ရခိုင်မြို့ ၃ မြို့တွင် စစ်တပ်ထောက်ခံပွဲပြုလုပ်မှု နိုင်ငံရေးအရ အရေးမပါဟုဆို

ရခိုင်မြို့ ၃ မြို့တွင် စစ်တပ်ထောက်ခံပွဲပြုလုပ်မှု နိုင်ငံရေးအရ အရေးမပါဟုဆို

ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုဖြစ်သော တောင်ကုတ်၊ ကျောက်ဖြူနှင့် သံတွဲမြို့များတွင် စစ်တပ်ထောက်ခံပွဲများပြုလုပ်နေသည်မှာ နိုင်ငံရေးအရ အရေးမပါဟု ယူဆကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောသည်။

“ဒီဟာတွေက ပြည်သူတွေရဲ့ဆန္ဒလို့ပြောလို့မရဘူး။ သူတို့နဲ့ပတ်သက်တဲ့ ၊ ကြံ့ခိုင်ရေးနဲ့ပတ်သက်တဲ့ လူတစ်စုရဲ့ဆန္ဒပဲဖြစ်မယ်ထင်တယ်။ တပ်မတော်နဲ့တိုက်ပွဲဖြစ်နေတဲ့ AA ကို ကန့်ကွက်တာလားမေးခွန်းမေးရမှာဖြစ်တယ်။ စိတ်ဝမ်းကွဲစေတာမျိုးမဟုတ်ဘဲ တည်ငြိမ်နေတဲ့အနေအထားမှာ ဒီဟာကို မလုပ်ရင်ပိုကောင်းမယ်လို့ထင်တယ်။ လူတစ်စုကလုပ်တာဆိုတော့ နိုင်ငံရေးအားဖြင့်တော့ အရေးမပါဘူးလို့ယူဆတယ်”ဟု နိရဥ္စရာကိုပြောသည်။

ရခိုင်ပြည်နယ်ရှိ တောင်ကုတ်နှင့်ကျောက်ဖြူမြို့တို့တွင် ယနေ့ အောက်တိုဘာလ ၂၆ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သံတွဲမြို့နယ် ငပလီမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၂၅ ရက် နေ့လယ်ပိုင်းတွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်မြို့တွင်ပြုလုပ်ခဲ့သည့်ထောက်ခံပွဲကို သိမ်တောင်ရပ်ကွက်ရှိ ဦးဥတ္တမရုပ်တုရှေ့မှ စတင်ကာ ပန်းတောင်း-တောင်ကုတ်လမ်းအတိုင်း စီတန်းလှည့်လှည်ခဲ့ပြီး လူ ၄ဝဝ ခန့်ပါဝင်ခဲ့သည်ဟု သိရသည်။

တောင်ကုတ်ထောက်ခံပွဲကြီးကြပ်သူတစ်ဦးဖြစ်သူ တောင်ကုတ်မြို့နယ် ကြံ့ခိုင်ရေးပါတီကော်မတီဝင် ဦးကျော်ဇင်က “အခု နစကပေါ့။ အဲဒီက သွားနေတဲ့လမ်းကြောင်းရယ်၊ အိမ်စောင့်အစိုးရလမ်းကြောင်းရယ်က သူတို့ကလည်း ကတိပေးထားတဲ့အတိုင်းလုပ်မယ်လို့ယုံကြည်လို့ လက်ရှိလုပ်နေတဲ့လူတွေကို အနှောင့်အယှက်မပေးအောင် ကျွန်တော်တို့ကလည်း ထောက်ခံတယ်ဆိုတာပြသတာပါ” ဟု ပြောသည်။

အလားတူ ယနေ့နံနက်က ကျောက်ဖြူမြို့တွင်ပြုလုပ်ခဲ့သည့်ထောက်ခံပွဲတွင် လူဦးရေ ၈ဝ ခန့်ဝင်သည့်စစ်တပ်ထောက်ခံသူတို့သည် ကျောက်ဖြူမြို့ အစိုးရရပ်ကွက်မှ ရန်ကုန်-ကျောက်ဖြူကားလမ်းတလျှောက် မိနစ်ပိုင်းခန့် စီတန်းလှည့်လည်ကာ Welcome To Kyaukphyu ဆိုင်းဘိုးရှေ့တွင် လူစုခွဲခဲ့ကြသည်ဟု သိရသည်။

ကျောက်ဖြူမြို့ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက “လူတွေကတော့ တပ်ထောက်ခံပွဲဆိုတော့ တပ်မိသားစုတွေဖြစ်မှာပါ။ တပ်ပင်စင်စားတွေဖြစ်မယ်ထင်တယ်” ဟုပြောသည်။

အလားတူ သံတွဲမြို့ ငပလီမြို့တွင်လည်း ယမန်နေ့ နေ့လယ်ကပြုလုပ်ရာတွင် ငပလီမြို့ရှိ Mercel ဟိုတယ်ရှေ့တွင် လူဦးရေ ၁ဝဝ ခန့်လူစုကာ နာရီဝက်ခန့်အကြာလမ်းလျှောက်စီတန်းလှည့်လည်ခဲ့ပြီး အမေးဇင်းဟိုတယ်ရှေ့မရောက်မီ လူစုခွဲခဲ့ကြသည်ဟု သိရသည်။

ရခိုင်မြို့ ၃ မြို့တွင်ပြုလုပ်ခဲ့သည့်ထောက်ခံပွဲများတွင် စစ်သားများ၊ စစ်သားမိသားစုဝင်များနှင့် ကြံ့ခိုင်ရေးပါတီဝန်းရံသူများ ပါဝင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခုကဲ့သို့ထောက်ခံပွဲများပြုလုပ်ရာတွင် “ဒို့တာဝန်အရေးသုံးပါကို ဦးထိပ်ပန်ဆင်သော တပ်မတော်ကို ထောက်ခံပါသည်၊ အကြမ်းဖက်အဖွဲ့အစည်းများ အားပေးသော ပြည်ပနိုင်ငံများအား (အလိုမရှိ)၊ ပြည်ဖျက်မီဒီယာများ (ကျရှုံးပါစေ) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များ (အောင်ရမည်)၊ အကြမ်းဖက် NUG , CRPH , PDF (အလိုမရှိ) ၊ မဲသူခိုးပါတီ NLD (အလိုမရှိ)” စာသားပါ ဗီနိုင်းဆိုင်းဘိုးများကို ကိုင်ဆောင်ပြုလုပ်ခဲ့ခြင်းကြခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယမန်နေ့က ရခိုင်ပြည်နယ်မှ ငပလီမြို့အပါအဝင် မြန်မာနိုင်ငံရိ မိတ္ထီလာ၊ ပြင်ဦးလွင်၊ မန္တလေး၊ မြစ်ကြီးနားနှင့် မော်လမြိုင်စသည့်မြို့များတွင်လည်း ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

စစ်တွေတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်ကလည်း ယခုကဲ့သို့ စစ်တပ်ထောက်ခံပွဲကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

 
 

 

 

Most read this week

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...