သျှမ်းပြည်မြောက်ပိုင်း သိန္နီ – နမ့်စလပ်ကြား လမ်းမတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီ ဝန်းကျင်တွင် သိန္နီမြို့ နှင့် နမ့်စလပ်ကြား လမ်းမကြီးတွင် ကားနှင့် ဆိုင်ကယ် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသူ ပွဲချင်ပြီး သေဆုံးသွားကြောင်း သိရသည်။
“ယာဉ်တိုက်မှုဖြစ်တာ။ ဆိုင်ကယ်သမားတော့ ခေါင်းကို ထိပြီး ချက်ချင်းသေဆုံးသွားတယ်။ ကားသမားကိုတော့ ရဲတွေ ခေါ်သွားပြီ။ ဆိုင်ကယ်သမားက ဘယ်သူလဲဆိုတာတော့ ကျနော်တို့လည်း မသိရသေးဘူး။” ဟု အနှိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်း သိန္နီမြို့က ပြောသည်။
ထို သိန္နီ − နမ့်စလပ် ကြားတွင် လမ်းကောင်းပြီး ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ထိုလမ်းတွင် ပြည်သူများအနေဖြင့် အသွားအလာ သတိထားသင့်ကြောင်း၊ ထို့အပြင် ဆိုင်ကယ်သမားများအနေဖြင့်လည်း ဆိုင်ကယ်ဦးထုပ် ဆောင်းပြီး သွားလာသင့်ကြောင်း ပရဟိတ အဖွဲ့ဝင်က ပြောသည်။
“ခဏခဏ ယာဉ်တိုက်မှုဖြစ်တယ်။ အရင်က နေ့တိုင်းလိုလိုဘဲ အလောင်းသွားကောက်ယူပေးရတာ။ အခုက ကိုဗစ် ဆိုတော့ နည်းလာတယ်။ လမ်းက ကောင်းတော့ အမြန်မောင်းကြတယ်လေ။ ဘယ်လိုမောင်းမောင်း ဆိုင်ကယ်ဦးထုပ်တော့ အမြဲပါပြီး မောင်းသင့်တယ်။ အခုလိုမျိုး ခေါင်းထိ ဒဏ်ရာရပြီး သေဆုံးမှုမဖြစ်အောင်” ဟု သိန္နီမြို့ ပရဟိတက ပြောသည်။
သီန္နီ − နမ့်စလပ် လမ်းတွင် ယခုနှစ်အတွင်း ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ (၇၁)ဦး ရှိနေပြီဖြစ်ကြောင်း သိရသည်။