စစ်တွေ-ဆံတော်ရှင်ဘုရားပွဲ ရေယာဉ်စီးနင်းခမြင့်တက်

စစ်တွေ-ဆံတော်ရှင်ဘုရားပွဲ ရေယာဉ်စီးနင်းခမြင့်တက်

ယခုနှစ် စစ်တွေမှ ဆံတော်ရှင်ဘုရားပွဲသို့ ပြေးဆွဲမည့် ရေယာဉ်အသီးသီး၏စီးနင်းခစျေးနှုန်းများ မြင့်တက်သွားကြောင်း သိရသည်။

ယခင် ၂ဝ၁၈ ခုနှစ်က ရွှေပြည်တန်အမြန်ရေယာဉ်ခမှာ စစ်တွေမှ ဆံတော်ရှင်ဘုရားပွဲသို့သွားရမည့် စိုးမဲကျီဆိပ်ကမ်းသို့ ခရီးသည်တစ်ဦးလျှင် အသွားအပြန် ကျပ် ၇ ထောင်သာရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၁ သောင်းအထိ မြင့်တက်သွားကြောင်း သိရသည်။

ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ မန်နေဂျာဦးစံမော်သိန်းက "ပွဲစတဲ့ ဒီဇင်ဘာလ ၁၃ ရက်ကနေ ၂၀ ရက်အထိ ပြေးဆွဲပါမယ်။ စျေးနှုန်းက ကျွန်တော်တို့ အသွားအပြန် ၁ သောင်းသတ်မှတ်ထားပါတယ်" ဟု ပြောသည်။

ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် အသွားတစ်ခုတည်းသော်လည်းကောင်း၊ အပြန်တစ်ခုတည်းသော်လည်းကောင်းစီးနင်းမည်ဆိုပါက ခရီးသည်တစ်ဦးလျှင် ကျပ် ၇ ထောင်သတ်မှတ်ထားသည်ဟုလည်း သိရသည်။

အလားတူ အောင်ကျော်မိုးသင်္ဘောစီးခစျေးနှုန်းမှာလည်း ၂ဝ၁၈ ခုနှစ်က ခရီးသည်တစ်ဦးလျှင် အသွားအပြန် ကျပ် ၃ ထောင်ရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၅ ထောင်သတ်မှတ်ထားကြောင်း အဆိုပါရေယာဉ်လိုင်းမှ တာဝန်ခံမန်နေဂျာ ဦးစိုးလင်းမောင်က ပြောသည်။

“အခုကဆီစျေးတက်တော့လေ။ ဒါတောင်ဘုရားဖူးခရီးစဉ်မလို့ လျှော့ယူထားတာပါ”ဟု ပြောသည်။

အောင်ကျော်မိုးသင်္ဘောကို ဒီဇင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အထိ ပြေးဆွဲသွားမည်ဟု ဆိုသည်။

ပွဲတော်ကာအတွင်း အောင်တံခွန် (၁) နှင့် (၂)သင်္ဘောများကိုလည်း ပြေးဆွဲမည်ဖြစ်ပြီး ၂ဝ၁၈ ခုနှစ်က ခရီးသည်တစ်ဦးလျှင် အသွားအပြန် ကျပ် ၂၅ဝဝ သာရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် ၅ ထောင်အထိ သတ်မှတ်ထားသည်ဟု ပြည်တွင်းရေကြောင်းအကျိုးတူပူးပေါင်းကုန်ပို့လုပ်ငန်းမှ ဦးဦးမောင်က ပြောသည်။

"အခုက ဆီစျေးတွေအရမ်းတက်တော့ ၅ ထောင်သတ်မှတ်လိုက်တာပါ" ဟု ပြောသည်။

အောင်တံခွန် (၁) နှင့် (၂)သင်္ဘောများကို ဒီဇင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ပြေးဆွဲမည်ဖြစ်သည်။

ကျောက်တော်မြို့မှ ဆံတော်ရှင်ဘုရားဖူးသွားမည့် မဖူးဖူးသွယ်က "အရင်နှစ်နဲ့စာရင် စျေးတွေတက်သွားတယ်။ ဒီထက်နည်းနည်းလျှော့ရင်တော့ ဘုရားဖူးတွေအတွက် ပိုအဆင်ပြေတာပေါ့" ဟု ပြောသည်။

ဆံတော်ရှင်ဘုရားပွဲတော်ကာလအတွင်း မလိခအမြန်ရေယာဉ်လိုင်း ပြေးဆွဲမည့်အစီအစဉ်ရှိ/မရှိကို လတ်တလောတွင် မသိရသေးဟု အဆိုပါရေယာဉ်လိုင်း တာဝန်ခံ ဦးအောင်ကိုလင်းက နိရဥ္စရာကိုပြောသည်။

ဆံတော်ရှင်ဘုရားသည် ပေါက်တောမြို့နယ်၊ မြေငူကျွန်းရှိ နိလာပဗ္ဗတတောင်ပေါ်၌တည်ရှိသည့် ရှေ့ဟောင်းသမိုင်းဝင်စေတီတစ်ဆူဖြစ်ပြီး ဘုရားရှင်၏ဆံတော်ဓါတ်ကိုဌာပနာထည့်သွင်းတည်ထားသည့် စေတီတစ်ဆူဖြစ်ကြောင်း ရခိုင်သမိုင်းများအရ သိရသည်။

ဆံတော်ရှင်ဘုရားပွဲကို နှစ်စဉ်နတ်တော်လတွင် ကျင်းပလေ့ရှိပြီး ရခိုင်ပြည်တဝှမ်းမှ ဘုရားဖူးဧည်းသည်များ သောင်းချီလာရောက်လေ့ရှိသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ခဲ့သည့်တိုက်ပွဲနှင့် ကိုဗစ်ကပ်ဘေးတို့ကြောင့် ၂၀၁၉ နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် အဆိုပါပွဲကို ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ပါ။

Photo - ၂ဝ၁၈ ခုနှစ်က ကျင်းပသည့် ဆံတော်ရှင်ဘုရားပွဲတော်အတွင်း စိုးမဲကျီဆိပ်ကမ်း၌တွေ့ရသည့် ရေယာဉ်များ။

Most read this week

November 26, 2024
အမ်း-ပဒါန်း-မင်းဘူးလမ်းရှိ ငဖဲမြို့နယ်မှ ကျေးရွာတချို့ကို အမ်းမြို့...
November 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီယန္တရားလည်ပတ်မှုရှိနေသေးသည့် စစ်တွေနှင့်ကျောက်ဖြူမြိုတို့မှ...
ပုံစာ- ခြံစည်းရိုး သုံးထပ်ကာရန်ပြီး ခံတပ်အဖြစ် အခိုင်အမာတည်ဆောက်ထားသည့် နခခ (၅) အားတွေ့ရစဉ်။
November 23, 2024
အာရက္ခတပ်တော်(AA)အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေသည့် မောင်တောမြို့မှ နခခ(၅) ၏ ခံစစ်အားမှာ...
November 22, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ကိုဖြတ်သန်းစီးဆင်းနေသည့်အမ်းချောင်းတွင်...