ယနေ့မှစ၍ ပြည်တွင်းလေကြောင်းခရီးသည်များ ကိုဗစ်စစ်ပြီးမှ သွားလာခွင့်ရတော့မည်

ယနေ့မှစ၍ ပြည်တွင်းလေကြောင်းခရီးသည်များ ကိုဗစ်စစ်ပြီးမှ သွားလာခွင့်ရတော့မည်
လေကြောင်းခရီးသည်များတွင် ကိုဗစ်ပိုးရှိ/မရှိ စစ်တွေလေဆိပ်တွင် ရှောင်တခင် စစ်ဆေးခဲ့စဉ်က။
လေကြောင်းခရီးသည်များတွင် ကိုဗစ်ပိုးရှိ/မရှိ စစ်တွေလေဆိပ်တွင် ရှောင်တခင် စစ်ဆေးခဲ့စဉ်က။

ယနေ့မှစ၍ ပြည်တွင်းလေကြောင်းခရီးသည်များအနေဖြင့် ကိုဗစ်ပိုးစစ်ဆေးပြီးမှ သွားလာခွင့်ရတော့မည်ဟု သိရသည်။

ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ပြည်တွင်းလေကြောင်းခရီးစဉ်များတွင် လိုက်ပါမည်ဆိုပါက ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြု ဓာတ်ခွဲခန်းတစ်ခုခုတွင် ကိုဗစ်ပိုးမရှိကြောင်း ခရီးစဉ်မထွက်ခွာမီ ၃၆ နာရီအတွင်း ကိုဗစ်ပိုးစစ်ဆေးထားသည့် ဓာတ်ခွဲစမ်းသပ်ချက်အား ပြသနိုင်မှ သွားလာခွင့်ရမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ပြည်တွင်းလေကြောင်းလိုင်းများသို့ အကြောင်းကြားထားကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများမှ သိရသည်။

ရန်ကုန်ရှိ ရွှေလူငယ်လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက "အခုချိန်မှာက ဆေးထိုးထိုး၊ မထိုးထိုး ဆေးစစ်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေထွက်လာလို့ပါ" ဟု ပြောသည်။

သို့သော် လတ်တလောတွင် စစ်တွေမှ ထွက်ခွာမည့်လေကြောင်းခရီးသည်များနေအဖြင့် ကိုဗစ်စစ်ဆေးရန်မလိုသေးဘဲ ရန်ကုန်မှ စစ်တွေသို့လာရောက်မည့်လေကြောင်းခရီးသည်များသာ သတ်မှတ်ထားသည့် နေရာများတွင် စစ်ဆေးပြီးမှ လာရောက်ခွင့်ရမည်ဟု သိရသည်။

ရန်ကုန်တွင် ဆူးလေ Tourist Burma အဆောက်အအုံ၊ ပန်းလှိုင်ဆေးရုံ (လှိုင်သာယာ) နှင့် လေဆိပ်ကာဂိုတို့တွင် သွားရောက်စစ်ဆေးရမည်ဖြစ်ပြီး စစ်ဆေးခအနေဖြင့် ကျပ် ၂ သောင်းပေးဆောင်ရမည်ဖြစ်သည်။

ရန်ကုန်မှ စစ်တွေသို့လာမည့်ခရီးသည် မငြိမ်းငြိမ်းဌေးက ကိုဗစ်ရောဂါကူးစက်မှုကျဆင်းလာပြီးမှ ယခုကဲ့သို့ စစ်ဆေးမှုများပြုလုပ်ရသည့်အတွက် နားမလည်နိုင်ဖြစ်ရကြောင်း ပြောသည်။

"ကိုဗစ်ဆေးလည်း ထိုးထားပြီးပြီး။ ရန်ကုန်မှာသွားရလာရတာကလည်း အရင်လိုအဆင်ပြေတာမဟုတ်ဘူး။ အခုလိုစစ်နေရတော့ အချိန်ကုန်တယ်။ ငွေလည်းကုန်တယ်" ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာစိုးဝင်းပိုင်အား ဆက်သွယ်ခဲ့ရာ "ကျွန်တော်တို့က နေပြည်တော်ကခိုင်းတဲ့အတိုင်းလုပ်ရတာပါ။ ကျန်တဲ့ဟာတွေတော့ ကျွန်တော်တို့လည်း အတိအကျမပြောနိုင်ဘူး" ဟု ပြောသည်။

လက်ရှိတွင် ရခိုင်၌ ကိုဗစ်ဖြစ်ပွားမှု ၅ ရာခိုင်နှုန်းအောက် လျော့နည်းလာနေပြီဟု ပြည်နယ်ကောင်စီက ဆိုထားသည်။

စစ်တွေတွင် ပြီးခဲ့သည့်သြဂုတ်လ ၃၁ ရက်က ကိုဗစ်-19 မျိုးရိုးဗီဇပြောင်း Delta မျိုးစိတ်ပိုးရှိသူ ၁ ဦးတွေ့ပြီးနောက် စစ်တွေမှ ရန်ကုန်သို့သွားမည့် လေကြောင်းခရီးသည်များနှင့် ရန်ကုန်မှ ရခိုင်သို့ထွက်ခွာမည့်လေကြောင်းခရီးသည်များကိုလည်း ကိုဗစ်ပိုးရှိ/မရှိ ပြီးခဲ့သည့် စက်တင်ဘာလက လေဆိပ်အတွင်း ရှောင်တခင် စစ်ဆေးခဲ့သေးသည်။

 
 

 

 

Most read this week

ပုံဟောင်း
November 14, 2024
ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဧည့်စာရင်းမဖြစ်မနေ ပြန်လည်တိုင်ကြားကြရန်...
November 14, 2024
စစ်ကောင်စီသည် နိုင်ငံ့ဘဏ္ဍာငွေမှ ကျပ်သန်းပေါင်း ငါးသောင်းခြောက်ထောင်ကျော်ကိုအသုံးပြုပြီး...
November 13, 2024
ရခိုင်ပြည်တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်တွင် အာရက္ခတပ်တော် (AA)နှင် စစ်ကောင်စီတို့သည်...