စစ်ကောင်စီက လွတ်ပေးလိုက်သော နိုင်ငံရေးအကျဉ်းသားများကို ပြန်လည်ဖမ်းဆီးခြင်းများ ပြုလုပ်နေခြင်းသည် နိုင်ငံရေးအကျဉ်းသားများသာမက ၎င်းတို့၏ မိသားစုဝင်များပါ ပြင်းထန်သော စိတ်ဒဏ်ရာရစေသည်ဟု AAPP က ပြောသည်။
စစ်ကောင်စီက အောက်တိုဘာ ၁၈ ရက်စွဲဖြင့် လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားအချို့မှာ လွတ်မြောက် စာရင်းတွင်ပါဝင်ခဲ့သော်လည်း ထောင်ဗူးဝ၊ ထွက်ပေါက်ရောက်သောအခါ နောက်တိုးမှုဖြင့် ပြန်လည် ဖမ်းဆီးခံရ သူများရှိကြောင်း AAPP ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“သူတို့က ၅၀၅-က နဲ့ စွဲထားတဲ့ အမှုတွေပဲ ပယ်ဖျက်ပေးတာ။ တချို့က အနောက်မှာ တခြားပုဒ်မတွေ ပါတာရှိတယ်။ အဲ့ဒီလူတွေက မလွတ်ဘူး။ ၅၀၅ တောင် အထဲမှာ အများကြီးကျန်သေးတယ်” ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးကဆိုသည်။
ပြန်လည်လွတ်မြောက်လာသူများအနက်မှ အချို့သည် မိသားစုနှင့် နာရီပိုင်းမျှသာ တွေ့ဆုံခွင့်ရပြီးနောက် ပြန်လည်ဖမ်းဆီးခံရခြင်းသည် ကာယကံရှင် နိုင်ငံရေးအကျဉ်းသားများကို သာမက မိသားစုကိုပါ ပြင်းထန်သော စိတ်ဒဏ်ရာများရစေကြောင်း AAPP ကထောက်ပြခဲ့သည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ အောက်တိုဘာ ၂၁ ရက်နေ့က ထုတ်ပြန်သည့် အဆိုပါထုတ်ပြန်ချက်ထဲတွင် မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံရသူများအားလုံးသည် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများကို ခံခဲ့ရပြီး မျှတသော တရားစီရင်မှုလည်းမရရှိခဲ့ဘူးဟု ထောက်ပြပြောဆိုထားသည်။
စစ်ကောင်စီ၏ လုပ်ရပ်များသည် ရက်စက်ကြမ်းကြုတ်သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုဖြစ်ပြီး AAPP က ကောက်ခံရရှိသည့် စာရင်းမှတ်တမ်းများအရ လွတ်မြောက်ပြီး ပြန်လည်ဖမ်းဆီးခံရသူ နိုင်ငံရေးအကျဉ်းသား အယောက် ၁၁၀ ခန့်ရှိကာ မြေပြင်တွင် ထိုအရေအတွက်ထက် ပိုနိုင်သည်ဟု ဆိုသည်။
စစ်ကောင်စီ၏ လုပ်ရပ်သည် လူသားမဆန်သော လုပ်ရပ်ဖြစ်သည့်အတွက် မိမိတို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အနေဖြင့် ပြင်းထန်စွာရှုံ့ချကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိ စစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ထားသည့် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရန်အတွက် ထိရောက်သည့် အရေးယူမှုများ ဆက်လက်ဆောင်ရွက်ပေးရန်လည်း AAPP က နိုင်ငံတကာကို တိုက်တွန်းထားသည်။