ကရင်နီပြည်နယ်က စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်နဲ့ ကျန်းမာရေးဝန်ဆောင်မှုလိုအပ်ချက် တွေအတွက် အရေးပေါ်ဆောင်ရွက်သွားမယ်လို့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ကျန်းမာရေးကော်မတီ တာဝန်ခံ တစ်ဦးက ပြောပါတယ်။
၎င်းက ” စစ်ဘေးရှောင်တဲ့နေရာမှာ ပုန်းခိုနေတဲ့ လူထုတွေရဲ့ ကျန်းမာရေး နောက်ဒီကိုဗစ်ကာလပေါ့။ ကိုဗစ်ရောဂါအခြေအနေပေါ်မှာ တုံ့ပြန်ဆောင်ရွက်မှုတစ်ခုကို ပြုလုပ်ဖို့ ကျနော်တို့ ဆုံးဖြတ်လိုက်ပြီး ကျနော်တို့ လူထုတွေရဲ့ ကရင်နီပြည်နယ်မှာ လိုအပ်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကျနော်တို့ ချိတ်ဆက်လုပ်ဆောင်ပေးနိုင်ဖို့ ဆိုပြီးတော့ ကျန်းမာရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ရတာပါ” လို့ ပြောပါတယ်။
စစ်ဘေး ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်ရောဂါပြန့်ပွားမှုဘပိုများလာတဲ့အတွက် ဆေးဝါးကုသမှုတွေ ကာကွယ်မှုတွေ လိုအပ်ချက်တွေရှိနေသေးတယ်လို့ KSCC ကျန်းမာရေးကော်မတီ တာဝန်ခံ ကပြောပါတယ်။
” အခုကတော့ ဒီစစ်ဘေးရှောင်မှာပေါ့နော။ ဒီကိုဗစ်ပြဿနာက အဆိုးဝါးဆုံးပေါ့လေ။ နောက်ဒီကိုဗစ်ရဲ့ ဒဏ်ကိုပေါ့လေ။ ကိုဗစ်ရဲ့ ကူးစက်ပျံ့ပွားမှုပေါ့နော။ အရမ်းနဲ့ များပြားလာတာကို တွေ့ရတယ်။ အဲ့ဒီဆေးဝါးကုသမှု ဒီကာကွယ်မှုပေါ့နော။ အဲ့ဒီအစီအစဉ်တွေ အများကြီး လိုအပ်နေတာကို ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ ဒီမိခင်နဲ့ ကလေးပေါ့နော။ ပြုစုစောင့်ရှောက်မှု လုပ်ငန်းအပိုင်းမှာ အများကြီးလိုအပ်နေတာကို ကျနော်တို့ တွေ့ရတယ်။ “
ကရင်နီပြည်နယ်မှာ စစ်ကောင်စီကြောင့် သေဆုံးသူ တွေထဲမှာ စစ်ဘေးရှောင်ရင်း ကျန်းမာရေးစောင့်ရှောင့်မှုမခံရလို့ သေဆုံးသူတွေလည်းရှိတယ်လို့ ကရင်နီလူ့အခွင့်အရေး ဒါရိုက်တာ ဦးဗညားက ပြောပါတယ်။
” ဖေဖော်ဝါရီလကနေ အောက်တိုဘာလအထိ ၉၂ယောက်ရှိပြီ ၆၀%က ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတဲ့ပုံစံဖြစ်တယ် ဖျားနာသေ၊ လက်နက်ကြီးထိသေ၊ ပျောက်ဆုံးဖမ်းဆီးပြီးသေတဲ့စာရင်းက အများစုဖြစ်တယ်။”
ကရင်နီပြည်နယ်က စစ်ဘေး ဒုက္ခသည်တွေအတွက် ကျန်းမာရေးဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနိုင်ဖို့အတွက် KSCC က ကျန်းမာရေးကော်မတီကို နိုဝင်ဘာလ ၃ ရက်နေ့မှာ ဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီဖို့အဖွဲ့ဝင် ၇ ဦးနဲ့ အောက်တိုဘာလ ၂၃ ရက်က ဖွဲ့စည်းထားပြီး လက်ရှိမှာတော့ NUG ရဲ့ အမျိုးသား ကိုဗစ် 19 ကာကွယ်ထိန်းချုပ်ရေးကော်မတီနဲ့ ချိတ်ဆက်လုပ်ဆောင်နေတာတွေရှိလို့ သိရပါတယ်။
ကရင်နီပြည်နယ်မှာမေလက စတင်တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေး ဒုက္ခသည် တစ်သိန်းခွဲဝန်းကျင်ခန့် ရှိနေပါတယ်။