ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်နေရာတွေမှာ ကိုဗစ်တွေ့ရှိမှုများလာ၊ ဆေးဝါးအခက်အခဲရှိနေ

ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်နေရာတွေမှာ ကိုဗစ်တွေ့ရှိမှုများလာ၊ ဆေးဝါးအခက်အခဲရှိနေ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ကိုဗစ်တွေ့ရှိသူများလာသလို စစ်ရှောင်တွေကြားမှာလည်း ကိုဗစ်တွေ့ရှိမှုတွေ ရှိလာတယ်လို့ သိရပါတယ်။

ဖရူဆိုမြို့နယ် အတွင်းမှာရှိတဲ့ ကျေးရွာတွေ၊ စစ်ရှောင်တွေဆီကို ကျန်းမာရေးစောင့်ရှောက်မှု လိုက်လံကူညီပေးနေတဲ့ ကျန်းမာရေး Volunteer အဖွဲ့တစ်ခုက ဆေးဆရာမတစ်ဦးက ဆေးဝါးလိုအပ်တဲ့ အခက်အခဲတွေရှိကြောင်း အခုလိုပြောပါတယ်။

"ကျမတို့ အဓိကလိုတာက ဆေးဝါးရယ်။ ကျမတို့ သွားဖို့လာဖို့ ဆီဖိုးရယ်ပေါ့နော။ PPE ဝတ်စုံ နောက် Test Kit အဲ့တာမျိုးတွေတော့ အရေးကြီး လိုအပ်တယ်ပေါ့။အခုက ကျမတို့ Test Kit အလုံအလောက်မရှိတော့ ရောဂါလက္ခာဏာ အရမ်းဆင်တူတယ်ဆိုမှပဲ ကျမတို့ စစ်ပေးနိုင်တယ်ပေါ့နော။ တစ်ရွာမှာ ကျမတို့ အများဆုံးက ဆယ့်တစ်ယောက် အဲ့လောက်ပဲ စစ်ပေးနိုင်တဲ့ အခြေအနေမျိုး ဖြစ်တာပေါ့။ ဆိုတော့ ဖျားတဲ့ နေမကောင်းတဲ့ လူက တစ်ရွာလုံးဆိုလို့ရှိရင် အိမ်ခြေ ၂၂ အိမ်ရှိရင် ကျမတို့က နှစ်အိမ်လောက်ပဲ စစ်ပေးနိုင်တယ်။ အဲ့လောက် အခြေအနေမျိုး ဖြစ်တယ်ပေါ့နော။ အဲ့တော့ ကျမတို့က ဆေးဝါးရယ်၊ Test Kit ရယ်၊ PPE ဝတ်စုံရယ်၊ Volunteer တွေ သွားလာဖို့ ဆီဖိုးတွေပေါ့။ အဲ့လောက်က အခက်အခဲရှိတယ်ပေါ့။ အဲ့တာကို ကျမတို့ကလည်း အလှူခံနေပါတယ်ရှင့်။" လို့ အဆိုပါ ဆေးဆရာမက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကိုဗစ်စစ်တဲ့ နေရာမှာ Test Kit အရေအတွက် ရှိသလောက်ပဲ စစ်နိုင်တာဖြစ်ပြီး ၁၀၀ ဦး စစ်တဲ့အထဲမှာ ၇၅ ဦးလောက်က ကိုဗစ်တွေ့ရှိနေ တယ်လို့ သိရပါတယ်။

Test Kit မလုံလောက်တဲ့အတွက် ကိုဗစ်လက္ခာဏာဆင်တူတဲ့ လူနာတွေကိုသာ စစ်ပေးနိုင်ပြီး ၈၀% က ကိုဗစ်တွေ့ရှိပြီး ရွာတိုင်းမှာလည်း ကိုဗစ်ပြန့်နေနိုင်တယ်လို့ အဆိုပါ ဆေးဆရာမက ပြောပါတယ်။

"လက္ခာဏာအရမ်းဆင်တူတဲ့ သူတွေကို ကျမတို့ စစ်လိုက်တိုင်းကတော့ တွေ့တယ်ဆိုတော့ ဒါကူးစက်မှုကတော့ ရွာတိုင်းမှာ ပြန့်နေတယ်လို့တော့ ပြောလို့ရတဲ့ အခြေအနေပါရှင့်။" လို့ ပြောပါတယ်။

အသက် ၁၉ နှစ်ကနေ အသက် ၅၄ နှစ်အထိ အသက်အရွယ်တွေမှာ ကိုဗစ်တွေ့ရှိနေပြီး ကိုယ်ဝန်ရှစ်လ မိခင်တစ်ဦးအပါအဝင်၊ ရောဂါအခံရှိသူ သက်ကြီးရွယ်အိုတွေမှာလည်း ကိုဗစ်တွေ့ရှိရတယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေမှာ ကိုဗစ်စင်တာ ထားတာတွေရှိခဲ့ပေမယ့် လက်ရှိမှာတော့ စစ်ရှောင်သူတွေအတွက် စစ်ရှောင်စခန်းအဖြစ် ထားရှိနေရပြီး ကိုဗစ်တွေ့ရှိတဲ့သူတွေကို သူတို့နေအိမ်မှာသာ Home Quarantine နေခိုင်းထားရတယ်လို့ သိရပါတယ်။

"နေရာမရှိတော့ သူတို့အိမ်မှာပဲ သူတို့မိသားစုကိုးယောက်ရှိရင် ကိုးယောက် အတူတူနေခိုင်းပြီးတော့မှ သူတို့အိမ်ကို လော့ဒေါင်းလိုမျိုးပုံစံ နေခိုင်းတာမျိုးပဲရှိတယ်ပေါ့။ နောက်ပြီးတော့ သူတို့အတွက် အခက်အခဲဆိုလို့ရှိရင် သူတို့ကို ကျမတို့ အားဆေးတွေ ဘာတွေ အလုံအလောက် မပေးနိုင်ဘူးပေါ့နော။ သူတို့ကို ထမင်းပုံမှန်စားဖို့အိပ်ရေး ဝဝအိပ်ဖို့ အဲ့ဒီလောက်ပဲမှာ ကြားနိုင်တယ်ပေါ့။ သူတို့အတွက် အခက်အခဲကတော့ အားဆေးလိုအပ်မယ်ပေါ့နော။ အဲ့တာ အဓိက လိုအပ်မယ်ရှင့်။" လို့ Volunteer ဆေးဆရာမတစ်ဦးက ဆက်ပြောပါတယ်။

ကိုဗစ်တွေ့ရှိတဲ့ ထဲမှာ ပြင်းထန်လူနာတွေလည်း ရှိပြီး ဆေးရုံ၊ ဆေးခန်းတွေနဲ့ အနီးဆုံးရှိတဲ့နေရာတွေမှာ ရွေ့ထားတယ်လို့ သိရပါတယ်။ ကျေးရွာအတွင်းမှာ ရောဂါပြင်းထန်ပြီး ဆုံးသွားတဲ့ လူနာတွေရှိပေမယ့် ကိုဗစ်ဟုတ်၊ မဟုတ်တော့ အချိန်မီ မစစ်ပေးနိုင်တာတွေလည်း ရှိတယ်လို့သိရပါတယ်။ သို့ပေမယ့် မိသားစုဝင်၊ ရွာသားတွေကို စစ်ကြည့်ရာမှာ positive တွေ့ရှိတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဖရူဆိုမှာမြို့နယ်မှာ ကိုဗစ်တွေ့ရှိသူ ၁၀၀ ဝန်းကျင်လောက်ရှိနေပြီ ဖြစ်ပြီးတိုက်ပွဲကြောင့် တိမ်းရှောင်ရတဲ့ စစ်ရှောင် လေးထောင်ကျော်ရှိနေတယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

November 13, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအုပ်စု၊ ပူချယ်ကျေးရွာက စပါးရိတ်...
November 13, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာတစ်ရွာက...
November 13, 2024
ထိုင်း – ကရင်နီ နယ်စပ်က ကရင်နီဒုက္ခသည်စခန်း အမှတ် ( ၁ ) မှာ ရာသီအကူးအပြောင်းကြောင့် နှစ်လအတွင်း...
November 12, 2024
ကရင်နီပြည်တွင်းလူထုတွေအတွက် ယာဥ်နံပါတ်ပြားနဲ့ ယာဉ်မောင်းလိုင်စင်ကို စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း...