၂၀၂၁ ခု၊ ဩဂုတ်လ ၈ ရက်နေ့သည် ၈ လေးလုံး လူထုအရေးတော်ပုံကြီး ၃၃ နှစ်မြောက်နေ့ဖြစ်သည်။ ၈ လေးလုံး လူထုအရေးတော်ပုံနှင့် ၂၀၂၁ ခုနှစ် လူထုအရေးတော်ပုံ ကွာခြားမှုအခြေအနေနှင့်ပတ်သက်၍ ၁၉၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့သူအချို့၏ မှတ်ချက်ပြု အမှတ်တရစကားများကို ကေအိုင်စီက စုစည်းဖော်ပြလိုက်ပါသည်။
ဒေါက်တာစင်သီယာမောင် (မယ်တော်ဆေးခန်း တာဝန်ခံ)
အဲဒီတုန်းက လူထုတွေ၊ လူငယ်တွေ၊ အစိုးရဝန်ထမ်းတွေ အားလုံးစုပေါင်းပြီး စစ်အာဏာရှင်ကို တော်လှန်ကြ တာပဲ။ အဲ့ဒီကာလမှာတော့ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို နိုင်ငံတာကာကိုချပြဖို့ အခုလို မပွင့်လင်းဘူး။ မီဒီယာတွေကို အမှောင်ချထားတယ်။ ၂၀၂၁ နဲ့နှိုင်းယှဉ်ရင်တော့ အားနည်းမှုရှိတယ်။ သို့သော်လည်း ၈၈နောက်ပိုင်းမှာပဲ နယ်စပ်ဒေသ မှာရောက်လာတဲ့ကျောင်းသားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ တိုင်းရင်းသားအဖွဲ့အသီးသီးနဲ့ ပူးပေါင်းပြီးတော့ ဆက်လက်တော်လှန်ကြတယ်။ ဒီ ၂၀၂၁ ရဲ့ ကွာခြားချက်ကိုတွေ့ရှိရတာတော့ ဒီစုစည်းမှု၊ စုဖွဲ့မှုတွေ ပိုမိုအားကောင်းလာ တယ်။ နောက် အစုအဖွဲ့လုပ်လာတဲ့ပုံစံတွေ ဥပမာ-ကျန်းမာရေးဝန်ထမ်းတွေ၊ ဌာနဆိုင်ရာအသီးသီးပေါ့နော်။ အစုလိုက် အဖွဲ့လိုက်၊ စနစ်ကျမှုလို့လည်း ပြောလို့ရတယ်။ စုစည်းလာတာကို ပိုပြီးတွေ့လာရတယ်။
တစ်ဆက်ထဲမှာပဲ နိုင်ငံတကာအသိုင်းအဝိုင်းတွေ ပိုပြီးသိလာတယ်။ နောက်တစ်ဖွဲ့နဲ့တစ်ဖွဲ့ ချိတ်ဆက်မှုတွေ ပိုပြီး အားကောင်းလာတယ်။ တစ်ပိုင်းမှာ စစ်အစိုးရဘက်မှဆက်ပြီး သတ်ဖြတ်၊ ညှင်းပမ်းမှုတွေရှိလာမယ်ဆိုရင်လည်း တိုင်းရင်းသားတွေ၊ ဌာနဆိုင်ရာဝန်ထမ်းများနဲ့ လူငယ်တွေလည်း ပိုစုပေါင်းလုပ်ဆောင်နိုင်မယ့်အခွင့်အလမ်းတွေ ပိုများ လာတယ်။ နောက် ဖြတ်သန်းလာခဲ့တဲ့ နိုင်ငံရေးတွေ့ကြုံမှုအရ၊ လက်ရှိခံစားနေရတဲ့စစ်ဘေး၊ ဖိနှိပ်ချုပ်ချယ်မှု ကိစ္စတွေနဲ့ တိုင်းရင်းသားကိစ္စရပ်များကို နားလည်သဘောပေါက်ပြီး အချင်းချင်းဖလှယ်မှုတွေ လုပ်ဆောင်ကြပြီး နားလည်မှုတွေ တည်ဆောက်နိုင်ဖို့ အားကောင်းလာတယ်။ ဒီမိုကရေစီငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေး ကိစ္စရပ်တွေမှာဖြစ် စေ အားကောင်းလာနိုင်ဖို့ ကျမတို့ တွေ့ရှိလာရတယ်။
ပဒိုစောလှထွန်း (တွဲဘက်အထွေထွေအတွင်းရေးမှူး -၂၊ ကေအဲန်ယူ)
မြန်မာနိုင်ငံမှာ ၁၉၉၈ တုန်းက မြန်မာနိုင်ငံမှာ တစ်ခါမှမရှိဖူးတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ ဒီမိုကရေစီ အထွေထွေသပိတ်ကြီး ဖြစ်ခဲ့တယ်။ ဖြစ်ခဲ့တဲ့အကြောင်းရင်းကလည်း ဒီနိုင်ငံကို အုပ်စိုးတဲ့ စစ်အာဏာရှင်နဲ့ မဟာလူမျိုးကြီးကို အခြေခံတဲ့ အုပ်စိုးခဲ့တဲ့အတွက် တိုင်းပြည်ချွတ်ခြုံကျခဲ့တယ်။ တိုင်းပြည်ဆင်းရဲမွဲတေမှုအဆင့် ရောက်ခဲ့တယ်။ နောက် ဒီမိုကရေစီအခွင့်အရေးတွေကို ဆိတ်သုဉ်းပြီးတော့ တိုင်းရင်းသားတန်းတူအခွင့်အရေးတွေ ဆုံးရှုံးခဲ့တဲ့အပေါ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ အထွေထွေ သပိတ်ကြီးဖြစ်ခဲ့တာပေါ့နော်။ အဲဒီတုန်းက Generation S လို့ ခေါ်တဲ့သူတွေ ပါဝင်ခဲ့ကြတယ်။ သို့သော် စက်တင်ဘာလ ၁၈ ရက်နေ့မှာ စစ်တပ်ကပဲ အာဏာထပ်ပြီးတော့ သိမ်း လိုက်တဲ့အတွက် ၁၉၉၈ ရဲ့ ၈ လေးလုံး အရေးတော်ပုံကြီးဟာ အောင်မြင်မှုမရဘဲနဲ့ ဆန္ဒပြ တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့သူတွေဟာ တော်လှန်ရေးနယ်မြေထဲကို ထွက်ပြေးရတဲ့သူတွေရှိသလို အချို့ အဖမ်းခံရတဲ့သူတွေ ရှိခဲ့တယ်ပေါ့နော်။ အခုဆို ၃၃ နှစ်ပြည့်ခဲ့ပြီဖြစ်တယ်။ တချို့ ၈၈ မျိုးဆက်တွေအနေနဲ့ရှိနေတယ်။ ဆက်ပြီးတော့လည်း ဒီနိုင်ငံ ဒီမိုကရေစီရရှိဖို့ အတွက် ကြိုးစားပြီးတော့ တိုက်ပွဲဝင်တာရှိသလို တော်လှန်ရေးနယ်မြေမှာ ရောက်ခဲ့တဲ့ ABSDFလို့ ဖွဲ့လိုက်တဲ့ ကျောင်း သားတပ်မတော်တွေလည်း ဒီမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုရရှိရေးကို ကြိုးစားပါဝင်ခဲ့တာ ပေါ့နော်။ ဒါက ၈၈ အထွေထွေသပိတ်ရဲ့ ဖြတ်သန်းမှုပေါ့နော်။
ပြီးတော့ ၂၀၂၁ မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးတော့ စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ထပ်ပြီးတော့ ကြုံရတယ်။ ဒါကလည်း မြန်မာနိုင်ငံရဲ့ အထွေထွေဆန္ဒပြမှုတွေ ဒုတိယအကြိမ် ပေါ်လာခဲ့တယ်။ ၁၉၈၈ နဲ့ မတူတာကတော့ ၂၀၂၁ စစ်တပ်ရဲ့အာဏာသိမ်းမှုကို လက်မခံတဲ့၊ စစ်အာဏာရှင်စနစ်ကိုရောက်ရှိဖို့ လက်ခံလို့မရတဲ့၊ နောက် ဒီမိုကရေစီဆိတ်သုန်းသွားမှာကို လက်ခံလို့မရတဲ့၊ တိုင်းရင်းသားတန်းတူအခွင့်အရေးတွေ ဆုံးရှုံးသွားမှာကို လက်ခံလို့မရတဲ့ ကျနော်တို့ တိုင်းရင်းသားပြည်သူလူထုတွေအားလုံးဟာ လမ်းမပေါ်ထွက်ပြီးတော့ Non Violence ကို အခြေခံတဲ့ တောင်းဆိုမှုတွေကို ပြုလုပ်တာပေါ့နော်။ အဲဒီအတွက် Generation Z တွေက ပါဝင်လာတယ်။ လာမယ့် အနာဂတ်မျိုးဆက်တွေအတွက် ဒီနိုင်ငံကြီးကို ကောင်းမွန်တဲ့၊ သာယာဝပြောတဲ့၊ ငြိမ်းချမ်းတဲ့ နိုင်ငံသစ်ကို တည်ဆောက်ဖို့ လိုလားကြတယ်။ ဘယ်အာဏာရှင်စနစ်အောက်မှာမှ ရှိနေဖို့မလိုဘူးဆိုတဲ့ ခံယူချက်၊ ခံစားချက်တွေနဲ့ ပါဝင်ပြီးတော့ ဆန္ဒဖော်ထုတ်မှု တွေရှိလာကြတယ်။ ဒီထဲမှာ မတူတာက အာဏာသိမ်းမှု အုပ်စိုးလာတဲ့ စစ်ကောင်စီရဲ့ အမိန့်ပေးစေခိုင်းမှုတွေ ဆောင်ရွက်ရမယ့် လုပ်ငန်းကိစ္စတွေကို လက်ခံလို့မရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ စီဒီအမ်မှာ ပါဝင်လာတယ်။ ဒါကလည်း အားကောင်းတဲ့ လုပ်ဆောင်မှု၊ လှုပ်ရှားမှုဖြစ်လာတယ်ပေါ့နော်။
ဘယ်လိုပဲဖြစ်ဖြစ် ၁၉၈၈ ရဲ့ ၈ လေးလုံးအရေးတော်ပုံနဲ့ ၂၀၂၁ ရဲ့ အာဏာသိမ်းမှုအလွန်ဖြစ်ပေါ်လာတဲ့ အထွေထွေ ဆန္ဒဖော်ထုတ်မှုကြီးဟာ တူညီတဲ့ နောက်ခံဘက်ဂရောင်းနဲ့ ဖြစ်ပေါ်လာတဲ့အတွက် တူညီတဲ့ ခံစားမှုတွေ၊ တောင်းဆိုမှုတွေ ရှိနေတယ်လို့ ပြောလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ်တော့ ၁၉၈၈ က မအောင်မြင်တဲ့ အထွေထွေ ဆန္ဒဖော်ထုတ်မှုကြီးကနေ အခု ဒီကနေ့ လက်ရှိတောင်းဆိုတဲ့ တောင်းဆိုတိုက်ပွဲဝင်မှုတွေက ပိုပြီးတော့ လှုပ်ရှားမှုတွေဖြစ်လာတယ်။ ဒီအချိန်မှာ ကျနော်တို့အားလုံးရဲ့ တူညီမှုတဲ့တောင်းဆိုမှုတွေက တစ်ထပ်တည်း ဖြစ်လာတယ်။ အထူးသဖြင့်က ပြည်မ မှာနေသူ ဗမာလူမျိုးတွေကိုယ်၌ကိုက တိုင်းရင်းသားတွေအပေါ် ပိုပြီးနားလည်လာသလို ဒီနိုင်ငံအတွက် ငြိမ်းချမ်းတဲ့ တည်ဆောက်မှုဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဦးတည်ပြီးတော့ တည်ဆောက်မယ်ဆိုတဲ့ နိုင်ငံရေးခံယူချက် သဘောထားတွေလည်း တူညီမှုရှိလာတဲ့အတွက် အားကောင်းမှုတွေ ပိုပြီးတော့ တွေ့လာရမှာဖြစ်ပါတယ်။ ဒါက ဒီနိုင်ငံ ရဲ့အနာဂတ်ကို တည်ဆောက်ဖို့အတွက်၊ ကောင်းမွန်တဲ့ ဆန္ဒဖော်ထုတ်မှုတွေဖြစ်တဲ့အတွက် အောင်မြင်မယ်လို့လည်း ကျနော်တို့ယုံကြည်ပါတယ်။
မိဆူးပွင့် (ဗဟိုဦးဆောင်ကော်မတီဝင်-ABSDF)
၈လေးလုံးအရေးတော်ပုံကို သာမန်ကျောင်းသားလူငယ်တဦးအဖြစ်ပဲ ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်က အခြား သက်တူရွယ်တူကျောင်းသားများထက် ပိုပြီး နိုင်ငံရေးတက်ကြွခြင်း မရှိခဲ့ပါဘူး။ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ ကျောင်းတက်နေရာကနေ မတ်လ ဖုန်းမော်အရေးအခင်းဖြစ်တော့ စက်မှုတက္ကသိုလ်ကို ချီတက်ရာမှာ ပါဝင်ခဲ့တယ်။ တားဆီးပိတ်ဆို့တာတွေ၊ ဖမ်းဆီးနှိပ်စက်တာတွေ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတယ်။ ကိုယ်လွတ်မြောက်ခဲ့ပေမယ့် ကျောင်းသားကျောင်းသူတွေ အဖမ်းခံရတာ၊ အကြမ်းဖက်ခံရတာတွေကို လက်မခံနိုင်ဘူး။ နက်နက်ရှိုင်းရှိုင်း နာကျင်မိ တယ်။ ဖုန်းမော်တို့ဖြစ်တဲ့ ကိစ္စတုန်းကလည်း ဖြစ်စဉ်ကို အမှန်အတိုင်း မချပြဘဲ လိမ်ညာပြီး ပြည်သူလူထုကို သတင်း စာတွေ၊ တီဗွီတွေကနေ ဝါဒဖြန့်တာမျိုးတွေပေါ့။ အစိုးရတစ်ရပ်အနေနဲ့ မလုပ်သင့်မလုပ်ထိုက်တာတွေကို ဆိုးဆိုးဝါး ဝါး လုပ်ဆောင်ခဲ့တယ်လို့ ယူဆတယ်။ အခဲမကျေနိုင်ဘူး။ ဒါကြောင့် ကျမဇာတိ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ပြန်ရောက်ခဲ့ချိန်မှာ ၈လေးလုံးအရေးတော်ပုံကြီးမှာ တစ်နိုင်ငံလုံး တခဲနက်ပါဝင်နိုင်အောင် အခြားကျောင်းသားလူငယ် တွေနဲ့အတူ ပါဝင်လုပ်ဆောင်ခဲ့တယ်။
စက်တင်ဘာလအာဏာသိမ်းလိုက်တော့ လုပ်ဖော်ကိုင်ဖက်အချို့လည်း အဖမ်းခံရတယ်။ ကျမတို့အနေနဲ့ ရွေး ချယ်စရာက လက်နက်ကိုင်လမ်းကြောင်း ဖြစ်သွားတယ်။ နယ်စပ် လက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေစိုက်ရာကို ထွက်ခွာခဲ့ကြတယ်။ ဒီမိုကရေစီရဲ့ကျယ်ပြန့်မှုတွေကို လေ့လာသင်ယူခဲ့ရသလို အဓိကတော့ တိုင်းရင်းသားတွေ ဘာ ကြောင့် စစ်တိုက်နေကြသလဲဆိုတာကို သိရှိနားလည်ခဲ့ရတယ်။ ABSDF မှာစဖွဲ့စဉ်ကတည်းက ယနေ့အထိ တိုင်းရင်း သားဒေသပညာရေးပိုင်း၊ မဟာမိတ်ဆက်ဆံရေးပိုင်း၊ ပြန်ကြားရေးအပိုင်း။ အမျိုးသမီး လူငယ်နိုင်ငံရေး စွမ်းရည်မြှင့် တင်ရေးအပိုင်းတွေမှာ တာဝန်ယူခဲ့တယ်။ ၁၉၉၅-၉၆ ခုနှစ်လောက်မှာ ABSDF ရဲ့ တာဝန်ပေးမှုနဲ့ အမျိုးသမီးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး အခြားတိုင်းရင်းသူအမျိုးသမီးအဖွဲ့တွေနဲ့ လက်တွဲ အလုပ်လုပ်ခဲ့တယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ ဟန်ချက်ညီလှုပ်ရှားနိုင်မယ့် လူထုတိုက်ပွဲ၊ နိုင်ငံတကာ (သံတမန်ရေးတိုက်ပွဲ) တွေမှာ အမျိုးသမီးလူငယ်တွေ ပါဝင်မှုမြှင့်တင်ရေး အစီအစဉ်တွေ လုပ်ဆောင်ခဲ့ပါတယ်။
အဖွဲ့အစည်းအတွင်းမှာ နှစ်ရှည်ကြာလာတော့ ခေါင်းဆောင်တွေနဲ့ ရဲဘော်တွေ တတိယနိုင်ငံတွေကို ထွက်ခွာ ကုန်ကြတာရှိတယ်။ လက်နက်ကိုင်တိုက်ပွဲနဲ့ပတ်သက်တဲ့ အတွေးအခေါ်၊ အယူအဆတွေ ပြောင်းလဲလာတာရှိတယ်။ လူအင်အားလျော့နည်းလာပေမယ့် အဆုံးအထိ ဆက်လျှောက်ဖို့ဆုံးဖြတ်ပြီး ဆက်ရှိနေခဲ့ပါတယ်။ ၂၀၁၂ခုနှစ်လောက် မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဦးသိန်းစိန်အစိုးရတို့ လုပ်ဆောင်ခဲ့တဲ့ NCA စာချုပ်ဖြစ်စဉ်မှာ ABSDF အနေနဲ့ အနီးကပ်စောင့်ကြည့်လေ့လာခဲ့ပြီး ၂၀၁၅ မှာ NCA လက်မှတ်ထိုးခဲ့တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံ ရေးနည်းနဲ့ အဖြေရှာဖို့ရည်ရွယ်တယ်။ အခက်အခဲအမျိုးမျိုး တွေ့ခဲ့ပေမယ့်၊ အချိန်တွေ အများကြီးယူခဲ့ရပေမယ့် နိုင်ငံ ရေးဆွေးနွေးပွဲစကားဝိုင်း ယဉ်ကျေးမှုကို ထိန်းသိမ်းထားနိုင်အောင် အများကြီးအားထုတ်ခဲ့ရတယ်။ ဒီလိုကာလမှာ ၂၀၂၁ စကစက အာဏာသိမ်းတဲ့ဖြစ်စဉ် ထပ်မံပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ဆိုတာ မညီညွတ်တဲ့နိုင်ငံရေးအုပ်စုတွေကြားမှာပဲ ရှင်သန်နိုင်တာပါ။ ညီညွတ်မှုရှိတဲ့ နိုင်ငံရေးအုပ်စုတွေ တိုင်းပြည်ရဲ့ ပြဿနာအလုံးစုံကို သေချာသိမြင် ခွဲခြမ်းစိပ်ဖြာကိုင်တွယ်နိုင်တဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ အားကောင်းတဲ့နိုင်ငံရေးပါတီတွေ ခိုင်ခိုင်မာမာရှိရင် စစ်အာဏာရှင်စနစ်ကို ခေါင်းထောင်လာလို့မရအောင် လုပ်နိုင်ပါ တယ်။ ကျမတို့တိုင်းပြည်မှာတော့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်မယ်လို့ ရည်မှန်းနေကြ ပေမယ့် တပ်မတော် အပါအဝင် နိုင်ငံရေးအင်အားစုများရဲ့စဉ်းစားချက်တွေ တွေးဆချက်တွေဟာ များသောအားဖြင့် လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလလောက်မှာ ကျန်နေတာတွေ့ရပါတယ်။ သမိုင်းကြောင်းအရ အသိအမှတ်ပြုမှုတွေ၊ တန်ဖိုးထားမှုတွေ အားနည်းခဲ့သလို မတူညီတဲ့အတွေးအမြင်တွေကို လေးစားမှုအပိုင်းမှာလည်း အင်မတန်ဝမ်းနည်း စရာကောင်းလောက်အောင် နိမ့်ကျနေပါတယ်။
၈လေးလုံးနဲ့ ၂၀၂၁ တော်လှန်ရေးအခင်းအကျင်းနဲ့ပတ်သက်ပြီး လူငယ်တွေဟာလူငယ်ပီပီ စွန့်လွှတ်ဖို့၊ပေးဆပ် ဖို့ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့တာတူညီပါတယ်။ ၂၀၂၁ မှာတော့ နည်းပညာထွန်းကားမှုကြောင့် ကမ္ဘာကြီးတစ်ခုလုံး က မြန်မာပြည်မှာ ဘာဖြစ်နေသလဲဆိုတာ အချိန်နဲ့တပြေးညီ သိခွင့်မြင်ခွင့်ရကြပါတယ်။ နိုင်ငံရေးဦးဆောင်မှုအပိုင်းမှာ လည်း ၈လေးလုံးနဲ့မတူတဲ့ပုံစံမှာ ရှိနေပေမယ့် ဒီမိုကရေစီအင်အားစုနဲ့ တိုင်းရင်းသားအင်အားစု (ဖက်ဒရယ်ရေး လှုပ် ရှားမှု) တစ်သားထဲမဖြစ်သေးတဲ့အတွက် အောင်ပွဲကို ခက်ခက်ခဲခဲ လှမ်းကြရဦးမှာပါလို့ပဲ ပြောချင်ပါတယ်။ လူငယ်တွေ ရဲ့ စွန့်လွှတ်မှု၊ ပေးဆပ်မှုတွေကို အချည်းနှီးမဖြစ်စေဖို့ နိုင်ငံရေးအရ ဦးဆောင်နေသူတွေမှာ တာဝန်အပြည့်အဝရှိနေပါတယ်။
ဦးမြင့်အောင် (၈၈ မျိုးဆက်ကျောင်းသားနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း-ဖားအံ)
လွန်ခဲ့တဲ့ ၃၃နှစ်က ကျနော်တို့ တက္ကသိုလ်ကျောင်းသားကတည်းက အာဏာရှင်ကို စတင် တွန်းလှန်ခဲ့တယ်။ အခု တစ်ကျော့ပြန် ဒီမိုကရေစီအသွင်ကူးပြောင်းဖြစ်စဉ်ကနေ သွေဖယ်ပြီးတော့ ကျနော်တို့ သက်တမ်းတစ်လျှောက် မှာ ဒုတိယအကြိမ် အာဏာရှင်ကို ပြန်တွန်းလှန်ရတာပေါ့။ အိမ်စောင့်အစိုးရဆင့်ထိ ပြန်ရောက်တယ်ဆိုတော့ ကျနော် တို့ မြန်မာနိုင်ငံအခြေအနေက အနုတ်လက္ခဏာအဆင့် ပြန်ပြသွားပြီး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ကျော်က အခြေအနေ တွေကို ပြန်ဆုတ်သွားပြီးပေါ့။ ဒီအချိန်မှာ မျိုးဆက်သစ်တွေနဲ့အတူ မျိုးဆက်အားလုံးပြန်ပေါင်းပြီးတော့ အာဏာရှင် စနစ်ကို အမြစ်ဖြတ်မယ် ချေမှုန်းဖို့ပဲရှိတော့တာပေါ့။ ကျနော်တို့ နိုင်ငံရေးနည်းလမ်းနဲ့ အမျိုးမျိုးကြိုးပမ်းဆောင်ရွက်ခဲ့ တယ်။ မရတော့တဲ့အခြေအနေ ဖြစ်ခဲ့တာပေါ့။ အဲဒီတော့ ကျနော်တို့လုပ်ရမှာတစ်ခုပဲရှိတယ်။ မြန်မာ့လွတ်လပ်ရေးအ တွက် တစ်နိုင်ငံလုံး တောရော၊ မြို့ပါ အကုန်လုံးပူးပေါင်းလက်တွဲပြီး အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းဖို့တော့ လိုအပ် တယ်။ မျိုးဆက်သစ်ကိုလည်း ကျနော်တို့အားကိုးပါတယ်။ ကျနော်တို့ အတွေ့ကြုံတွေနဲ့ နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါ ဝင်ဆောင်ရွက်သွားမယ်လို့ သန္နိဌာန်ချထားပါတယ်။
အာဏာရှင်ကတော့ အာဏာရှင်တို့ရဲ့ထုံးစံအတိုင်း သူတို့ရဲ့ ဒီမိုကရေစီနည်းကျကျ ဆောင်ရွက်လာလို့ရှိရင် သူတို့ရဲ့အားနည်းချက်တွေကို ထောက်တာတွေရှိတယ်။ သူတို့ရဲ့အကျိုးစီးပွားတွေ ထိခိုက်တာတွေရှိတယ်ဗျ။ အဲဒါကြောင့် အာဏာရှင်တွေက လက်မခံနိုင်တဲ့အခါကျတော့ ကျနော်တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ ဖြစ်စဉ်ကနေပြီး တော့ အနုတ်ဘက်ပြန်ဆင်းသွားတော့ ဒီနေ့လိုအခင်းအကျင်းမျိုး ကြုံလာတာပေါ့။ ကြုံလာတဲ့အခါမှာ တက်တက်ကြွ ကြွနဲ့ ဆောင်ရွက်ခဲ့တဲ့ Generation (Z) တွေကို ကျနော်တို့ကတော့ အရမ်းလည်းလေးစားတယ်။ ဒီနေ့ တော်လှန်ရေး အသွင်ကူးပြောင်းမှုဖြစ်စဉ်မှာ ကိုယ်ကျိုးမဖက်ဘဲနဲ့ ပါဝင်ကြတဲ့ CDM ဝန်ထမ်းတွေကိုလေးစားတယ်ဗျ။ အဓိကတော့ ကျန်းမာရေးဌာနကနေစပြီး CDM ဝင်ကြတယ်။ နောက်ပြီး တစ်နိုင်ငံလုံး ကျန်တဲ့ဌာနတွေပါ လုပ်သင့်လုပ်ထိုက်တာ တွေကို ညီညီညွတ်ညွတ်လုပ်တာပေါ့။
အဲဒီတော့ လက်ရှိ စစ်အာဏာရှင်က အာဏာသိမ်းကာလ (၆) လကျော်ပေမယ့်လည်း ဘာမှဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုး ကျနော်တို့မတွေ့ရဘူး။ အာဏာနဲ့သာ မည်သို့အနိုင်ကျင့်ပြီး ဆောင်ရွက်နေပေမယ့်လည်း အစိုးရ ယန္တရားလည်ပတ်နိုင်တဲ့ အခြေအနေမရှိသေးပါဘူး။ အဲဒီတော့ အတိုင်းအတာ အသေးစိပ် အခြေအနေ ကျရောက်တဲ့အ ခါကျရင် ကျနော်တို့ တညီတညွတ်တည်း အလွှာစုံ CDM ဝန်ထမ်းတွေအားလုံး မြို့ရွာ နယ်ပယ်မှာရှိတဲ့လူတွေအားလုံး အာဏာရှင်စနစ်ကို အပြီးသတ်ချေမှုန်းပြီးတော့ ဒီမိုကရေစီစနစ်သွားနိုင်ဖို့ အမျိုးသားညွှန့်ပေါင်းအစိုးရနဲ့ ကျန်တဲ့ပါတီ တွေ၊ အဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံး တညီတညွတ်နဲ့ ဆောင်ရွက်သွားမယ်ဆိုရင် ကျနော်တို့ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တော်လှန်ရေးကိုအောင်မြင်သွားနိုင်မယ်လို့ ကျနော်တို့ယုံကြည်တယ်။ (၈၈) ထက် အားသာတာက NUG ညွှန့်ပေါင်းအစိုးရတို့လို၊ လွှတ်တော်ကိုယ်စားပြုကော်မတီတွေကလည်း နိုင်ငံတကာရဲ့ အသိအ မှတ်ပြုမှု ပြည်သူတွေရဲ့ Mandate တွေကို ရထားတာဖြစ်တယ်။ (၈၈) တုန်းကထက်စာရင်တော့ အများကြီး အခွင့်အ လမ်းသာတာကို ကျနော်တို့ တွေ့ရှိရတယ်။ အဲဒါက ကျနော်တို့ရဲ့အားဖြစ်စေတာပေါ့။ နိုင်ငံတကာရဲ့ အသိမှတ်ပြုမှုမှာလည်း စစ်အာဏာရှင်ကို မည်သည့်နိုင်ငံမှ အသိအမှတ်မပြုတဲ့အတွက် ပြည်သူတွေကို လက်နက်နဲ့ ခြိမ်းခြောက်တဲ့ နည်းလမ်းနဲ့ပဲ သွားနေတာပေါ့။
စောဝင်းကျော် (ဒါရိုက်တာ၊ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားများအဖွဲ့-BPHWT)
၁၉၈၈ ကနေပြီးတော့ အခုနှစ်အချိန်ထိ အခြေအနေ အများကြီး ပြောင်းလဲသွားတဲ့အပေါ်မှာ နောက်တစ်ကြိမ် စစ်အာဏာထပ်သိမ်းလို့ ၂၀၂၁ နဲ့ ပြန်ပြောင်းစဉ်းစားရင်တော့ ကွာဟမှုတွေတော့အများကြီးပေါ့။ မီဒီယာပိုင်းလည်း အခုခေတ်လို သိပ်အားကောင်းတာတွေ မရှိဘူး။ နောက်ပြီးတော့ Social မီဒီယာကလည်း တော်တော်မရှိသလောက် ဖြစ်တဲ့အခြေအနေဖြစ်ပြီးတော့ တကယ်တမ်း လက်တွေ့အခြေအနေမှာ ဖြစ်ခဲ့တဲ့အခြေအနေ ကျနော်တို့လည်း နောက် တော်တော်ကြာကြာ ဖြစ်ပြီးတော့မှ ပြန်သိရတဲ့အခြေအနေရှိတယ်။ ရန်ကုန်မှာဖြစ်တဲ့အခြေအနေတွေ၊ မော်လမြိုင်မှာ ဖြစ်ခဲ့တဲ့အခြေအနေတွေ ပြန်ဆက်စပ်နိုင်ဖို့က တော်တော် ခက်တာပေါ့နော်။ အခုခေတ်ရောက်တော့ ဖြစ်တဲ့အခြေအ နေတွေကို ချက်ချင်းပြောနိုင်တယ်။ ချက်ချင်းတင်ပြနိုင်တယ်။ အဲဒီအခြေအနေတွေတော့ ကျနော်တို့မြင်ရပါတယ်။ ၁၉၈၈ ကဆိုရင် ဘာပဲဖြစ်ဖြစ် တန်ပြန်ဆန့်ကျင်မှုတွေ လုပ်တဲ့ကိစ္စတွေကိုလည်း ဂျာနယ်အပိုင်းမှာတို့ ရုပ်ရှင်ဗီဒီယိုမှာတို့ ပြန်တင်ပြတာတွေလည်း အများကြီးရှိတယ်။ ဒါကလူတော်တော်များများတော့ ရုပ်ရှင်မကြည့်ရ၊ ဗီဒီယိုမကြည့်ရ ဒီဆိုရှယ်မီဒီယာတွေ မရှိတဲ့ခေတ်ပေါ်မှာတော့ အားလုံးမယုံတောင်မှ အောက်ခြေလူထုတော်တော်များများတော့ ဟို ဘက်ဒီဘက် ယုံကြည်မှုတွေ အများကြီးကြုံရတာပေါ့။ အဲဒီပေါ်မှာလည်း ကွာတယ်ပေါ့။ အခုခေတ်ကတော့ စစ်အစိုးရ ရဲ့ ဘယ်လိုပဲ ဝါဒဖြန့်ဖြန့် ချက်ချင်း ပြန်တုန့်ပြန်နိုင်တဲ့အခြေအနေပေါ့။ ပွင့်ပွင့်လင်းလင်းပြောရင် ဆိုရှယ်မီဒီယာဆိုတာ က သတင်းကို ချက်ချင်း အတည်မပြုနိုင်တာတောင်မှ အခုခေတ်အခြေအနေနဲ့က ရှုထောင့်ပေါင်းစုံ ကြည့်ပြီးတော့ ပြန် ပြီး သုံးသပ်နိုင်မယ်ဆိုရင် ဒါက ဘယ်ကအမှန်၊ ဘယ်ဟာကအမှားဆိုတာ လူတိုင်းသိကြတာများတယ်။
နောက်တစ်ဆက်ထဲမှာပဲ ဟိုဘက်ခေတ်နဲ့ ဒီဘက်ခေတ်က ဘာကွာလဲဆိုရင် လက်နက်ကိုင် တိုက်ပွဲဝင်တဲ့ အခြေအနေမှာ တော်တော်များများဆိုရင် တောထဲကနေပြီးတော့မှပဲ တတ်နိုင်သမျှ အင်အားကိုစုဖွဲ့ပြီးတော့ စစ်အစိုးရကို တိုက်ခိုက်ဖို့က အနီးစပ်ဆုံးမြို့ရွာ နယ်စပ်မြို့တွေကိုပဲ တိုက်ခိုက်နိုင်တယ်ပေါ့။ အခုခေတ်က အဲလိုမဟုတ်ဘဲနဲ့ လူတွေက ဒီဆိုရှယ်မီဒီယာတွေကိုကြည့်ပြီး ၁၉၉၈တုန်းက အခြေအနေ၊ ၁၉၉၇ အခြေအနေတွေကို ပြန်သုံးသပ်ပြီး တော့မှ မြို့ထဲကနေပြီးတော့မှပဲ ပြန်ပြီးတော့ တိုက်ခိုက်နိုင်တဲ့အခြေအနေ လုပ်နိုင်တာပေါ့။ တချို့က နယ်စပ်မှာ စစ်သင်တန်းသွားတဲ့လူတွေရှိသလို အထဲကနေပြီးတော့မှပဲ ဆက်စပ်လုပ်ပေးနိုင်မယ့်အခြေအနေနဲ့ PDF လိုဟာမျိုးဆိုရင် အရမ်း သိသာထင်ရှား ပေါ်လွင်တာပေါ့။
နောက်တစ်ခုက နိုင်ငံတကာအခြေအနေနဲ့ကြည့်ရင် ဦးကျော်မိုးထွန်းတို့လို၊ ဒေါက်တာဆာဆာတို့ တင်ပြပြောဆိုတဲ့ကိစ္စအပြင် ဒီဘက်က CRPH၊ NUG လိုဟာမျိုး နိုင်ငံတကာကို ထိုးဖောက်ပြီးတော့ တင်ပြဆွေးနွေးနိုင်တဲ့ အခြေ အနေမျိုး လက်တွေ့အခြေအနေမှာ ကျနော်တို့ မြင်တွေ့နေရတယ်။ ၈၈တုန်းကတော့ နိုင်ငံတကာမှာ တင်ပြနိုင်မှု အခြေအနေနဲ့ ပြောဆိုနိုင်မှု အခြေအနေက တကယ်တမ်း စင်ပြိုင်အစိုးရလိုဟာမျိုး ဘယ်တော့မှ လက်တွေ့အခြေအ နေမှာ မရောက်ခဲ့တာ ကျနော်တို့တွေ့ရတယ်ပေါ့။ ဒီ ၂၀၂၁ မှာ စစ်အစိုးရကို စင်ပြိုင်အစိုးရဖြစ်တဲ့ NUG တို့၊ CRPH တို့ လိုမျိုး အသေချာတည်ဆောက်ပြီးတော့ နိုင်ငံတကာမှာကော ပြည်တွင်းနဲ့ကော နယ်စပ်ဒေသမှာ အလုပ်ဆက်လုပ်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းနဲ့ကော ချိတ်ဆက်ပြီး အကောင်းဆုံး လုပ်နိုင်တယ်လို့ လက်တွေ့အခြေအနေမှာ ကျနော်တို့ မြင်နေရတာပေါ့။
ဒီအခြေအနေနဲ့ ၈၈အခြေအနေနဲ့ ယှဉ်ပြီး ပြောရမယ်ဆိုရင် ၈၈မှာက တောကနေပြီးတော့မှပဲ မြို့ကို တတ်နိုင် သမျှ ချဉ်းကပ်ပြီးတော့ တော်လှန်တိုက်ခိုက်နိုင်တယ်။ နောက်ပြီး မြို့ထဲမှာရှိတဲ့ ပြည်သူလူထုတွေကိုလည်း ကျနော်တို့ ဘက်ကရှိတဲ့ တော်လှန်ရေးအတွက် တကယ်လိုအပ်တဲ့ အခြေအနေ သတင်းစကားတွေကို ရောက်အောင် မပို့ပေးနိုင် ဘူး။ နောက်ပြီးတော့ နိုင်ငံတကာချဉ်းကပ်မှုလည်း အားနည်းခဲ့တာပေါ့။ ၂၀၂၁ မှာ ဟန်ချက်ညီ တော်လှန်တိုက်ခိုက်နိုင်မှုက PDF တွေက နယ်စပ်ဒေသမှာကော၊ အခြားဒေသမှာကော လက်တွေ့တော်လှန်တိုက်ခိုက်နိုင်ဖို့အတွက် နည်းပညာ၊ စစ်ပညာ သင်ယူရတဲ့အခြေအနေက ဟန်ချက်ညီ လုပ်ဆောင်နိုင်တယ်လို့ ကျနော်မြင်တယ်။
နောက် အဲဒါအပြင် အခုအခြေအနေကိုလည်း မီဒီယာကတစ်ဆင့် ပြောလို့ရတယ်။ တစ်နိုင်ငံလုံးဖြစ်တဲ့ အခြေ အနေကို စစ်အစိုးရ ဘယ်လိုလုပ်လဲ အားလုံးမြင်နေတယ်။ နောက်ဆုံး ကျနော်ပြောချင်တာက နိုင်ငံတကာအထိ ထိုးဖောက်နိုင်တဲ့ CRPH၊ NUG၊ ဒီတိုင်းရင်းသားအဖွဲ့တွေက ဆက်စပ်ပြီးတော့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်တဲ့အပိုင်း ကျနော်မြင်တယ်။ မြင်တဲ့အပေါ်မှာ လာမယ့်အခြေအနေမှာလည်း တော်လှန်ရေးဟာ အောင်မြင်မယ်လို့ စိတ်ထဲမှာ တကယ်ယုံကြည်ပါတယ်။