စစ်ကောင်စီက မကွေးတိုင်းရွာများတွင် ပေါ်တာတောင်း

စစ်ကောင်စီက မကွေးတိုင်းရွာများတွင် ပေါ်တာတောင်း

မကွေးတိုင်းအတွင်း ‌ကျေးရွာအချို့တွင် စစ်ကောင်စီက စစ်မြေပြင်ထောက်ပံ့ရေးအတွက် (ပေါ်တာထမ်းရန်) အတင်းအဓမ္မ လူတောင်းနေသဖြင့် ဒေသခံများ စိုးရိမ်နေသည်။

သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ကျေးရွာများတွင် အိမ်ခြေအနည်းအများ၊ လူအင်အား အနည်းအများအပေါ်၍ ကျေးရွာတစ်ရွာလျှင် ၅ ယောက် မှ  အယောက် ၂၀ အထိ‌ပေးရမည်ဟု ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများကို ဖိအားပေးတောင်းခံနေခြင်းဖြစ်သည်ဟု   ဒေသခံများက ပြောသည်။

”ရှေ့တန်း ထောက်ပို့အတွက် သုံးဖို့လို့ပြောတယ်။ လူသားဒိုင်းလိုမျိုး ဖြစ်သွားမှာစိုးလို့ ဘယ်သူမှ မလိုက် ချင်ကြလို့ အခုအုပ်ချုပ်ရေးမှူးတွေ အကြပ်ရိုက်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျေးရွာအချို့တွင် ထောက်ပို့အတွက် လူအင်အားပေးရန် မဲနှိုက်ပြီးရွေးချယ်သွားမည့် အစီအစဉ်ကို ကျင့်သုံးမည် ဆိုသဖြင့် ရှေ့တန်းလိုက်ရမည်ကို ဒေသခံရွာသားများက စိုးရိမ်နေကြသည်။

”ရွာမှာ ဒီနေ့မဲနှိက်ဖို့ အစည်းအဝေးခေါ်တယ်ကြားတယ်။ ဘယ်သူမှ မနှိုက်ချင်ဘူး။ ဘယ်လိုဆက်ဖြစ်မယ် မသိဘူး။ ကျနော်တော့ ရှောင်ထွက်လာခဲ့တာ” ဟု အဓမ္မစုဆောင်းခံနေရသည့် ကံမမြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှ ရွာသားတစ်ဦးက ပြောသည်။

ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ ကံမမြို့သည် စစ်ကောင်စီနှင့် PDF တပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန် နေ သည့် မကွေးတိုင်း၊ ချင်းပြည်နယ်တို့နှင့် နယ်မြေအနေအထားရ ချိတ်ဆက်နေသည့် မြို့ဖြစ်သည်။

ထို့ကြောင့် ရွာသားများက ၎င်းတို့ကို လူသားဒိုင်းအဖြစ်အသုံးပြုခံရမှာ၊ ထောက်ပို့အဖြစ်လိုက်ရမည့် အခြေအနေ များကို စိုးရိမ်နေကြခြင်းဖြစ်သည်။

ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှုများမရှိသည့် နယ်မြို့ငယ်လေးဖြစ်သည့် ကံမမြို့သည် သာရေးနာရေးကိစ္စရပ်များ အတွက် ခရီးသွားလာကြရာတွင်လည်း ဆိုင်ကယ်ကိုသာ အဓိက အားထားအသုံးပြုနေရပြီး ဆိုင်ကယ်တွင် အမျိုးသားနှစ်ဦး မစီးရ ဥပဒေကို မြို့နယ်ထွေအုပ်ရုံးမှ ဒီဇင်ဘာလ ၁ရက် ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ထားသည် ဟုလည်း သိရသည်။

အဆိုပါ အမိန့်ထုတ်ပြန်ချက်ကြောင့် ရွာသားများ ဖမ်းဆီးခံရပါကလည်း ၎င်းတို့ကို အကျယ်ချုပ်ပုံစံမျိုးထားပြီး စစ်မြေပြင်ထောက်ပံ့ရေးရအောင် အဓမ္မစုဆောင်းလာနိုင်သည့် အနေအထားများကြောင့် စိုးရိမ်ထိတ်လန့်နေကြ သည်ဟု ဒေသခံရွာသားများက ဆိုသည်။

ကံမမြို့နယ်၏ ကျေးရွာအုပ်စုနှင့် လူဦးရေအချက်အလက် စာရင်းများအရ မြို့နယ်အုပ်ချုပ်ရေးမှူး ၁ ဦး၊ မြို့နယ် ရုံး ၁ရုံး၊ ရပ်ကွက်ရုံး ၄ရုံး၊ ကျေးရွာအုပ်စုရုံး ၅၂ ရုံးရှိပြီး ယခု ထောက်ပို့အတွက် လူအင်အားဆင့်ခေါ်ခံရသည့် ကျေးရွာမှာ ရွာပေါင်း ၅ ရွာခန့်ရှိသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ကံမမြို့သည့် သရက်ခရိုင် မကွေးတိုင်းဒေသကြီးအတွင်းတွင် ရှိပြီး စီးပွားရေးအရ ဒေသတွင်းက စိုက်ပျိုးရေး လုပ်ငန်းသည် အဓိကဖြစ်ပြီး စပါး၊ မြေပဲ၊ နှမ်းနှင့် ပဲမျိုးစုံစိုက်ပျိုးကြသည်။

စိုက်ပျိုးရေးလုပ်ငန်းမှာ ထွက်လာသည့် ဒေသထွက် ဆန်စပါးကို ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့၊ သရက် ခရိုင်၊ သရက်မြို့နှင့် မင်းတုန်းမြို့များသို့ တင်ပို့ရောင်းချကြသည်။

Most read this week

October 31, 2024
ကရင်နီပြည်တွင် ကယန်းအမျိုးသား တပ်မတော် (KNA) ကို ဖွဲ့စည်းထူထောင်လိုက်သည်။ ကယန်းအမျိုးသား...
October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...