ကိုဗစ်-၁၉ ကို ကျော်လွှားဖို့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပါ

ကိုဗစ်-၁၉ ကို ကျော်လွှားဖို့ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပါ

သွေး (စစ်ကိုင်း) — ကိုဗစ်-၁၉ ရောဂါဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဆက်လက်ကူးစက်နေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကူးစက်ခံရမှုတွေ ရှိနေဆဲဖြစ်ပေမဲ့ သေဆုံးမှုနှုန်း အနည်းငယ် လျော့ကျလာတာ တွေ့ရပါတယ်။ ဒီလိုလျော့ကျလာတာဟာ ပြည်သူတွေအနေနဲ့ နေအိမ်မှာနေထိုင်ကြခြင်းအပါအဝင် လိုက်နာရမယ့် ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာခဲ့တာကြောင့်လို့ ပြောနိုင်ပါတယ်။

ကိုဗစ်မျိုးဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေထဲမှာ အခုနောက်ဆုံး Lambda မျိုးကွဲ ကူးစက်ခံရသူတစ်ယောက်ကို ဖိလစ်ပိုင်နိုင်ငံမှာ တွေ့ရှိခဲ့ရပါတယ်။ အဲဒါကြောင့် ဖိလစ်ပိုင်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူတွေ စည်းကမ်းကို သေချာလိုက်နာဖို့ တိုက်တွန်းပြောကြားပါတယ်။ Lambda မျိုးကွဲမှာ ကာကွယ်ဆေးထိုးနှံမှုက ထွက်လာတဲ့ ပဋိပစ္စည်းတွေကို ခုခံနိုင်တဲ့ မျိုးကွဲတွေအဖြစ် ပြောင်းလဲလာနေတာကြောင့် သတိထားရမှာဖြစ်ပါတယ်။ ဒီမျိုးကွဲကို ပီရူးနိုင်ငံမှာ ၂၀၂၀ ဩဂုတ်လက စတင်တွေ့ရှိခဲ့တဲ့ မျိုးကွဲဖြစ်ပြီး လက်ရှိမှာ နိုင်ငံပေါင်း ၂၉ နိုင်ငံအထိ ကူးစက်နေတာပါ။ အထူးသဖြင့် အာဂျင်တီးနား၊ မက္ကဆီကို၊ အီကွေဒေါ၊ ကိုလံဘီယာ စတဲ့နိုင်ငံတွေမှာ ဖြစ်ပါတယ်။

Lambda မျိုးကွဲ ကူးစက်ခံရတဲ့ ရောဂါလက္ခဏာတွေကတော့ ကိုယ်အပူချိန်တက်ခြင်း၊ ချောင်းအဆက်မပြတ်ဆိုးခြင်း၊ အနံ့အရသာ ပျောက်ခြင်းတွေလို့ ဆိုပါတယ်။ ဒီမျိုးကွဲဗိုင်းရပ်စ်ဟာ Delta မျိုးကွဲထက် ပိုပြီး ပြင်းထန်လာနိုင်သလားဆိုတာကိုတော့ တိတိကျကျ မပြောနိုင်သေးပါဘူး။ Lambda မျိုးကွဲကို C.37 မျိုးကွဲလို့လည်းခေါ်ပြီး ယူကေနိုင်ငံမှာ ကူးစက်ခံရသူ အနည်းဆုံး ၈ ယောက်ထိ တွေ့ရှိခဲ့ရပါတယ်။ သုတေသနပြု စမ်းသပ်ချက်တွေ အရ Pfizer နဲ့ Moderna ကိုဗစ်ကာကွယ်ဆေးတွေနဲ့ စမ်းသပ်ခဲ့ရာမှာ အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တခြား သုတေသန စမ်းသပ်ချက်တစ်ခုမှာတော့ Lambda မျိုးကွဲထဲမှာ ကာကွယ်ဆေးက ပဋိပစ္စည်းတွေကို ခုခံနိုင်တဲ့ မျိုးကွဲရှိတယ်လို့ ဆိုထားပြန်ပါတယ်။

ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမျိုးကွဲကိုပါ သတိထားဖို့ လိုနေပြီး အမေရိကန်ပြည်ထောင်စု ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဌာန ပြောခွင့်ရပုဂ္ဂိုလ် Jasmine Reed က အမေရိကန်မှာ Lambda မျိုးကွဲကူးစက်မှုဟာ တစ်နိုင်ငံလုံး အတိုင်းအတာအရ သုည ဒသမ ၅ ရာခိုင်နှုန်းအောက် ရှိနေပေမဲ့ ကာကွယ်ဖို့လိုကြောင်း ပြောခဲ့ပါတယ်။

အာရှနိုင်ငံတွေထဲမှာ ဆိုရင် ထိုင်းနဲ့ မလေးရှားနိုင်ငံတွေမှာ ကိုဗစ်ကူးစက်မှုတွေ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပြီး ကိုဗစ်နဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေ အပေါ် အဲဒီ နှစ်နိုင်ငံက ပြည်သူတွေက အားရမှု မရှိကြပါဘူး။ တစ်ဖက်ကလည်း ကိုဗစ် ၁၉ ရောဂါကို ကုသ,ရာမှာ အသုံးပြုဖို့ တခြားရောဂါတွေမှာ ကုသ,ဖို့  သုံးစွဲနေတဲ့ ဆေး ၃ မျိုးကို စမ်းသပ်သုံးစွဲနိုင်ဖို့ ပြင်ဆင်နေတယ် လို့ WHO (ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး) ရဲ့ အကြီးအကဲ Tedros က ပြောပါတယ်။

ဩစတြေးလျနိုင်ငံမှာတော့ ဒယ်လ်တာ မျိုးကွဲ ကူးစက်ခံရသူ အရေအတွက် စံချိန်တင် မြင့်မားလာခဲ့ပြီးနောက် တတ်နိုင်သရွေ့ နေအိမ်တွေမှာပဲ နေထိုင်ကြဖို့ တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။ ကမ္ဘာတဝှမ်းလုံးမှာ ဒီနေ့အထိ ကိုဗစ် ၁၉ ကူးစက်ခံထားရသူ သန်း ၂၀၀ ကျော်ထိ ရှိလာနေသလို သေဆုံးရသူ အရေအတွက်လည်း ၄ သန်းကျော်ထိ ရှိလာနေပါတယ်။

ဂျာမနီနိုင်ငံက ဆေးသုတေသနဌာန (Robert Koch Institut – RKI) ရဲ့ ကိုဗစ်ကာကွယ်ဆေး ဆိုင်ရာ သုတေသနပြုချက်တွေ အရ ကာကွယ်ဆေး ထိုးနှံထားပြီးသူတွေဟာ မထိုးနှံရသေးတဲ့ သူတွေထက် ပိုပြီး ကူးစက်ခံရနိုင်ခြေ နည်းပါးတယ် လို့ ဆိုပါတယ်။ ဂျာမနီနိုင်ငံ အနေနဲ့ ပြည်သူ ၄၄ သန်းကို ကာကွယ်ဆေး အပြည့်ထိုးနှံပေးနိုင်ခဲ့ပြီး၊ နှစ်လုံးထိ ထိုးရတဲ့ Bio Tech နဲ့ တစ်လုံးတည်းပဲ ထိုးရတဲ့ Johnson and Johnson တို့ ဖြစ်ပါတယ်။ ဂျာမနီ ပြည်သူ ၄၄ သန်းထဲကမှ ကိုဗစ် ၁၉ ကူးစက်ခံရသူဟာ အရေအတွက် အားဖြင့် ၈,၀၀၀ ကျော်ပဲ ရှိပြီး ဆေးရုံတက် ကုသ,မှု ခံယူရသူ အရေအတွက်ဟာလည်း ၈၀၀ ကျော်ပဲ ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး လူမှုဖူလုံကြေး ပေးသွင်းပြီး ဖြစ်တဲ့ စက်ရုံ အလုပ်ရုံ ဝန်ထမ်းတွေကိုပါ ကာကွယ်ဆေး ထိုးနှံပေးသွားမှာ ဖြစ်တယ် လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမယ့် အစုထဲမှာ တိုင်းဒေသကြီး ၄ ခုက စက်ရုံအလုပ်ရုံ ဝန်ထမ်းတွေ ပါဝင်တယ် လို့ သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ စက်ရုံအလုပ်ရုံ ဝန်ထမ်း ၂,၀၀၀ ဝန်းကျင်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနံပေးခဲ့ပြီး ဖြစ်သလို ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးတို့က စက်ရုံအလုပ်ဝန်ထမ်းတွေကိုပါ ဆက်လက်ထိုးနှံ ပေးမမယ် လို့ သိရပါတယ်။ ပြည်တွင်းက အလုပ်သမားတွေရဲ့ အလုပ်ခွင် ကျန်းမာရေးက အရေးကြီးသလို ပြည်ပ,ရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးဟာလည်း အရေးပါပါတယ်။ လက်ရှိအချိန်မှာ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေ မြင့်တက်နေဆဲ ဖြစ်ပြီး မြန်မာနိုင်ငံက သွားရောက် အလုပ်, လုပ်ကိုင်နေကြသူ သန်းနဲ့ချီ ရှိနေပါတယ်။ မဲဆောက်မြို့မှာ အလုပ်, လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၁၇ ရက်နေ့မှာ ကိုဗစ်ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးနှံပေးခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ကိုဗစ် ၁၉ ကြောင့် သေဆုံးမှု တိုးလာနေတဲ့ နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံနဲ့ အတူ ဗီယက်နမ်နိုင်ငံနဲ့ ဗီဂျီနိုင်ငံတွေ ပါဝင်ကြောင်း ဗွီအိုအေ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် လတ်တလောမှာ ကူးစက်မှု၊ သေဆုံးမှု လျော့ကျလာနေပြီ လို့ ဆိုပေမဲ့ ကိုဗစ် ၁၉ ကို လုံးဝပေါ့ဆ,လို့ ရသေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကိုဗစ်ကာကွယ်ဆေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထိုးနှံပေးနေတာတွေ ရှိပါတယ်။ နေရပ်စွန့်ခွာ ရသူတွေ နေထိုင်ရတဲ့ စခန်းတွေမှာလည်း ကိုဗစ်ဖြစ်ပွားမှုတွေ ရှိလာလို့ ကူးစက်မှုတွေ တိုးမလာအောင် အလေးထားနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။

အသက် ၆၅ နှစ်နဲ့ အထက် ရှိသူတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုတွေ ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်လုပ်ဆောင် နေပြီး နောက်ထပ် ကာကွယ်ဆေး ၂၄ သန်း ဝယ်ယူသွားမယ် လို့ ဆိုပါတယ်။ Sinopharm ကာကွယ်ဆေး ထိုးနှံပေးနေတာ ဖြစ်ပြီး ၂ ကြိမ်ထိုးနှံရမယ့်ဆေး ဖြစ်ပါတယ်။ ဘယ်လို ကာကွယ်ဆေးကို မဆို ထိုးနှံပေးထားသင့်တယ် လို့ ပြောဆိုကြတဲ့ သူတွေလည်း ရှိပါတယ်။ ကာကွယ်ဆေး ထိုးထားခြင်းကနေ ပြင်းထန်တဲ့ ကိုဗစ်ရောဂါ မဖြစ်အောင် ကာကွယ်ပေးသလို တခြားသူတွေကို ရောဂါမကူးစက်အောင် ကာကွယ်ရာလည်း ရောက်ပါတယ်။

များသောအားဖြင့် ကိုဗစ်ကူးစက်ခံရသူတွေဟာ တခြားသူတွေနဲ့ ထိတွေ့မှု မရှိအောင် ဆင်ခြင်နေထိုင်ရတာကြောင့် အိမ်မှာ နေတဲ့ အခါ သီးခြားခွဲနေရတဲ့ အခါ စိတ်ဓာတ်မကျဖို့ အထူးအရေးကြီးပါတယ်။ ကိုယ်ကနေ တခြားသူတွေဆီ ကူးမှာ စိုးရိမ်တဲ့ စိတ်၊ အထီးကျန်ခံစားရတဲ့ စိတ်တွေ ဖိစီးပြီး ရောဂါပိုဆိုးလာသူတွေလည်း ရှိပါတယ်။ အကောင်းဆုံးက ကိုဗစ်ရောဂါ ကုသ, နေချိန်အတွင်း လူမှုကွန်ရက် အသုံးမပြုဘဲ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး ဖြတ်သန်းဖို့ပါပဲ။ ကိုဗစ်ကူးစက်ခံရတိုင်း သေဆုံးနိုင်တာမဟုတ်ဘဲ အသက် ၉၀ ကျော်၊ ၁၀၀ နီးပါး အဖိုးအဖွားတွေ ပြန်လည်နေကောင်းလာတာတွေ အများကြီးပါ။ မိသားစု အနေနဲ့လည်း အားတက်စေမယ့် စကားတွေ ပြောပြီး စိတ်ဓာတ်ကို မြှင့်တင်ပေးသင့်ပါတယ်။ သတိပြုရမယ့် အချက် တစ်ခုက ကိုဗစ်လူနာကို ပြုစုတဲ့သူဟာ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်တာ၊ လက်အိပ်စွပ်တာတွေ ပြုလုပ်ဖို့ပါပဲ။

ကိုယ့်ပတ်ဝန်းကျင်မှာ ကိုဗစ်လူနာ ရှိနေရင် အဲဒီသူ အတွက် ဘာတွေကူညီပေးနိုင်မလဲ စဉ်းစားတာ ကောင်းမြတ်တဲ့ အပြုအမူပါ။ ဆေးဝါးလိုအပ်နေရင် ကူညီရှာဖွေပေးတာ၊ အောက်စီဂျင် လိုအပ်နေရင် ကူညီရှာပေးတာ၊ အစားအစာတွေ ပို့ဆောင်ပေးတာတွေ ဖြစ်ပါတယ်။

“ကိုဗစ်ကို အနိုင်ယူမယ်” ဆိုတဲ့ ခိုင်မာတဲ့ စိတ်၊ “မည်သည့် အခြေအနေမဆို ပြည်သူအချင်းချင်း အားပေးကူညီရင်း ဖြတ်သန်း ကျော်လွန်မယ်” ဆိုတဲ့ စိတ်နဲ့ ကျမတို့ရဲ့ အနာဂတ်မျှာ်လင့်ချက်ကို ပုံဖော်ထုဆစ် အောင်မြင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်လာရင် စနစ်တကျ ကုသမှု ခံယူမယ်၊ ကျန်းမာရေး လေ့ကျင့်ခန်းတွေ ပြုလုပ်မယ်၊ ပြည်သူအချင်းချင်း ဖေးမ,ကူညီကြမယ် ဆိုရင်... ကျမတို့ ပြည်သူတွေ စိတ်ဓာတ်ခွန်အား အပြည့်နဲ့ ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ် လို့ ရေးသားတင်ပြလိုက်ရပါတယ်။

 
 

 

 

Most read this week

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 25, 2024
ချင်းပြည်နယ်၊ပလက်ဝမြို့နယ်၊ ဆမီးမြို့က ကလေး ၃ ယောက်မိခင် အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး...
November 23, 2024
ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်၊ ဟားလာဝကျေးရွာက ကျောင်းဆရာမတစ်ဦး  နိုဝင်ဘာလ ၂၂ ရက်နေ့မှာ...