သံဖြူဇရပ်မြို့ နယ် ဝယ်သွန်ချောင်ရွာလယ်ပိုင်းတွင် နိုဝင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ဓားခုတ်မှုဖြစ်ပွားခဲ့ကြောင်း စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
မျက်နှာနှင့် လက်တွင် ပြတ်ရှဒဏ်ရာများရရှိသည်အထိ ဓားခုတ်ခံထားရသူ ဒေါ်တင်စိန် (ခ)ဒေါ်ရှိန်းကို မော်လမြိုင်ဆေးရုံထံသို့ ပို့ဆောင်ခဲ့ကြောင်း အသင်းတာဝန်ခံတစ်ဦးက ဆိုသည်။
"လူနာကို သွားခေါ်ပြီး မော်လမြိုင်ဆေးရုံကိုပို့ပေးခဲ့ပါတယ်။ ဓါးခုတ်မှု ဘာကြောင့်ဖြစ်လဲတော့ ကျွန်တော်တို့မသိရပါဘူး။ လူနာစောင့်နဲ့တစ်ခါထဲ မော်လမြိုင်ဆေးရုံမှာထားခဲ့ပါတယ်"ဟု စေတနာရှင် ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဓားခုတ်သူမှာ ဒေါ်တင်စိန်၏ ဘေးချင်းကပ်လျက်အိမ်မှ ဦးကွန်ကြည် ဆိုသူဖြစ်ကြောင်း သိရသည်။
"ခုတ်တဲ့သူက အဘွားတို့ရဲ့ခြံချင်းကပ်ရက်ကပါ။ အရင်က ရန်ညှိုးရှိတယ်။
အခုခုတ်တဲ့သူကထွက်ပြေးသွားပြီ မမိလိုက်ဘူး။ အဘွားကတော့ အခုမော်လမြိုင်ဆေးရုံကြီးမှာပါ"ဟု ဒေါ်တင်စိန်၏ တူမဖြစ်သူက ဆိုသည်။
ဦးကွန်ကြည်မှာ ရာဘာခြစ်သည့်အလုပ်လုပ်ကိုင်သူဖြစ်ပြီး စိတ်မနှံ့သူတစ်ဦးဟု ရပ်ကွက်မှ မှတ်ယူထားသူတစ်ဦးဖြစ်ကြောင်း ရွာခံတစ်ဦးကဆိုသည်။
အခင်းဖြစ်ပွားသည့်နေရာကို ရဲတပ်ဖွဲ့ဝင်များလာရောက်စစ်ဆေးခဲ့ပြီး တရားခံဖြစ်သူက ထွက်ပြေးသွားကြောင်း သိရသည်။
"မနှစ်က ဒေါ်တင်စိန်ရဲ့ယောကျာ်းနဲ့ သူ့မိန်းမ ဖောက်ပြန်ပါတယ်ဆိုပြီး ဒေါ်တင်စိန့်ယောကျာ်းကို သေနတ်နဲ့ပစ်ပြီး အိမ်ကထွက်ပြေးနေတာ။ မနက်ကမှ ဘယ်ကရောက်လာလဲမသိဘူး။ ဓားနဲ့ခုတ်ပြီး ထပ်ပြေးပြန်ပြီ" ဟု ဦးကွန်ကြည်၏ အိမ်နီးချင်းတစ်ဦးကဆိုသည်။
သို့ရာတွင် ယင်းကဲ့သို့ ဦးကွန်ကြည် စိတ်မနှံ့နေသည်ဟု ရွာခံတစ်ဦးပြောဆိုချက်အပေါ် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အလားတူ ဝယ်သွင်ချောင်ကျေးရွာအနီးရှိ ဝယ်ဝင်္ကရာကျေးရွာမှာလည်း ၂၀၁၆ ခုနှစ် ဧပြီလထဲတွင် မူးယစ်ဆေးသုံးစွဲမှုကြောင့် စိတ်ချို့ယွင်းသည်ဟုယူဆရသူ အသက်(၄၁) ခန့်ရှိ နိုင်ယုံဆိုသူက ၎င်း၏နေအိမ်ကို မီးရှို့ပြီး ပတ်ဝန်းကျင်ရှိသူများအား ရွာအနှံ့ဓါးနှင့်လိုက်လံခုတ်ရာ ပြည်သူ့စစ်တစ်ဦးအပါအဝင် ရွာသား (၆) ဦးသေဆုံးခဲ့ပြီး (၆) ဦး ဒဏ်ရာရရှိသည့်ဖြစ်စဥ် ရှိခဲ့သည်။