“ ကျနော့် လယ်ထဲကို တရုတ်က သံဆူးကြိုး လာစိုက်စိုက်ချင်းမှာပဲ ကျနော်တို့ ရွာသားတွေ သွားဖြုတ်တယ်။ ကိုယ်လယ်တွေ တရုတ်ဘက်ထဲပါမှာတော့ စိုးရိမ်တယ်။ လယ်တွေ ပါသွားရင် လုပ်စားစရာမရှိတော့ဘူးလေ” လို့ မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာနေထိုင်တဲ့ အသက် (၄၀)ကျော် စိုင်းနော် က ပြောပါတယ်။
ယခုနှစ် အောက်တိုဘာ (၂၄)ရက် တွင် တရုတ်ဘက်က မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာ အတွင်းဘက်ကို ပေ ၅၀ ကျော်ပြီး ခြံစည်းရိုးလာခတ်တာကို ဒေသခံတွေက ပြန်ဖြုတ်ခဲ့တဲ့အကြောင်း စိုင်းနော်က ပြန်ပြောပြတာပါ။
တရုတ်ဘက်က နယ်ကျော်ပြီး လာစိုက်တဲ့ နယ်ခြား ခြံစည်းရိုးကို နောက်တစ်ရက်မှာပဲ ဒေသခံ ၂၄၀ကျော် ကသွားဖျက်ခဲ့တာပါ။
စစ်အာဏာသိမ်းပြီး (၆)လကျော် ကာလနောက်ပိုင်း ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်ပြီး တရုတ်အာဏာပိုင်တွေက မြန်မာနယ်မြေထဲကိုကျော်ဝင်ပြီး သံဆူးကြိုးတွေနဲ့ လာရောက်ကာရံမှုတွေ ပြုလုပ်နေတာပါ။
အဲဒီလို နယ်ကျော်ပြီး ခြံစည်းရိုး ခတ်ခဲ့တဲ့ နေရာတွေ ကတော့ သျှမ်းပြည်မြောက်ပိုင်း မြန်မာ – တရုတ်နယ်စပ်က မူဆယ်ခရိုင် တစ်ကြောဖြစ်တဲ့ ပန်ဆိုင်းမြို့နယ် မန့်မိုင်ကျေးရွာအုပ်စု၊ မုံးကိုးမြို့နယ်၊ မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့ နဲ့ ၊ ပန်ခမ်းကျေးရွာအုပ်စု၊ နမ့်ခမ်းမြို့နယ် ဟတ်ဟင်ကျေးရွာအုပ်စုနဲ့ နောင်ခမ်းကျေးရွာအုပ်စုတွေဖြစ်ပါတယ်။
တရုတ်နိုင်ငံဘက်က ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေး အကြောင်းပြချက်နဲ့ နယ်စပ် ခြံစည်းရိုးကို အလျင်အမြန်ကာရံနေတာဖြစ်ပြီး မြန်မာပိုင်နက်ဘက်ကို ကျော်ဝင်ပြီး ကာရံတာတွေ ရှိနေတယ်လို့ သျှမ်းမြောက် မူဆယ်ခရိုင် နယ်စပ်မျဉ်းပေါ်နေထိုင်သူတွေက ဆိုကြပါတယ်။
“အစက ကိုဗစ်ကို အကြောင်းပြပြီး နယ်စပ်မှာ ခြံစည်းရိုးခတ်တယ်။ နောက် တဖြည်းဖြည်းနဲ့ ဒေသခံတွေပိုင်တဲ့ မြေယာနားထိကျူးကျော်ပြီး ခြံစည်းရိုးလာကာတယ်။ ပြည်သူတွေပဲ သွားဖျက်နေရတာ။ ဘယ်အစိုးရမှ လာမရှင်းဘူး” လို့ မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့ မှာ နေထိုင်တဲ့ ဒေသခံ စိုင်းဖ က ပြောပြပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပန်ခမ်းဒေသမှာ ဒေသခံတွေကို လယ်ယာမလုပ်ကိုင်ဖို့ တရုတ်ဘက်က ခြိမ်းခြောက်လာတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
“ကျနော်တို့ ပန်ခမ်းဘက်ဆို တရုတ်က ခြိမ်းခြောက်ထားတာရှိတယ်။ နယ်နိမိတ် ထိစပ်တဲ့နေရာတွေမှာ ဘယ်သူမှ လယ်ယာတွေ မလာလုပ်ဖို့၊ လာလုပ်ရင် သူတို့(တရုတ်) လာဖျက်ဆီးမယ်ဆိုတာ ခြိမ်းခြောက်တာရှိတယ်။ ခုလဲ ဒေသခံတွေ အခြေအနေ စောင့်ကြည့်နေတယ်။ ခုက နှစ်ဖက်စလုံး စောင့်ကြည့်နေကြတယ်”ဟု စိုင်းနော်က ပြောပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နယ်စပ်နေထိုင်သူတွေကတော့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်ကို တိုင်ကြားခဲ့ပေမယ့် လက်ရှိ တစ်စုံတစ်ဦးမှ တာဝန်ယူဖြေရှင်းပေးမှု မရှိကြတဲ့အတွက် နယ်စပ်နေထိုင်သူတွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြရတာဖြစ်ပါတယ်။
မန့်ဟီးရိုး ဒေသခံ စိုင်းဖကလည်း သူတို့ဒေသခံတွေရဲ့ လယ်မြေတွေထဲကို တရုတ်ဘက်က နယ်စပ်ခြံစည်းရိုး လာစိုက်တာကို မြန်မာအာဏာပိုင်တွေဘက်က မဖြေရှင်းပေးတာကြောင့် ဒေသခံတွေကပဲ ခြံစည်းရိုးတိုင်တွေကို သွားရောက်ဖယ်ရှားခဲ့ကြရတယ်လို့ ဆိုပါတယ်။
ကျနော်တို့ သိသိချင်း သွားဖြုတ်လိုက်တာပဲ။ အစိုးရကလည်း လာမကြည့်ဘူး။ ကျနော်တို့ ဖုန်းဆက်တယ်။ လုပ်လို့ရလား ဖြုတ်လို့ရလားမေးတယ်။ ရတယ်ဆိုလို့ ကျနော်တို့ သွားဖြုတ်တယ်” လို့ မန့်ဟီးရိုးဒေသခံ စိုင်းဖ က ဆိုပါတယ်။
တရုတ်ဘက်ကို အများကြီး မှီခိုနေရတဲ့ နယ်စပ်ဒေသက ဒေသခံတွေက ဒီလို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြပေမယ့် သူတို့အတွက် လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ နယ်စပ်ခြံစည်းရိုးကို နယ်မြေကျော်ပြီးကာတာကို ကန့်ကွက်ရင် ဒေသထွက် စိုက်ပျိုးရေး သီးနှံတွေ မဝယ်တော့ဘူးဆိုပြီး တရုတ်ဘက်က ခြိမ်းခြောက်တာတွေရှိနေပါတယ်။
ပန်ဆိုင်းမြို့နယ်အတွင်းရှိ နမ့်ယန်းချောင်းကို တရုတ်ဘက်က မြေဖို့ပြီး ခြံစည်းရိုးကာဖို့ ကြိုးစားရာ ဒေသခံတွေ ကန့်ကွက်ပါက ခြံထွက်ကြံတွေ မဝယ်ယူကြောင်း ခြိမ်းခြောက် အကျပ်ကိုင်ပါတယ်။
ကိုဗစ်-၁၉ ပြန့်ပွားမှုကြောင့် တရုတ်ဘက်က ပန်ဆိုင်းဒေသခံများ စိုက်ပျိုးပြီး ထွက်လာမယ့် ကြံတွေကို မဝယ်ပါက ဒေသခံတွေ စားဝတ်နေရေးအတွက် အခက်ခဲများစွာ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။