မြန်မာ့ပဋိပက္ခကို အမျိုးသားလုံခြုံရေးရှုထောင့်မှ ချဉ်းကပ်ခြင်း

မြန်မာ့ပဋိပက္ခကို အမျိုးသားလုံခြုံရေးရှုထောင့်မှ ချဉ်းကပ်ခြင်း

မြန်မာနိုင်ငံ စစ်အာဏာသိမ်းယူမှု ခုနှစ်လပြည့်လာတဲ့အထိ စစ်အာဏာသိမ်းဆန့်ကျင်တဲ့လူထုနဲ့ အာဏာသိမ်းစစ်ကောင်စီ (သို့) အိမ်စောင့်အစိုးရတို့ကြားက ပဋိပက္ခဟာ ခုချိန်ထိ ရှိနေဆဲဖြစ်သလို လက်နက်ကိုင် တော်လှန်ပုန်ကန်ဆန့်ကျင်တဲ့အသွင်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်တော်လှန်ရေးဟာ လွပ်လပ်ရေးနဲ့အတူ မွေးဖွားလာခဲ့သလို ကမ္ဘာ့သက်တန်းအကြာရှည်ဆုံး ပြည်တွင်းစစ်က ဆက်ပြီးအဓွန့်ရှည်ကြီးထွားလာအုံးမယ်လို့ဘဲ ပြောရမယ်ထင်ပါတယ်။

စစ်တပ်က နိုင်ငံအာဏာကိုမသိမ်းမှီ (၂၀၂၀) အထွေအထွေရွေးကောက်ပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည့်ပါတီကို မဲပေးခဲ့ကြောင်း” မီဒီယာတွေကို ဖြေဆိုခဲ့ဖူးပါတယ်။ အမျိုး၊ ဘာသာ၊ သာသနာဟာ နိုင်ငံတော်လုံခြုံရေး၊ ဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးအတွက် ဘယ်လောက်ထိ အရေးပါသလဲဆိုတာကို မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ နိုင်ငံအကြီးအကဲတစ်ဦးက ဘယ်လိုအကြောင်း တွေကြောင့် ဒီစကားကိုပြောသွားတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ ဝေဖန်သံတွေသိပ်မရှိခဲ့ပေမယ့် ဒါဟာ အမျိုးသားလုံခြုံရေး (National Security) ကို ရည်ညွှန်းပုံရပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ရေပန်းစားနေတဲ့ “အမျိုးသားရေး” ဟာ ဘာကိုအဓိပ္ပါယ်ဖွင့်ဆိုထားကြပါသလဲ။ ဒါဟာ ရှင်းလင်းပြတ်သားတဲ့ပုံစံနဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှုမျိုး မြန်မာနိုင်ငံမှာမတွေ့ဖူးသေးပါဘူး။ ၂၀၁၂ ပဋိပက္ခအပြီး မြန်မာနိုင်ငံမှာ အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ့တွေပေါ်ပေါက်လာခဲ့သလို အမျိုးသားရေးဆိုတဲ့ ဝေါဟာရဟာ လူမျိုးဖြစ်တည်မှု၊ ဘာသာကိုးကွယ်မှုကို အခြေခံစဉ်းစားခဲ့ကြတာကိုတွေ့ရပါတယ်။ ဗမာဖြစ်မှု၊ ကချင်ဖြစ်မှု၊ ရခိုင်ဖြစ်မှု၊ ချင်းဖြစ်မှု၊ ဗုဒ္ဓဘာသာဖြစ်မှု၊ အစ္စလန်ဘာသာဖြစ်မှု၊ ဟိန္ဒူဖြစ်မှု စတဲ့ကိုးကွယ်မှုနဲ့ လူမျိုးကိုအခြေခံ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပါတယ်လို့ ဆိုရပါမယ်။

ဒါဟာ အမျိုးသားလုံခြုံရေး (National Security) တစ်ကယ်စစ်မှန်ပါရဲ့လားဆိုတာ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။ စစ်အေးခေတ် နိုင်ငံတော်တည်ဆောက်ခြင်း သီအိုရီအယူအဆတွေမှာ (Nation State) “အမျိုးသားနိုင်ငံတော်” လူမျိုးတစ်မျိုး၊ ကိုးကွယ်သည့်ဘာသာတစ်ခုကိုအခြေခံတဲ့ နိုင်ငံအမျိုးအစားတွေ ရှိပါတယ်။ ဒီအယူအဆကို ပြင်သစ်နိုင်ငံကစတင်ခဲ့တယ်လို့ဆိုပါတယ်။ စာရေးသူတို့ အိမ်နီးနားချင်းမှာဆိုရင် ဂျပန်နိုင်ငံပေါ့လေ။ နောက်အမျိုးအစားတစ်ခုကတော့ နိုင်ငံအချုပ်အခြာအာဏာ သက်ရောက်သတ်မှတ်ထားတဲ့ ဧရိယာအတွင်း လူမျိုးတစ်မျိုးထက်မက ရှိနေတဲ့နိုင်ငံတွေမှာ တည်ဆောက်ကြတာကိုတွေ့ရတယ်။ ဒီလိုနိုင်ငံတည်ဆောက်ပုံတွေကို (State Nation) ပုံစံမျိုးနဲ့ တည်ဆောက်ကြလို့ဆိုတယ်။ နိုင်ငံအခြေပြု လူမျိုးရေးကို စဉ်းစားပုံဖြစ်ပါတယ်။ ဥပမာ-အမေရိကန်လို နိုင်ငံအမျိုးအစားဖြစ်ပါတယ်။ လူမျိုးဖြစ်တည်မှုထက် နိုင်ငံသားဖြစ်မှုကို အခြေပြုစဉ်းစားတဲ့ပုံစံပါ။

နိုင်ငံတိုင်းမှာ အမျိုးသားလုံခြုံရေး၊ အမျိုးသားရေးအယူအဆရှိကြပါတယ်။ ဒီ “အမျိုးသားလုံခြုံရေး”အယူအဆကို ပညာရှင်ပေါင်းမြောက်များစွာက အဓိပ္ပါယ်များစွာဖွင့်ဆိုခဲ့ကြသလို ဒီနေ့ထိလည်း အမျိုးသားလုံခြုံရေးကို အဓိပ္ပါယ်ဖွင့်ဆိုနေကြဆဲဖြစ်ပါတယ်။ ဆိုတော့ အမျိုးသားရေးအယူအဆဟာ အမျိုးသားရေးလုံခြုံရေး အယူအဆဖြစ်တယ်လို့ဆိုရမှာပါ။ ဒါမှမဟုတ် အင်္ဂလိပ်စကားလုံး (Nation) ကို မြန်မာမှုပြုလိုက်တဲ့အခါ နိုင်ငံတော်လို့ ပြန်ဆိုတာလား “အမျိုးသား (သို့မဟုတ်) လူမျိုးရေး” လို့ ဘာသာပြန်ဆိုကြတာလားဆိုတာတော့ စာရေးသူလည်းမသိပါဘူး။ ဒါဟာလက်တွေ့မှာ ဝေဝါးစေတယ်ဆိုတာတော့ သေချာပါတယ်။ ထားလိုက်ပါ ဒါက။

အမျိုးသားလုံခြုံရေးကို ပညာရှင်တွေဟာ ရှုထောင့်အမျိုးမျိုးကနေ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုခဲ့ကြတာကို တွေ့ရပါတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် (Barry Buzan) ဘယ်ရီဘူဇန်က “အမျိုးသားလုံခြုံရေးဆိုတဲ့ဝေါဟာရဟာ အဓိပ္ပါယ်ဖွင့်ဆိုမှုပိုင်းမှာ ထွေပြားနေပြီး အယူအဆရေးရာအရ ခိုင်ခိုင်မာမာပုံဖေါ်ထားခြင်းမရှိသော်လည်း နိုင်ငံရေးအရတော့အားကောင်းပြီး ဩဇာကြီးမားတယ်” လို့ ဆိုပါတယ်။ (Arnold Wolfers) ကတော့ “အမျိုးသားလုံခြုံရေးဆိုတဲ့ ဝေါဟာရဟာ လူလွဲသွားရင် အဓိပ္ပါယ်လည်း လွဲသွားတာပါဘဲ၊ ဒီစကားလုံးမှာ တိကျတဲ့အဓိပ္ပာယ်ရှိမနေဘူး” လို့ မှတ်ချက်ပြုဖူးပါတယ်။

“အမျိုးသားလုံခြုံရေး” ဆိုတဲ့ စကားလုံးဟာ နိုင်ငံရေးမှာ အလွန်ဩဇာကြီးမားတဲ့ ဝေါဟာရစကားတစ်လုံး ဖြစ်တယ်ဆိုတာတော့ အထူးပြောနေစရာတောင်မလိုလောက်ပါဘူး။ လူတိုင်း အကျွမ်းတဝင်သိထားပြီးသား ဖြစ်မှာပါ။ စာရေးသူ အဓိကဆွေးနွေးလိုတာက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခနဲ့ အမျိုးသားလုံခြုံရေး (National secu rity) အဓိပ္ပါယ်ဖွင့်ဆိုချက်အပိုင်းကိုပါ။ မြန်မာနိုင်ငံမှာ နိုင်ငံအတွင်းအတူတစ်ကွနေထိုင်ကြတဲ့ လူမျိုးစုတွေရဲ့ နိုင်ငံရေးအခွင့်အရေးနဲ့ နစ်နာဆုံးရှုံးမှုတွေကိုဖြေရှင်းဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာ နှစ်ပေါင်းခုနှစ်ဆယ်ကျော်လာပြီဖြစ်ပါတယ်။

မြန်မာ့လွတ်လပ်ရေးကို ဗြိတိသျှတွေဆီက လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ ဗမာ့တပ်မတော်ဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မြန်မာ့တပ်မတော်အဖြစ်ပြောင်းလဲခဲ့ပြီး “နိုင်ငံတော်လုံခြုံရေး” ကို အကြောင်းပြပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို “သောင်းကျန်းသူ” တံဆိပ်ကပ်ကာ အမြစ်ပြတ် ချေမှုန်းလာခဲ့တာလည်း နှစ်ပေါင်းခုနှစ်ဆယ်ကျော်ပါပြီ။ ဒီနေ့ထိ တော်လှန်ရေးအဖွဲ့တွေလည်း အားကောင်း နေဆဲဖြစ်သလို မြန်မာ့တပ်မတော်လည်း အားကောင်းနေဆဲဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံရေးမှာ ခေတ်အဆက်ဆက် အာဏာကိုရယူထားခဲ့တဲ့ တပ်မတော်နဲ့ ဒီမိုကရေစီကာလ ရွေးကောက်ပွဲတွေနဲ့ အနိုင်ရအုပ်ချုပ်ခဲ့ကြတဲ့ အစိုးရတွေဟာ (National Security) အမျိုးသားလုံခြုံရေးကို ဘယ်လိုရှုထောင့်ကနေ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြပါသလဲ။

မြန်မာ့တပ်မတော်ဟာ (၂၀၀၈) ဖွဲ့စည်းပုံကို အကျအနရေးဆွဲပြီး နိုင်ငံတော်ကို အဓိပ္ပါယ်ဖွင့်ဆိုထားတာကို တွေ့ရပါတယ်။ (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းရင်းသားတွေလိုအပ်နေတဲ့ ဖယ်ဒရယ်နိုင်ငံ တည်ဆောက်ရေး၊ ပြည်နယ်ဒေသနေ လူမျိုးများရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးတို့ကို လုံးဝပိတ်ပင်ထားပါတယ်။ နိုင်ငံကို လူအများစုကသာ အမြဲတမ်းအုပ်ချုပ်မဲ့စနစ်ကိုရေးဆွဲထားသလို ရွေးကောက်ခံစရာမလိုဘဲ စစ်တပ်က ၂၅ ရခိုင်နှုန်းသော ဥပဒေပြုအမတ်နေရာနဲ့ ဝန်ကြီးဌာနတစ်ချို့ကို ရယူထားပါသေးတယ်။ ဒါဟာ တစ်ဝက်တစ်ပျက် ဒီမိုကရေစီနဲ့ အာဏာရှင်စနစ်ကို ပေါင်းစပ်ထားရုံသက်သက်သာဖြစ်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီသို့မသွားပါဘူး။

တိုင်းရင်းသားတွေလိုလားတဲ့ ငြိမ်းချမ်းစွာအတူနေထိုင်ရေးနဲ့ ပြည်နယ်၊ ပြည်ထောင်စုအာဏာခွဲဝေအုပ်ချုပ်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို ဒီနိုင်ငံရဲ့လူထုထောက်ခံမှုအားအကောင်းဆုံး “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်”ကိုယ်တိုင် လက်ခံပုံမရပါဘူး။ ဒီနိုင်ငံရဲ့ အဓိကပင်မပြသနာဟာ အာဏာခွဲဝေရေး၊ တန်းတူအခွင့်အရေးကိုအခြေခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ဆောက်ရေးဖြစ်ပါတယ်။ ဒါဟာနိုင်ငံအတွင်း လူထုအားလုံးရဲ့ နိုင်ငံရေးလုံခြုံမှုဖြစ်တယ်။ တစ်နည်းအားဖြင့် အမျိုးသားလုံခြုံရေး (National Security) ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်ကအာဏာမသိမ်းမီ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက် ရခိုင်ပြည်အတွင်း မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲအပြင်းအထန် တိုက်ခိုက်ခဲ့ကြပါတယ်။ ကာလအတွင်း လူထုအစိုးရကိုထောက်ခံသူတွေက ရခိုင်လူမျိုးတွေဟာ နိုင်ငံတော်ပုန်ကန်သူတွေ ဖြစ်တယ်၊ အပြတ်ရှင်းသင့်တယ်လို့ ကြွေးကြော်ခဲ့ကြတယ်။ ဒီနိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေဟာ ဒီနေ့မြန်မာနိုင်ငံတော်ကို လက်နက်ကိုင်ပြန်တော်လှန်နေကြတယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကလည်း “အမျိုးသားလုံခြုံရေး” (National Security) ကို အဓိပ္ပါယ်ဖွင့်ဆိုကြရာမှာ လူအပေါ်ပြောင်းလဲဖွင့်ဆိုကြတယ်လို့မြင်တယ်။

မြန်မာနိုင်ငံတော်ဆိုတာဘာလဲ(?)၊ လူမျိုးဖြစ်တည်မှုလား(?)၊ လူများစုလား(?)၊ စစ်တပ်လား(?)၊ ရွေးကောက်ခံ အစိုးရလား(?)၊ တိုင်းဒေသကြီးတွေလား(?)၊ ပြည်နယ်ဒေသလား(?)၊ တောင်တန်းတွေလား(?)၊ ပင်လယ်ပြင်လား(?)၊ ယုံကြည်ကိုးကွယ်ရာဘာသာလား(?) စတဲ့ “လား” ပေါင်းများစွာသောမေးခွန်းတွေ ရှိနေကြပါလိမ့်မယ်။ ဒီ “လား” ပေါင်းများစွာက နိုင်ငံတိုင်းမှာရှိမနေပါဘူး။ ဒါဟာ သန္ဓေမကောင်းခဲ့တဲ့ နိုင်ငံရေး တည်ဆောက်ပုံနဲ့ အာဏာတည်မြဲရေးကို ဖက်တွယ်လွန်းတဲ့ စစ်တပ်ကြောင့်သာဖြစ်တယ်လို့ ဆိုရပါမယ်။

မြန်မာနိုင်ငံတည်ဆောက်ခဲ့တဲ့အခါ နိုင်ငံတစ်ခုတည်ဆောက်ရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံတော်ရဲ့ ကြန်အင်လက္ခဏာ (National identity) တည်ဆောက်တဲ့အခါ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ အမှတ်သညာ ကြန်အင်လက္ခဏာတွေကို အသိအမှတ်ပြုမထားပါဘူး။ ဒါကြောင့် နိုင်ငံတော်အယူအဆမှာ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးအယူအဆနဲ့ကွဲလွဲခဲ့ပြီး နိုင်ငံရေးအမြင်မတူမှုသန္ဓေ စတင်အမြုတေလာခဲ့တာပါ။ ဒီလူ့အဖွဲ့အစည်းအတွင်း နိုင်ငံရေးအမြင်မတူမှုကတစ်ဆင့် အချင်းချင်းကြားက နိုင်ငံရေးဥပက္ခာပြုမှုအထိ ရောက်ရှိလာခဲ့တာဖြစ်တယ်။

မြန်မာ့နိုင်ငံရေးပဋိပက္ခဟာ လက်ရှိအချိန်မှာ လူထုနဲ့ နိုင်ငံတော်ပဋိပက္ခအဆင့်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်တယ်။ လူထုရဲ့ဆန္ဒနဲ့ စစ်တပ်ရဲ့နိုင်ငံတော်အာဏာရလိုမှု ပဋိပက္ခဟာ အမျိုးသားလုံခြုံရေးကိုချိုးဖောက်ခံလိုက်ရတာ ဖြစ်တယ်။ စစ်ကောင်စီဘက်က ခြေဥကာကွယ်လိုမှုကိုအကြောင်းပြနေပေမယ့် အမျိုးသားလုံးခြုံရေးအယူအဆ သီအိုရီနဲ့ကင်းကွာနေပြီး စစ်တပ်လုံခြုံရေးဟာ စစ်ဘက်ဆိုင်ရာလုံခြုံရေးမဟုတ်ကြောင်း ပကတိ အခြေအနေတွေက သက်သေပြနေပြီဖြစ်တယ်။ ဒါဟာ နိုင်ငံရေးအရ လူတစ်စုအကျိုးစီးပွားသာဖြစ်ပြီး အမျိုးသားလုံခြုံရေးနဲ့ လုံးလုံးကင်းကွာသွားခဲ့ပြီလို့မြင်ပါတယ်။

အမျိုးသားလုံခြုံရေးအယူအဆ(National Security)မှာ ကဏ္ဍကြီး ငါးခုရှိပါတယ်။ ဒီအယူအဆကို အမျိုးသား လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဘယ်ရီဘူဇန်ကရေးသားဖွင့်ဆိုခဲ့တာဖြစ်တယ်။ အဲဒီကဏ္ဍငါးခုကတော့ (၁) နိုင်ငံရေးလုံခြုံရေး၊ (၂) စစ်ဘက်ဆိုင်ရာလုံခြုံရေး၊ (၃) စီးပွားရေးလုံခြုံရေး၊ (၄) လူ့အဖွဲ့အစည်းလုံခြုံရေး၊ (၅) သဘာဝပတ်ဝန်းကျင်လုံခြုံရေးတို့ဖြစ်ပါတယ်။ (၁၉၉၄) ခုနှစ်ကထုတ်ဝေတဲ့ ယူအင်ဒီပီရဲ့အစီရင်ခံစာမှာ “လူသားလုံခြုံရေး” အယူအဆကို တရားဝင်မိတ်ဆက်ပေးခဲ့ပါတယ်။

လူသားလုံခြုံရေးမှာ ကဏ္ဍကြီးခုနှစ်ရပ်ရှိတယ်လို့ဆိုတယ်။ အဲဒါတွေကတော့ စီးပွားရေးဆိုင်ရာလုံခြုံရေး၊ စားနပ်ရိက္ခာလုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်လုံခြုံရေး၊ ပုဂ္ဂလိကလုံခြုံရေး၊ လူ့အဖွဲ့အစည်းလုံခြုံရေး၊ နိုင်ငံရေးဆိုင်ရာလုံခြုံရေးတို့ဖြစ်တယ်လို့ဆိုတယ်။

လက်ရှိမြန်မာနိုင်ငံမှာရင်ဆိုင်နေရတဲ့ ပဋိပက္ခဟာ ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရေး သက်သက်ထက် ပိုမိုရှုပ်ထွေးသွားပြီလို့မြင်ပါတယ်။ ပြည်မဒေသမှာ လူထုနဲ့စစ်တပ်ကြားက ပဋိပက္ခ၊ တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်ရရှိရေးပဋိပက္ခတွေဟာ နိုင်ငံအတွင်းလူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ နိုင်ငံတော်ကြားက ပဋိပက္ခအဆင့်သို့ ရောက်ရှိသွားပြီဖြစ်တယ်။ ဒီပဋိပက္ခပိုမိုရှုပ်ထွေးလာလေလေ အမျိုးသားလုံခြုံရေး ချိုးဖောက်ခံလေလေဖြစ်လာပါမယ်။ အမျိုးသားလုံခြုံရေးဟာ လူသားအားလုံး လုံခြုံရေးဖြစ်တယ်။ ပဋိပက္ခကြားမှာ လူသားလုံခြုံရေးဆိုတာမရှိပါဘူး။ ဒါဟာအမျိုးသား လုံခြုံရေး ချိုးဖောက်ခံရတာဖြစ်တယ်။

ဒီကာလဟာ မြန်မာနိုင်ငံပဋိပက္ခကိုချုပ်ငြိမ်းဖို့ ပုံစံအသစ်နဲ့တည်ဆောက်တဲ့နိုင်ငံ (National identity) အမျိုးသား ကြန်အင်လက္ခဏာအသစ်တွေပြင်ဆင်ပြီး တန်းတူအခွင့်အရေးကိုအခြေခံတဲ့ နိုင်ငံကိုတည်ဆောက်ဖို့ ပြင်ဆင်ကြသင့်တယ်လို့မြင်တယ်။ လက်ရှိမှာသွားနေတဲ့ စင်ပြိုင်အစိုးရ အင်ယူဂျီရဲ့ ပြင်ဆင်မှုဟာလည်း မြန်မာပဋိပက္ခကိုချုပ်ငြိမ်းဖို့မမြင်သလို စစ်တပ်ရဲ့ရွေးကောက်ပွဲ ပြန်လည်ကျင်းပရေးနဲ့ (၂၀၀၈) ခြေဥ မပျက်စီးရေးမူကလည်း မချုပ်ငြိမ်းနိုင်ပါဘူး။ မြန်မာနိုင်ငံရဲ့ (National security) “အမျိုးသားလုံခြုံရေးဟာ အနာဂတ်နိုင်ငံတည်ဆောက်ပုံရှုမြင်မှု လမ်းကြောင်းလွဲနေရင် နိုင်ငံဟာ ထပ်ပြီး အမျိုးသားလုံခြုံရေး ချိုးဖောက်ခံနေရဖို့သာရှိပါတယ်။

ဟောင်းနွမ်းနေတဲ့ အမျိုးသားလုံခြုံရေး လိုရာဆွဲအဓိပ္ပါယ်ဖွင့်ဆိုနေဖို့ထက် နိုင်ငံကိုသစ်ဆန်းတဲ့ပုံစံနဲ့ တည်ဆောက်ပြီး အမျိုးသားလုံခြုံရေးကို နိုင်ငံအတွင်းက လူသားလုံခြုံရေးသို့ ရှေးရှုနိုင်မှသာ နိုင်ငံပဋိပက္ခချုပ်ငြိမ်းဖို့မြင်ပါတယ်။ ဒါကြောင့် နိုင်ငံကို လူမျိုးအားလုံးရဲ့ နိုင်ငံရေးလွတ်လပ်မှုကို အာမခံတဲ့နိုင်ငံအဖြစ် အသစ်တစ်ဖန် ပြန်လည်တည်ဆောက်ရေးကသာ “အမျိုးသားလုံခြုံရေး” ကို ရရှိနိုင်ဖို့မြင်ပါတယ်။

မင်းထီးရေးသားသည်။

 
 

 

 

Most read this week

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...