Mytel တာဝါတိုင်ကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲ

Mytel တာဝါတိုင်ကို အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲ

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်အတွင်းရှိ MyTel ဖုန်းတာဝါတိုင်တစ်ခု အောက်တိုဘာ ၇ ရက်နေ့ နံနက် ၃ နာရီကျော်အချိန်ခန့်က အဝေးထိန်းစနစ်ဖြင့် ဗုံးခွဲဖျက်ဆီးခံလိုက်ရသည်ဟု ဒေသခံများက ပြောသည်။

ဘိုကလေးမြို့နယ် ရုပ်ဆိုင်ကျေးရွာအုပ်စု၊ မလော့ကျေးရွာရှိ တာဝါတိုင်အား လက်လုပ်ဗုံးသုံးလုံးကို အဝေးမှ ဖုန်းနှင့်ထိန်းပြီး ကွန်ထရိုးခလုတ်ဖြင့် ခွဲသွားခြင်းဖြစ်ပြီး၊ လူထိခိုက်ဒဏ်ရာရရှိခြင်း မရှိဘူးဟု ဒေသခံအုပ်ချုပ်ရေးအဖွဲ့တစ်ဦးက ပြောသည်။

"ဆိုလာပြား၊ ဝါယာကြိုးတွေနဲ့ ထရန်စဖော်မာပုံးတွေ ပျက်စီးသွားတယ်" ဟု ၎င်းကပြောသည်။

ဘိုကလေး PDF က ယင်း MyTel ဖုန်းတာဝါတိုင်ကို အဆင့်မြင့်နည်းပညာသုံးပြီး ၂ မိုင်ကျော်အကွာအဝေးမှနေ၍ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

ယခုတာဝါတိုင်ဗုံးခွဲမခံရခင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၃ နာရီ အချိန်ခန့်ကလည်း ဘိုကလေးမြို့နယ် စိန်ဟိုင်းကျေးရွာက MyTel ဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးခံရကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။

ယခုနောက်ပိုင်း ဒေသအတွင်းရှိ MyTel ဖုန်းတာဝါတိုင်များ ဗုံးမခွဲခံရရေးအတွက် စစ်ကောင်စီက လုံခြုံရေးအင်အားတိုးချခြင်း၊ ခြံစည်းရိုးများ ကာရံထားခြင်းများ ပြုလုပ်ထားရှိသည့်ကြားမှပင် အဝေးထိန်းခလုပ်ဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

နိုင်ငံအနှံ့ Mytel တာဝါတိုင်များ ဖျက်ဆီးမှုများရှိနေသဖြင့် စစ်ကောင်စီက တာဝါတိုင်များလုံခြုံရေးအတွက် အင်အားအများအပြား အသုံးပြုထားရသည်။

တာဝါတိုင်အနီး နေထိုင်သူအချို့သည် တာဝါတိုင်းဗုံးကွဲဖျက်ဆီးခံရလျှင် စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများရှိနိုင်သည့်အတွက် စိုးရိမ်နေကြသည်ဟုလည်း ဘိုကလေးမြို့ခံတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းတွင် ပုသိမ်၊ ဘိုကလေး၊ မအူပင်၊ ညောင်တုန်း၊ ကြံခင်း၊ မော်လမြိုင်ကျွန်းနှင့် ကျိုက်လတ် မြို့နယ်များအတွင်းရှိ စစ်တပ်ပိုင် MyTel ဖုန်းတာဝါတိုင်များကို ဒေသခံ မြို့ပြပြောက်ကျားတပ်ဖွဲ့များက စက်တင်ဘာလ ဒုတိယအပတ်လောက်မှစတင်၍ ဗုံးခွဲမီးရှို့ဖျက်ဆီး တိုက်ခိုက်ခဲ့ကြသည်ဟု ဒေသခံများက ဆိုသည်။

Most read this week

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...