စစ်ကောင်စီကို မထောက်ခံသဖြင့် ကိုဗစ် ကာကွယ်ဆေးမထိုးသူများရှိ

စစ်ကောင်စီကို မထောက်ခံသဖြင့် ကိုဗစ် ကာကွယ်ဆေးမထိုးသူများရှိ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ ကျန်းမာရေးဌာနက ထိုးပေးနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခြင်းအစီအစဉ်တွင် သွားရောက်ထိုးသူ နည်းပါးသည်ဟု ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် ဒေသခံ ကရင့်လူမှုရေးရာအဖွဲ့က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနေမှုကို ဒေသခံပြည်သူအချို့က သွားရောက်ထိုး သော်လည်း အများစုက သွားထိုးခြင်း မရှိဘူးဟု ကရင့်လူမှုရေးရာအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၎င်းက “ထိုးတဲ့လူမများဘူးဗျာ။ ကျောက်ကြီးမြို့နယ် တစ်ခုလုံးမှာ ထိုးလာကြတာ ဒီ မုန်း၊ ကျောက်ကြီး နတ်သံကွင်းတို့ အဲမှာထိုးတာ ငါးထောင်ကျော်လို့ပဲ ကျနော် သိတယ်။ လူဦးရေအရ တွက်ကြည့်မယ်ဆိုရင် ရာခိုင်နှုန်းက နည်းတော့ နည်သေးတာပေါ” ဟု ပြောသည်။

ဒေသခံများက စစ်ကောင်စီ၏အာဏာသိမ်းမှု၊ အုပ်ချုပ်မှုယန္တရားကို လက်မခံသည့်အတွက် ၎င်းတို့လက်အောက်မှ ဖြစ်ပေါ်လာသည့် ကာကွယ်ဆေးထိုးမှု လုပ်ငန်းစဉ်တွင်လည်း သွားရောက်ပါဝင်ထိုးနှံမှု မပြုရခြင်း ဖြစ်သည်ဟု ဆိုသည်။

“တချို့က သွားမထိုးဘူးဆိုတာက ဆေးကို စိတ်မချလို့တစ်ပိုင်း။ တချို့ကျတော့ ဒီအုပ်ချုပ်ရေးယန္တရားကို မထောက်ခံလို့ ကိုယ်က နာမည်သွားပေး ဆေးသွားထိုးရုံနဲ့ ကိုယ်က သူ့ကို ထောက်ခံတဲ့ပုံစံ အဲလို မထိုးတဲ့အကြောင်းအရင်းကလည်း အဲလိုရှိတယ်ပေါ့နော်။ တချို့က သူရဲ့ အုပ်ချုပ်ရေး ယန္တရားကို မထောက်ခံပေမယ့် ဆေးသိပ်မထိုးရဲကြဘူးဗျာ။ ဆေးက သူတို့ကတော့ အမျိုးမျိုးကြားနေကြတော့ မထိုးရဲကြတဲ့ အနေအထားမှာ ရှိတယ်။ တချို့ကြတော့ သွားမထိုးကြတာဆိုတာ သူတို့က အုပ်ချုပ်ရေး ယန္တရား အာဏာတည်ဆောက်မှုကို မပံ့ပိုးချင်တဲ့ ပုံစံ လက်မခံဘူး။ မထောက်ခံဘူးဆိုပြီးတော့ အဲလိုပဲ နေကြတယ်” ဟု ကရင့်လူမှုရေးရာအဖွဲ့က တာဝန်ရှိသူက ဆက်ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီကို မထောက်ခံသည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးအား သွားရောက်မထိုးသော်လည်း ယခုထက် ရောဂါပိုမိုကူးစက်ပြန့်ပွားမှု ဖြစ်ပွားလာမည်ကို စိုးရိမ်မှုရှိသည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရား လက်အောက်မှ မဟုတ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များကို ဒေသခံများက မျှော်လင့်နေကြသည်ဟု ကရင့်လူမှုရေးရာအဖွဲ့က တာဝန်ရှိသူက ပြောသည်။

“အခြားအခြားသော ဆေးရုံ ဆေးခန်းပေါ့နော် ပုဂ္ဂလိကတွေ အခြားသော အဖွဲ့အစည်းတွေက ဘယ်လိုမျိုးများ ကူညီနိုင်မလဲပေါ့နော် ဒီကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ အခြားသော နည်းလမ်းတွေများ ရှိမလား ရှိရင်တော့ ထိုးချင်တဲ့လူတော့ ရှိတာပေါ့။ အခြားအဖွဲ့အစည်းတွေ ဘာတွေနဲ့ သူတို့မှာ အလှူရှင်တွေဘာတွေနဲ့ ဒေသတစ်ခုမှာ ထိုးမယ် ထိုးဖို့အစီအစဉ်တွေ ရှိမယ်ဆိုရင်တော့ ထိုးမယ့်လူလည်း ရှိမှာပဲ။ အကုန်လုံးကတော့ ဒီရောဂါကို ကြောက်ကြတာပဲပေါ့။ ဒါပေမယ့် မထိုးတဲ့အကြောင်းအရင်းက ခုနအကြောင်းတွေကြောင့် မထိုးတာ။”

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ကဲ့သို့ပင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ နယ်များတွင်လည်း စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားကို လက်မခံသည့်အတွက် ဒေသခံပြည်သူများမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး သွားရောက်မထိုးသူ များစွာရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်လ သုံးလလောက်ခန့်မှစတင်ကာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ရှိ ကျောက်ကြီးမြို့နယ် အပါအဝင် မုန်းနှင့် ညောင်လေးပင် မြို့နယ်ထဲက ကျေးရွာအုပ်စုအားလုံးနီးပါးတွင် ကိုဗစ်-၁၉ ကဲ့သို့သော ရောဂါလက္ခဏာများ ခံစားနေရပြီး ရွာလုံးကျွတ်ဖျားနာကာ သေဆုံးမှုများရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ထိုသို့ဖျားနာမှုများရှိနေသော်လည်း ဒေသခံများမှာ ဆေးရုံ၊ ဆေးခန်းများတွင် ဆေးကုသခံယူမှု မပြုလုပ်ပဲ ၎င်းတို့နီးစပ်ရာ ဒေသအတွင်းက ဆေးကုသသူများနှင့်သာ ဆေးကုသမှုခံယူကြသည်ဟု သိရသည်။

ဒေသအတွင်းက ဆေးကုသူများနှင့် ဆေးကုသမှုများ ခံယူနေသော်လည်း ကုန်စျေးနှုန်းမြှင့်တက်မှုများကြောင့် ဆေးဝါးများမှာ စျေးကြီးခြင်းနှင့် ဝယ်ယူ၍မရရှိသည့် အခြေအနေများနှင့် ကြုံနေရသည်ဟု ပြောသည်။

 
 

 

 

Most read this week

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...