တနင်္သာရီတိုင်း ပုလောြမို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ပျူစောထီးအဖွဲ့ဝင်ဆိုသူ သုံးဦးကို လက်နက် ၈ လက်နှင့်အတူ သိမ်းဆည်းရမိသည်ဟု ပုလောပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF-Palaw မှ သတင်းနှင့် ပြန်ကြားရေး အရာရှိက ပြောသည်။
စစ်ကောင်စီ၏ ခလရ ၂၈၅ တပ်ရင်းမှ တပ်ဖွဲ့များနှင့် ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂၆ ရက်နေ့တွင် နယ်မြေရှင်းလင်းခဲ့စဉ် ဖမ်းမိခြင်းဖြစ်သည်ဟု ပြောသည်။
PDF-Plaw တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိက “သူတို့ကို အနိုင်ကျင့်ရိုက်နှက်စစ်ဆေးတာမျိုး ကျနော်တို့မလုပ်ပါဘူး။ နိုင်ငံတကာစံနှုံးနဲ့အညီ လုံခြုံတဲ့နေရာတခုမှာ ထိန်းသိမ်းထားပါတယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်အရေးယူနိုင်ဖို့ လုပ်နေပါတယ်” ဟု ပြောသည်။
ပုလောမြို့နယ် မိကျောင်းသိုက်ကျေးရွာ အနီးတဝိုက်တွင် အောက်တိုဘာလ ၂၁ ရက်နေ့ မှ ၂၄ ရက်နေ့ အထိ ၄ ရက် အတွင်း PDF- Palaw၊ ဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ LPDF တို့ ၃ ဖွဲ့ ပူးပေါင်းကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်ဟုလည်း ၎င်းတို့က သတင်းထုတ်ပြန်ထားသည်။
PDF-Plaw အဖွဲ့၏ အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်း သတင်းထုတ်ပြန်ချက်တွင် လက်နက်များအပါအဝင် စစ်ကောင်စီတပ်၏ ယူနီဖောင်းများ၊ ကျည်နဲ့ ငွေကြေးအချို့တို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဓါတ်ပုံနှင့်တကွ ဖော်ပြထားသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိ ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး၊ အယောက် ၂၀ ဝန်းကျင်ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု သတင်းထုတ်ပြန်ထားသည်။
DF-Plaw အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် သေဆုံးမှုနှင့် ပြင်းထန်ဒဏ်ရာရရှိသူ တစ်ဦးမှမရှိဘူးဟု သိရသည်။
ယခုဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါ။