စစ်ကောင်စီက အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်စပ်ပတ်သက်သူ တစ်ရာကျော်အား အောက်တိုဘာလ ၁၅ ရက် နေ့စွဲဖြင့် အမှုပိတ်လွှတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း ရှမ်းနီတိုင်းရင်းသားများတပ်မတော် SNA နှင့် ဆက်စပ်ပတ်သက်သူဟု စွပ်စွဲခံထားရသူများကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
”ကိုလူကျန်ကိုလည်း ဟုမ္မလင်းမှာဖမ်းထားတာ တစ်နှစ်ကျော်ပြီ ခုထိ ဒီဂရီမချသေးသလို ပြန်လည်းမလွှတ်ပေးသေးဘူး။ ပြီးတော့ သူက SNA အဖွဲ့ကလည်းမဟုတ်ဘူး။ သင်တန်းဆင်းပွဲကို မိတ်ဆွေတွေက ခေါ်လို့ သွားတက်ရင်ဖြစ်သွားတာ” ဟု ဟုမ္မလင်းမြို့နယ် ဒေသခံတစ်ဦးက ရှမ်းနီအသံသို့ ပြောကြားသည်။
ဟုမ္မလင်းမြို့နယ် စေတီဆိပ်ကျေးရွာသား စိုင်းလူကျန်သည် ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်နေ့ကထုတ်လွှင့်သော ဧရာဝတီသတင်းဌာန၏ သတင်းဆောင်းပါးတွင် SNA နဲ့ပတ်သက်၍ အင်တာဗျူးဖြေကြားခဲ့ရာ ၂၀၂၀ ခုနှစ် ဇူလိူင်လ ၁၃ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်သည်။
အလားတူ SNA တပ်ဖွဲ့ဝင်များနှင့်အတူ ဆက်စပ်ပတ်သက်သူ နှစ်ဆယ်ဦးထက်မနဲကိုလည်း ဖမ်းဆီးထားဆဲဖြစ်ကြောင်း SNA နှင့် နီးစပ်သူတစ်ဦးက ရှမ်းနီအသံသို့ ပြောကြားသည်။
“တပ်မဟာ ၆၁၄ ဘက်က လေးဦး၊ ၇၅၃ ဘက်က လေးဦး၊ ၉၇၂ ဘက်က ခြောက်ဦးနဲ့ ၈၉၁ ဘက်က နှစ်ဦး အဖမ်းခံထားရတယ်။ ဒီနောက်ပိုင်း အရပ်ထဲမှာ ထင်မြင်ချက်နဲ့ဆွဲတာတွေလည်း ရှိသေးတယ်” ဟု ၎င်းကပြောကြားသည်။
ရှမ်းနီအမျိုးသားများတပ်မတော် SNA ကို ၁၉၈၉ ခုနှစ်ဇူလိူင်လ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရှမ်းနီပြည်နယ်ရရှိရေး၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ မှူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ရှမ်းမျိုးနွယ်စုများ စည်းလုံးညီညွှတ်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းထိမ်းစောင့်ရှောက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့် မူကြီးငါးရပ်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းနီ အမျိုးသားများတပ်မတော် SNA သည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆွေးနွေးညှိနိူင်းထားခြင်းမရှိသေးသလို မည်သည့်အဖွဲ့အစည်း၏ လက်အောက်ခံမှမဟုတ်ပဲ ရှမ်းနီအမျိုးသားထုတစ်ရပ်လုံးကို ကာကွယ်စောင့်ရှောက်ရန်ကိုသာ ဦးစားပေးသွားမည်ဖြစ်ကြောင်း SNA ၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
SNA သည် အိန္ဒိယနိူင်ငံနယ်စပ်တွင် အခြေပြု၍ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ရှမ်းနီလူမျိုးများနေထိုင်ရာဒေသများတွင် အခြေပြုပြီးလျှင် အင်အားငါးထောင်ကျော်ခန့်ဖြင့် လူပ်ရှားလျှက်ရှိကြောင်း သိရသည်။