ရခိုင်ဝန်ကြီးတစ်ဦးဇနီးဟောင်းက အစိုးရတရားလိုအဖြစ် သက်သေထွက်ဆို

ရခိုင်ဝန်ကြီးတစ်ဦးဇနီးဟောင်းက အစိုးရတရားလိုအဖြစ် သက်သေထွက်ဆို

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒပုဒ်မဖြင့် တရားစွဲခံနေရသည့် ရခိုင်ဝန်ကြီးသုံးဦးကို နိုဝင်ဘာ ၁၀ ရက်နေ့က အမှုစစ်ဆေးရာ ယခင် ဘဏ္ဍာ/အခွန်/ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၏ ဇနီးဟောင်း ဒေါ်စောသိင်္ဂီထွန်းက တခြားသက်သေ ၃ ဦးနှင့် အတူ အစိုးရတရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်ဟု သတင်းရရှိသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍာ/အခွန်/ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်/ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ ၃ ဦးနှင့် ပတ်သက်၍ တရားလိုပြသက်သေ ၃ ဦးကို စစ်တွေအကျဉ်းထောင်အထူးတရားရုံး၌ ဝန်ကြီးဦးကျော်အေးသိန်း၏ ဇနီးဟောင်း ဒေါ်စောသိင်္ဂီထွန်းနှင့် တရားလိုပြ သက်သေ ၃ ဦးကို စစ်ဆေးခဲ့သည်ဟု  သိရသည်။

ဝန်ကြီးဟောင်းဦးကျော်အေးသိန်း၏ ဇနီးဟောင်း ဖြစ်သည့် ခိုင်ပြည်စိုး အထည်ချုပ်စက်ရုံပိုင်ရှင် ဒေါ်စောသိင်္ဂီထွန်းနှင့် အတူ  ပြည်နယ်တည်ဆောက်ရေးကော်မတီမှ ဒေါ်ခင်သန်းရွှေနှင့် ဆောက်လုပ်ရေး QC ကိစ္စနှင့်ပတ်သက်ပြီး စစ်တွေမြို့၊ ပြည်တော်သာ ရပ်ကွက်ရာအိမ်မှူး ဦးမောင်သိန်းတို့ဖြစ်ကြသည်ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေ ဦးမျိုးမြတ်ဟိန်းက နိရဥ္စရာကို ပြောသည်။

“သူတို့ ၃ ယောက်ကို မနေ့က စစစ်ခဲ့တာ ဟုတ်ပါတယ်” ဟု ပြောသည်။

၎င်းဝန်ကြီးဟောင်း ၃ ဦး၏အမှုကို နိုဝင်ဘာ ၁၂ ရက်နေ့နှင့် ၂၄ ရက်နေ့တွင် ထပ်မံရုံးချိန်း ခေါ်ယူထားကြောင်း သူက ဆက်ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖြင့် အမှုရင်ဆိုင်နေရသည့် ဝန်ကြီးများမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင်၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ဖြစ်ကြသည်။

၄င်းတို့ကို နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာစေသည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ(၅၅)ဖြင့် သြဂုတ်လ (၁၂) ရက်နေ့က စစ်တွေမြို့မရဲစခန်းတွင် အမှုစတင်ဖွင့်တရားစွဲဆိုခဲ့သည်။

ယင်းတို့အနက်မှ ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ) အမှုတစ်မှုကိုလည်း ရင်ဆိုင်နေရသည်။

အလားတူ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ(၂၅)နှင့် ငြိမ်းစုစီဥပဒေပုဒ်မ(၁၉)တို့ဖြင့် စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ် ၂ နှစ်နှင့် ၂ လ ကျခံခဲ့ရသော်လည်း အောက်တိုဘာ ၂၂ ရက်နေ့တွင် အမှုရုတ်သိမ်းခံခဲ့ရပြီး လက်ရှိတွင် အဂတိမှုဖြင့် တရားစွဲခံနေရခြင်းဖြစ်သည်ဟု သိရသည်။

၄င်းတို့ ၅ ဦးအနက် ဝန်ကြီးဟောင်း ဦးမင်းအောင်နှင့် ဝန်ကြီးဟောင်း ဦးကျော်လွင်တို့အမှုကို မနက်ဖြန် နိုဝင်ဘာလ ၁၂ ရက်တွင် ဆက်လက်စစ်ဆေးသွားမည်ဟု သိရသည်။

Most read this week

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...