ပုလောမြို့နယ်အတွင်းက CDM ဝန်ထမ်း အယောက် ၂၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

ပုလောမြို့နယ်အတွင်းက CDM ဝန်ထမ်း အယောက် ၂၀ ခန့်ကို စစ်ကောင်စီတပ် ဖမ်းဆီးသွား

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ရေးပိုမို ဝင်ရောက်လှုပ်ရှားနေသည့် မြိတ်(ဘိတ်)ခရိုင်၊ ပုလောမြို့နယ်အတွင်းက အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်သူ အယောက် ၂၀ ဦးခန့်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

၎င်းက “ညနေ ၆ နာရီ ခွဲအချိန်လောက်က သူတို့ ဘယ်ကို သွားလာတာလဲ မသိဘူး။ ထွက်ပြေးရင်းနဲ့လား မသိဘူး အဲ့ဒါ ဖမ်းမိသွားတယ်။ မနေ့ညက စစ်တပ်က တက်ဝိုင်းတော့ ပြေးလွှားရင်းနဲ့ ဖမ်းမိသွားတယ် ထင်ပါတယ်။ အဲ့ထဲမှာ ဒေါက်တာ တစ်ယောက်ပါတယ်ကြားတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားသူများကိုလည်း စစ်ကောင်စီဘက်မှ ဒေသခံ ရွာသားများရှေ့မှောက်တွင် ရိုက်နှက် ထုထောင်းမှုများ ပြုလုပ်ခဲ့သေးကြောင်းလည်း ၎င်းဒေသခံ သတင်းအရင်းအမြစ်က ဆက်ပြောသည်။

လတ်တလောတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ပုလောမြို့နယ် ရှမ်းဒွတ်၊ မဒေါ၊ ရေရှမ်း၊ ဂျက်ဂါ၊ မိချောင်းသိုက်၊ ချောင်းလှ အစရှိသည့် ကျေးရွာအုပ်စုအတွင်း စစ်ရေး ဝင်ရောက်လှုပ်ရှားမှု များလာသလို ယမန်နေ့က စစ်အင်အား ၆၀ ဖြင့် တက်လာပြီး ယနေ့တွင်လည်း နောက်ထပ် စစ်အင်အား ၅၀ ခန့် တိုးမြှင့် လာကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ စစ်ရေး ဝင်ရောက်လှုပ်ရှားလာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသလို ဒေသခံ ကျေးရွာသားများလည်း ဘေးလွတ်ရာသို့ ထွတ်ပြေးတိမ်းရှောင် နေကြရကြောင်း KNU တာဝန်ရှိသူများနှင့် ဒေသခံများက ပြောသည်။

CDM ဝန်ထမ်းများအဖမ်းခံရမှု နှင့်ပတ်သက်ပြီး KNU ဘိတ်ထားဝယ်ခရိုင်(တပ်မဟာ -၄)၏ ပြောခွင့်ရ ပဒို စောဖလောစိုးဝင်းက “အဲ့ဒီ CDM ဖမ်းခံရတဲ့ သတင်းတော့ မကြားမိပါဘူး။ တစ်ခုရှိတာက စစ်ကောင်စီဘက်က ဝင်လာလို့ တိုက်ပွဲဖြစ်ပြီး ထွက်ပြေးတဲ့ ရွာသားတွေကို ရွာပြင်မှာတွေ့တော့ ခေါ်စုပြီး ပြန်ခေါ်သွားပြီးတော့ ပြန်လွှတ်ပေးတာပါပဲ” ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် လက်ရှိ အဖမ်းဆီးခံထားရသော CDM ဝန်ထမ်းများတွင် မည်သူမည်ဝါ ပါဝင်ကြောင်းကို ကေအိုင်စီ အနေဖြင့် သီးခြားအတည်အပြုနိုင်ခြင်းမရှိသေးဘဲ နယ်မြေခံ KNU တပ်မှူးတစ်ဦးကမူ CDM ၃ ဦးသာ အဖမ်းဆီး ခံရပြီး ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးသွားသဖြင့် အသက်ရှင်ရန်လည်း မသေချာကြောင်း ပြောဆိုသည်။

၎င်းက “ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ ၃ ယောက်တော့ ဖမ်းသွားတယ်။ မဒေါဘက်မှာ ဖမ်းသွားတာ။ သူတို့ကို သတ်မယ်လို့ ထင်တယ်။ အသက်ရှင်ဖို့တော့ အလားအလာမရှိဘူး"ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင်လည်း ပုလောမြို့နယ် မဒေါကျေးရွာအတွင်းသို့ စစ်ရေး ဝင်ရောက် လှုပ်ရှားလာသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၂၈၅) တပ်ဖွဲ့ဝင်များသည် ဒေသခံ အရပ် သား(၂၀) နီးပါးကို လူသားဒိုင်းအဖြစ် ရွာဘုန်းကြီးကျောင်းတွင် ခေါ်ယူဖမ်းဆီးထားကြောင်းလည်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီဘက်မှ ၎င်းဒေသအတွင်းသို့ စစ်ရေး ပိုမိုဝင်ရောက်လှုပ်ရှားမှုများပြုလုပ်နေပြီး နယ်မြေခံ KNU တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် စစ်ရေးတင်းမာမှုများရှိသော်လည်း စစ်ကောင်စီ ဘက်မှာ ဒေသခံရွာသားများကို လူသားဒိုင်းသဖွယ် ခေါ်ယူအကာအကွယ်ပြုထားသောကြောင့် တိုက်ခိုက်မှုပြုရန် ခက်နေကြောင်း ဒေသခံ PDF တပ်ဖွဲ့ဝင်များဘက်က ပြောသည်

November 13, 2024
မူတြော်ခရိုင်၊ ဖာပွန်မြို့နယ်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ၊ စစ်ဗျူဟာချုပ်(စဗခ-၁)...
November 12, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် နဘုလယ်ဒေသတွင် စစ်ကောင်စီက...
November 12, 2024
ရထိုက်၏ အွန်လိုင်းကုမ္ပဏီအားလုံးကို ယခုနှစ် ၁၀ လပိုင်းအတွင်း အပြီးတိုင်ဖျက်သိမ်းသွားမည်ဆိုသည့်...
November 12, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တစ်ခုလုံးအတိုင်းအတာအနေဖြင့်...