို့ ဝိုင်းမော်ဒေသခံ ဒေါ်ယိန်းဝမ်က ပြောပါတယ်။
အခုလို ဖြစ်လာခြင်းကလည်း ဈေးကွက်ထဲ စျေးနှုန်းချိုသာစွာဖြင့် အလွယ်တကူရရှိမှုကြောင့်ဖြစ်ပြီးတော့ အသုံးပြုမှုများတဲ့ဒေသတွေကလည်း နယ်စပ်ဖြစ်တဲ့ ဝိုင်းမော်၊ မြစ်ကြီးနားရှိ လယ်ယာ၊ အခင်းခြံများလုပ်ကိုင်တဲ့ တောင်သူလယ်သမားများ အသုံးပြုစိုက်ပျိုးကြပါတယ်။ ပိုအသုံးပြုသူများကတော့ မိမိအိမ်တွင်း တနိုင်တပိုင်စိုက်ပျိုးသူတွေ ဖြစ်ပါတယ်။
ရုံးပတီသီး ၊ ပဲသီးရှည်၊ နံနံပင်၊ ခဝဲသီး၊ မုန်ညှင်းဖြူစတဲ့တရုတ်မျိုးစေ့ကို ဈေးထဲကဝယ်ပြီး အိမ်မှာတနိုင်တပိုင် စိုက်ပျိုးကြပါတယ်။ တောင်သူလယ်သမားတွေကလည်း ရှေ့ရေးအတွက်အလေးအနက် မစဉ်းစားဘဲ အသုံးပြုနေကြတာကိုတွေ့ရပါတယ်။
“မျိုးစေ့အရင်းအမြစ်တွေ မျိုးစေ့ ပဒေသာတွေ စုဆောင်းထိန်းသိမ်းဖို့လိုတယ်။ နောက်လာမည့် မျိုးဆက်တွေကို စုံလင်ကွဲပြားတဲ့ ဒေသမျိုးတွေကို လက်ဆင့်ကမ်းချင်ရင် ထိန်းကို ထိန်းမယ်ဆိုတဲ့ ခိုင်မာတဲ့ ရပ်တည်ချက် လုပ်ဆောင်ချက် ထောက်ပံ့ကူညီမှုတွေ လိုမယ်။ ရေတိုအကျိုးတွေနဲ့ပဲ ကြည့်လို့မရဘူး။ နောက်ဆက်တွဲ ပေးဆပ်ရမဲ့ အဖိုးအခတွေ ထိန်းချုပ်ခံရမဲ့ ထောင်ချောက်တွေပါ။ ” ဟုမေတ္တာဖွံ့ဖြိုးရေးဖောင်ဒေရှင်းမှစိုက်ပျိုးရေးပညာရှင် ဒေါ်စန်းဝေကပြောပါတယ်။
မြန်မာပြည်မှာ မျိုးစေ့ဥပဒေဆိုပြီး ပြဌာန်းထားတာကိုလည်း တွေ့ရပြီး အဲဒီထဲမှာဆိုရင် ‘မည်သူမျှ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားခြင်းမရှိသော အပင်မျိုးသစ်ကို စီးပွားရေး အလို့ငှာ ထုတ်လုပ်ခြင်း မပြုရ၊ မည်သူမျှလိုင်စင်မရှိဘဲ မျိုးစေ့လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရ။ လိုင်စင်ရရှိသူ မည်သူမျှ မျိုးစေ့အရည်အသွေး အာမခံချက်နှင့် ကိုက်ညီခြင်းမရှိသော မျိုးစေ့ကို သော်လည်းကောင်း၊ မျိုးစေ့အရည်အသွေးစစ်ဆေးမှု ခံယူခြင်းမပြုရသေးသော မျိုးစေ့ကိုသော်လည်းကောင်းဖြန့်ဖြူးခြင်း မပြုရ။ မည်သူမျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ မျိုးစေ့အရည်အသွေးစစ်ဆေးခန်းကို ဖွင့်လှစ်ခြင်းမပြုရ။’ လို့ ဖော်ပြထားပါတယ်။
ပြစ်မှုနှင့်ပြစ်ဒဏ်အနေနဲ့လည်း ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ဆိုထားပါတယ်။
သို့ပေမယ့် လက်ရှိ ကချင်မှာ ဝင်ရောက်လာတဲ့ မျိုးစေ့တွဟာ မှတ်ပုံမတင်ဘဲ တရုတ် နယ်စပ်ကနေ တင်သွင်းနေကြတာဖြစ်ပါတယ်။
မျိုးပွားနိုင်တဲ့ အသီးအနှံ မျိုးစေ့တွေ ပျောက်ကွယ်သွားခဲ့ရင် အနာဂတ်မှာ အစာရေစာငတ်မွတ်ခေါင်းပါးမှု ဆီ သွားနေကြရလိမ့်မယ်။ ပြည်သူလူထုဟာ အရည်အသွေးမပြည့်မီတဲ့ မျိုးပွားလို့မရတဲ့ အသီးအနှံမျိုးစေ့တွေကို စိုက်ပျိုးနေတာကနေ ရပ်တန့်ဖို့လည်းလိုပါတယ်။ အစိုးရအနေနဲ့လည်း ပိုမိုပြီးမျိုးစေ့ပြဿနာတွေကို မူဝါဒတွေချမှတ်ပြီး အကောင်အထည်ဖော်သင့်ပါတယ်။
“ဒေသမျိုးစေ့နဲ့ စိုက်ပျိုးထုတ်လုပ်ထားတာကို ဂုဏ်ယူစွာဖြင့် အမြဲတမ်း ဝယ်ယူစားသုံးပေးဖို့လိုမယ်။ အစိုးရ ဌာနဆိုင်ရာတွေကလည်း ဒေသမျိုးစေ့တွေ မပျောက်ပျက်အောင် ကာကွယ် အားပေးတဲ့ မူဝါဒ အစီအစဉ်တွေ လုပ်ငန်းတွေ ဖြစ်လာအောင် ဝိုင်းဝန်းတိုက်တွန်း နိုးဆော်ဖို့လိုမယ်။ မျိုးစေ့ကို စီးပွားဖြစ် လုပ်ကိုင် ရောင်းဝယ်တဲ့လူတွေကလည်း ဒေသမျိုးစေ့ အလေးထားအားပေးတာ ရောင်းဝယ်တာ လုပ်စေချင်တယ်။ ပြောင်းလဲလာတဲ့ ရာသီဉတုကို အန်တုဖို့ဆိုရင် ဒေသအလိုက် စိုက်ပျိုးဖြစ်ထွန်းမဲ့ ရွေးချယ်စရာ များများရှိဖို့ လိုတယ်။ ဒေသမျိုးစေ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးလုပ်ဆောင်ဖို့လိုမယ်။ အများပြည်သူလူထုတွေကိုလည်း မျိုးစေ့ဆိုတာ စားနပ်ရိက္ခာအတွက် အရင်းအမြစ်ဖြစ်သလို ဘိုးဘွားအမွေအနှစ်ဖြစ်တယ်။ လူမျိုးစု/ရိုးရာယဉ်ကျေးမှုအတွက် အရေးကြီးတဲ့ အသွင်သဏ္ဍာန် ဖြစ်လို့ ဒေသမျိုးစေ့တွေရဲ့ အရေးကြီးမှုကို သိရှိအောင် ဆက်လက် လက်ဆင့်ကမ်းဖို့လိုတယ်” လို့ မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ စိုက်ပျိုးရေးပညာရှင် ဒေါ်စန်းဝေက ပြောပါတယ်။
နိုင်ငံခြားမှတင်သွင်းသော တစ်ခါသုံး မျိုးစေ့များကိုသာ ပိုမို အသုံးပြုနေပါက မိမိဒေသထွက် မျိုးစေ့များ ပျောက်ကွယ်သွားမှာဖြစ်တဲ့အတွက် ထိုသို့မဖြစ်ဖို့အတွက် ထိန်းသိမ်းရန် တာဝန်ရှိပါတယ်။
အာဘရာဟမ်-ရေးသားသည်။