စစ်ကောင်စီယာဉ်တန်းကို KIA မိုင်းခွဲတိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းကို KIA မိုင်းခွဲတိုက်ခိုက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီ၏ယာဉ်တန်းအား ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ခိုက်ခဲ့သည်ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာလ ၅ ရက်နေ့ (ယနေ့) တွင် မိုးမောက်မြို့နယ်၊ မြို့သစ်ကျေးရွာနားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောသည်။

“အဲ့ဘက်မှာတော့ တိုက်ပွဲဖြစ်တာတော့ မဟုတ်ပါဘူး။ တိုက်ပွဲအဆင့်မဖြစ်ပါဘူး။ ဘာလဲ စစ်ကောင်စီဘက်က ရိက္ခာလာပို့တာတွေကို KIA ကနေ မိုင်းဆွဲတိုက်ခိုက်တယ်ဆိုတာပဲ ကြားပါတယ်။ တိုက်ပွဲအဆင့်တော့ မဖြစ်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယနေ့နံနက်ပိုင်းက မိုးမောက်မြို့နယ်အတွင်း လက်နက်ကြီးနှင့် လက်နက်ငယ်သံအချို့ ကြားနေရသည့်အတွက် ဒေသခံအချို့က စိုးရိမ်နေသည်ဟု ပြောသည်။

မိုးမောက်မြို့က ဒေသခံတစ်ဦးက “ဒီနေ့က ကျမတို့ မိုးမောက်ကနေ ဒီ လက်နက်ကြီးလား၊ သေနတ်ကြီးလား အဲ့ဒါအသံ နှစ်ချက်ကြားရတာရှိတယ်။ နောက်ပြီး သေနတ်သံတွေ နည်းနည်းပြန်ကြားရတယ်။ ကျမတို့ဘက်က နည်းနည်းချောင်ကျတော့ အပြင်မထွက်ကြည့်ဖြစ်ဘူး။ တချို့က ပြောတာက ဒီမြို့သစ်ဘက်မှာလား အဲ့ဒါ ဗမာစစ်ကားကို KIA က တိုက်တယ်လို့လည်းပြောတယ်။ ကျမတော့ မမြင်ပါဘူး” ဟု ပြောသည်။

ယနေ့ မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ ကချင်သတင်းမီဒီယာများတွင် ဗန်းမော်မြို့ဘက်က လာသည့် စစ်ကောင်စီ၏ ယာဉ်တန်းအား KIA မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ ကား ၃ စီးထက်မနည်း ပျက်စီးသွားသည်ဟု ရေးသားဖော်ပြထားသည်။

မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုများ၊ ရိက္ခာနှင့် လူအင်အားတိုးချဲ့နေမှု အခြေအနေများနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ဆက်ပြောသည်။

မိုးမောက်မြို့နယ်အတွင်း “သိသိသာသာ စစ်ရေးလှုပ်ရှားတာတော့ မတွေ့ရပါဘူး။ ဒီရိက္ခာပို့တာတွေတော့ ရှိပါတယ်။ ဒီရိက္ခာပို့ရင်းနဲ့ စစ်အင်အားတွေ လက်နက်တွေကတော့ ပို့ထားလောက်ပါတယ်။ ဒါပေမယ့် ဒီလက်နက်တွေကတော့ သိသိသာပို့တာ မရှိပါဘူး” ဟု ပြောသည်။

ထို့အပြင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကလည်း မိုးမောက်မြို့နယ်ထဲက ကျောက်စခန်းအနီးတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီ၏ စစ်ကြောင်းတစ်ခုကို KIA တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင်လည်း မိုးမောက်မြို့နယ်၊ စိန်လုံအတက်လမ်းခွဲရှိ ယာဉ်ထိန်းရဲစခန်းအနီးတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကချင်ပြည်နယ်အတွင်းက မိုးမောက်မြို့နယ်အပြင် တနိုင်း-လီဒိုလမ်းတစ်လျှောက်တွင်လည်း စစ်ကောင်စီ၏ ယာဉ်တန်းများနှင့် စစ်ကြောင်းအချို့ကို KIA က မကြာခဏ မိုင်းခွဲတိုက်ခိုက်မှုများရှိနေသည်ဟု ဒေသခံများနှင့် KIO သတင်းနှင်ပြန်ကြားရေးတာဝန်ခံက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောဆိုထားသည်။

November 18, 2024
ကချင် - တရုတ်နယ်စပ်ဂိတ် မြို့တစ်မြို့ဖြစ်သည့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကန်ပိုက်တီမြို့တွင်...
ဓါတ်ပုံ - Job For Kayah
November 14, 2024
ကရင်နီပြည်နယ် လွိုင်ကော်နှင့် ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံမြို့တို့တွင် ယခုရက်ပိုင်းအတွင်း...
November 14, 2024
ကချင်ပြည်၊ ဖားကန့်ရှိ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် မြေစာပုံပြိုကျမှုဖြစ်ခဲ့ပြီး ရေမဆေးသမား...
NMG ပုံဟောင်း
November 13, 2024
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့က နယ်စပ်ကုန်သွယ်ရေးဂိတ်များကို နှစ်ဖက်အာဏာပိုင်များက ပိတ်လိုက်...