ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လေးမြို့မြစ်ကမ်းဘေးရှိ လက်မ (ရခိုင်) ကျေးရွာတွင် နှစ်စဉ်ကမ်းပါးပြိုကျမှုများကြောင့် လူနေအိမ်များပျက်စီးမှုဖြစ်ပေါ်နေသဖြင့် ကမ်းထိန်းနံရံပြုလုပ်ရန်လိုအပ်နေကြောင်း ဒေသခံများကပြောသည်။
လက်မ (ရခိုင်ရွာ) ကျေးရွာတွင် ယခင်က အိမ်ခြေ (၁၀၅) ဆောင်ရှိခဲ့ရာမှ နှစ်စဉ်ကမ်းပါးပြိုကျမှုများကြောင့် လက်ရှိတွင် အိမ်ခြေ (၄၅) ဆောင်သာ ကျန်ရှိတော့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။
“ကမ်းပါးပြိုလို့ ရွာမှာအိမ်ကသိပ်မကျန်တော့ဘူး။ တစ်ခြားအနီးအနားက ရွာတွေကတော့မပြိုဘူး။ ကျနော်တို့တစ်ရွာတည်းပဲ ရေတိုက်စားပြီးပြိုနေတာ။ ဒီနှစ်အများပြိုတယ်။ ဒါပေမယ့်ကံကောင်းတာတစ်ခုက အရင်နှစ်တွေက ကမ်းပါးအရမ်းပြိုတဲ့အတွက် လူတွေက အိမ်တွေပါသွားမှာကိုကြောက်လို့ ကမ်းနဲ့ဝေးတဲ့ နေရာတွေကို ကြိုတင်ပြောင်းကြတဲ့အတွက် အိမ်တွေတော့ပါမသွားဘူး။ အိမ်ယာမြေတွေပဲပါသွားတယ်။ သူတို့တွေကတော့ တစ်ခြားကမ်းနဲ့ဝေးတဲ့နေရာတွေမှာ ရွာပုံစံလုပ်ပြီးနေကြတယ်” ဟု ၄င်းကပြောသည်။
ယင်းသို့ကမ်းပါးပြိုကျမှုများကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားသူများအပြင် အသက်မွေးဝမ်းကျောင်းအတွက် လုပ်ကိုင်စားသောက်နေသည့် သီးနှံစိုက်ခင်းများ ကမ်းပြိုရာတွင်ပါသွားကြသူများလည်းရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ကကမ်းပြိုရာ၌ နေအိမ်နှင့်ဟင်းခင်းများပါရှိသွားသူ ဒေါ်မတင်ဝင်းက ၄င်းတို့မိသားစု အသက်မွေးဝမ်းကျောင်းပြုကာ လုပ်ကိုင်စားသောက်နေသည့် စိုက်ခင်းများပါရှိသွားသောကြောင့် ကြုံရာကျပန်းလုပ်ကိုင်ကာ ရုန်းကန်လာခဲ့ရပြီး ယခုအချိန်ထိ ပြန်လည်ရပ်တည်နိုင်ခြင်းမရှိသေးဘဲ အခက်အခဲဖြစ်နေကြောင်း ဆိုသည်။
“အိမ်ပါသွားတဲ့ နှစ်တစ်နှစ်ကတော့ ICRC အဖွဲ့က ကယ်ဆယ်ရေးတွေလာပေးတယ်။ အဲဒီနောက်ပိုင်းတော့ ဘာကယ်ဆယ်ရေးမှမရတော့ဘူး။ ကျမတို့မိသားစုက ဒီစိုက်ခင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေရတာဆိုတော့ တစ်ခြားလုပ်ကိုင်စားသောက်စရာ ဘာမှမရှိဘူး။ သူများစိုက်ခင်းတွေမှာ ဟင်းပင်အငှားစိုက်ပြီးတော့ ရုန်းကန်နေလာရတာ။ အခုထိ အိမ်ပြန်မဆောက်နိုင်သေးဘူး။ လက်ရှိနေတဲ့အိမ်လေးတောင် ရွာကကူညီပေးထားတာ။ အခုဆိုရင် ကိုဗစ်နဲ့အလုပ်ကလည်းမရှိတော့ စားဝတ်နေရေး ပိုကျပ်တည်းတယ်" ဟု ဆိုသည်။
နေအိမ်နှင့်ဟင်းခင်းများ ကမ်းပါးပြိုရာတွင်ပါသွားသဖြင့် ကျေးရွာအထက်သို့ ပြောင်းရွေ့နေထိုင်ခဲ့သော်လည်း လက်ရှိတွင် ရွာအထက်ကပါ ကမ်းပါးပြိုကျလာနေသည့်အတွက် နေစရာမရှိတော့မည်ကို စိုးရိမ်ကြောင်း လက်မကျေးရွာမှ ဦးနီသာအောင်က ပြောသည်။
“တစ်သက်လုံးစုဆောင်းလာခဲ့တဲ့ အိမ်နဲ့ စိုက်ခင်းတွေပါသွားတော့ စိတ်မကောင်းဖြစ်တာပေါ့။ ဒါပေမယ့် ဘာမှမတတ်နိုင်ဘူးလေဆိုပြီးတော့ ရှာကြံပြီး ရွာထဲမှာ အိမ်လေးတစ်လေးတစ်ဆောင်ဆောက်ပြီး ဖြစ်သလိုနေလာခဲ့တာ။ အခု ဒီနှစ်မှာ ကမ်းပြိုတာက ရွာထဲအထိရောက်လာပြီ။ ကျနော်တို့အိမ်နားကို ရောက်တော့မယ်။ ဒီတစ်ခါလည်း ကမ်းပြိုတဲ့အထဲပါသွားရင်တော့ နေစရာမရှိတော့ဘူး။ ဆုံးရှုံးသွားတာတွေကို ပြန်ရှာဖို့ကလည်း အသက်က ၈၀ ကျော်နေပြီ။ ဘယ်လိုသွားရှာပြီးစုရတော့မလဲ” ဟု ၄င်းကဆိုသည်။
လက်မ (ရခိုင်) ကျေးရွာမှာ မြစ်ရေတိုက်စားမှုကြောင့် ပြီးခဲ့သည် ဆယ်စုနှစ်လောက်ကတည်းက နှစ်စဉ်ကမ်းပါးပြိုလာနေခြင်းဖြစ်ပြီး လာမည့်နှစ်များတွင်လည်း ယခုကဲ့သို့ဆက်လက်ပြိုနေမည်ဆိုပါက ရွာသားများအတွက်အခက်အခဲပိုဖြစ်လာနိုင်သဖြင့် ကမ်းထိန်းနံရံများပြုလုပ်ပေးရန်လိုအပ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ပြောသည်။
“ကမ်းက တစ်နှစ်မှာ ပေ(၁၀၀)လောက်ပြိုနေတယ်။ ဒီတိုင်းဆက်ပြိုနေမယ်ဆိုရင် ရွာသားတွေ နေစရာမရှိတော့ဘဲ အခက်အခဲတွေဖြစ်လာလိမ့်မယ်။ ကျနော်တို့ရွာသားတွေက အရမ်းဆင်းရဲတော့ အိမ်ယာတွေပြန်ဝယ်ပြီး ပြန်ဆောက်ဖို့ဆိုတာလည်း မလွယ်ဘူး။ ၂၀၁၄၊ ၂၀၁၅လောက်ကတော့ ကမ်းပါးမှာ ကျောက်လုံးတွေချတယ်၊ အာဆီတိုင်တွေစိုက်ပြီးလုပ်ခဲ့ပေမယ့် ထိန်းမနိုင်ခဲ့ဘူး။ ဒါကြောင့် သက်ဆိုင်ရာအစိုးရအနေနဲ့ အခုလိုကမ်းပြိုနေတာတွေကို ကူညီပေးစေချင်တာပေါ့။ ကမ်းမပြိုအောင် ပိုကောင်းမွန်တဲ့ ကမ်းထိန်းနံရံတွေလုပ်ပေးစေချင်တယ်” ဟု ၄င်းကပြောသည်။
လက်ရှိတွင် ကမ်းပါးပြိုရာ၌နေအိမ်ပျက်စီးဆုံးရှုံးသွားသူများထဲမှ အချို့မှာ ကျေးရွာအပြင်ဘက်ရှိ လက်မဓာတ်စေတီတောင်ရင်းတွင် အခြေချနေထိုင်နေကြပြီး အချို့မှာ ရွာပြင်ရှိလယ်ကွင်းများ၌ တဲအိမ်များဆောက်ကာ နေထိုင်နေကြကြောင်းလည်း သိရသည်။