ရခိုင်စစ်ရှောင်စခန်းများတွင် တုပ်ကွေးကူးစက်ခံရသူ အများအပြားရှိနေ

ရခိုင်စစ်ရှောင်စခန်းများတွင် တုပ်ကွေးကူးစက်ခံရသူ အများအပြားရှိနေ

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်အများအပြား ရာသီတုပ်ကွေးရောဂါကူးစက်ခံနေရကြောင်း သိရသည်။

ကျောက်တော်မြို့နယ်မှ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ဖျားနာခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း စသည့်ရောဂါလက္ခဏာများဖြစ်ပွားနေသူ အများအပြားရှိကြောင်း စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က DMG သို့ ပြောသည်။

လက်ရှိမှာ အိမ်ထောင်တစ်စုလျှင် တစ်ဦးနှုန်းဖြင့် တုပ်ကွေးကူးစက်ခံနေရပြီး စခန်းတွင်လူထူထပ်စွာနေထိုင်ရခြင်းကြောင့် ကူးစက်မှုပိုများသည်ဟုလည်း စခန်းတာဝန်ခံက ဆိုသည်။

သို့ရာတွင် ကျန်းမာရေးဌာနမှ စစ်ဘေးရှောင်စခန်းများ၌ တစ်လလျှင်သုံးကြိမ် ဆေးခန်းဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးရန်သတ်မှတ်ထားသော်လည်း မြေပြင်တွင် စစ်ဘေးရှောင်များ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ဝစွာမရရှိကြကြောင်း ပြောဆိုနေကြသည်။

“ရာသီတုပ်ကွေးရောဂါ ကူးစက်ခံရသူ နာမကျန်းဖြစ်နေသူကို ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးစေချင်တယ်။ ဒါမှစစ်ဘေးရှောင်ဒုက္ခသည်တွေ အဆင်ပြေမှာ။ စားသောက်ဖို့အတွက်တောင် အနိုင်နိုင်ရုန်းကန်ကြိုးစားရှာနေတဲ့ စစ်ဘေးရှောင်တွေအတွက် ဆေးကုသမှုကိုပါအပြည့်အဝမရကြတော့ တစ်ပူပေါ် နှစ်ပူဆင့် ဒုက္ခရင်ဆိုင်ရတယ်”ဟု ညောင်ချောင်းစခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။

ကျန်းမာရေးဌာနမှ သက်ဆိုင်ရာမြို့နယ်အလိုက် စစ်ဘေးရှောင်စခန်းများကို ကျန်းမာရေးစောင့်ရှောက်မှုများပေးနေပြီး ရက်သတ္တပတ်မှာနှစ်ကြိမ်ခန့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်လည်း စီစဉ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

“အခုချိန်မှာ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးနေတာကြောင့် ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ စစ်ဘေးရှောင်စခန်းတွေဆီသွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးနိုင်တာလည်းဖြစ်နိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

စစ်ဘေးရှောင်စခန်းများတွင် ရာသီတုပ်ကွေးကူးစက်ခံရသူများမှာ ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက်ကုသမှုခံယူရန် ငွေကြေးအခက်အခဲရှိသဖြင့် နီးစပ်ရာဆေးဆိုင်များမှ စပ်ဆေးများကိုသုံးနေရကြောင်း မြောက်ဦးမြို့နယ်၊ ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ဦးသိန်းကျော်မြက ပြောသည်။

မြောက်ဦးမြို့နယ်၊ မြတန်ဆောင်းစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ကျမဆို တုပ်ကွေးကူးခံရတာ အိပ်ရာကမထနိုင်ဘူး။ ဆေးဝယ်သောက်ဖို့လည်း ပိုက်ဆံမရှိဘူး။ အဲဒါကြောင့် ကျန်းမာရေးဌာနကဝန်ထမ်းတွေ၊ တာဝန်ရှိအစိုးရပိုင်းက လူကြီးတွေက စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ပြည့်ပြည့်ဝဝပေးစေချင်တယ်”ဟု ပြောသည်။

စစ်ဘေးရှောင်စခန်းတွင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များမှာ ရာသီတုပ်ကွေးကူးစက်ခံရမှုပိုများကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာမလုံလောက်သည့် အခက်အခဲများလည်းရှိနေကြောင်း သိရသည်။

ရာသီအပြောင်းအလဲကြောင့် လက်ရှိအချိန်တွင် ရာသီတုပ်ကွေးကူးစက်ခံရသူအများအပြားရှိနေပြီး စစ်တွေမြို့ရှိ ဆေးခန်းများတွင် လာရောက်ဆေးကုသမှုခံယူသူ မြင့်တက်နေသည်။

ရာသီတုပ်ကွေးမှာ ဆောင်းရာသီသို့ကူးပြောင်းချိန်တွင် အဖြစ်များပြီး ဗိုင်းရပ်စ်ပေါင်း(၁၅၀၀)ထဲမှ ရိုးရိုးရာသီတုပ်ကွေးအမျိုးအစားတစ်ခုဖြစ်ကာ အားနည်းသည့်သူများတွင် ပိုမိုကူးစက်မြန်သည်ဟု စစ်တွေမြို့ ဝေဘူလဆေးခန်းမှ ဒေါက်တာမျိုးညွှန့်က DMG သို့ ပြောကြားထားသည်။

Most read this week

အောက်တိုဘာ ၁၀ ရက်နေ့တွင် ကျောက်တော်မြို့ ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲပြီးနောက်။ (ဓာတ်ပုံ - ABN)
November 14, 2024
ရခိုင်ပြည်တွင် တိုက်ပွဲစတင်သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်အထိ...
November 14, 2024
ရခိုင်ပြည်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏...
မတ်လ ၇ ရက်၊ ၂၀၂၁ ခုနှစ်တွင် ရိုက်ကူးထားသည့် စစ်တွေမြို့ရှိ စစ်ကောင်စီပိုင် အင်းဝဘဏ်ရှေ့မြင်ကွင်း။
November 13, 2024
ရခိုင်ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင်းနေရာတချို့တွင် စစ်ကောင်စီက ခံတပ်အခိုင်အမာ...
November 13, 2024
ရခိုင်ဒေသအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများသည် အချိန်ကာလအားဖြင့်...