ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့ ကွမ်းယာဆိုင်တစ်ခုတွင် အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
မော်လမြိုင်ကျွန်းမြို့ ၁၂ ရက်ကွက်၊ မာလာလမ်းထိပ်ရှိ စစ်ကောင်စီ သတင်းပေး (ဒလန်) ဟု ကျော်ကြားသူတစ်ဦး၏ ကွမ်းယာဆိုင်တွင် ထောင်ထားသည့် ဗုံးနှစ်လုံးအနက် တစ်လုံးသာ ပေါက်ကွဲခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း မပေါက်ကွဲသေးသည့် တစ်လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖျက်ဆီးလိုက်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူအချို့က ပြောသည်။
"အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေကို အဲကွမ်းယာဆိုင်ပိုင်ရှင် သတင်းပေးလို့ အဖမ်းခံရတာတွေရှိတယ်။ သူ့ကို ဒလန်လို့ မြို့မှာလူသိများတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုအပြီးတွင် စစ်ကောင်စီ၏တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပေါက်ကွဲမှုဖြစ်ပွားသည့် မာလာလမ်းနှင့် ကွမ်းယာဆိုင်အနီးကို ပိတ်ဆို့ကာ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
မော်ကျွန်းမြို့နယ် အခြေစိုက် ဖက်စစ်ဆန့်ကျင်ရေးတပ်ဖွဲ့ (S.T.F) နှင့် မြစ်ဝကျွန်းပေါ် ပြောက်ကြားတပ်ပေါင်းစုက ၎င်းတို့ ပူးပေါင်း လုပ်ဆောင်သည်ဟု ထုတ်ဖော်ဝန်ခံထားကြောင်း မြို့ခံ ကိုစိန်ဝင်းက ပြောသည်။
မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားတိုင်း စစ်ကောင်စီတပ်ဖွဲ့က တွေ့ရာလူများကို ဖောက်ခွဲမှုနှင့်ပတ်သက်၍ မင်္သကာသူဟုဆိုကာ စွပ်စွဲဖမ်းဆီး၍ ငွေညှစ်တောင်းခံလေ့ရှိသည်ဟုလည်း ဒေသခံများက ဆိုသည်။
ယခုပေါက်ကွဲမှုက မော်ကျွန်းမြို့တွင် ၉ ကြိမ်မြောက် ပေါက်ကွဲမှုဖြစ်ပြီး ပေါက်ကွဲမှုတိုင်းတွင် လူသေဆုံးမှုမရှိကြောင်း၊ အောက်တိုဘာလ ၃ ရက်နေ့က Happy လက်ဖက်ရည်ဆိုင်ရှေ့ ဗုံးပေါက်ကွဲမှုအပြီးတွင် ဒေသခံ ၂၅ ဦး ဖမ်းဆီးခံထားရသည်ဟု ဒေသခံများက ပြောသည်။