ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့ကို အိမ်စောင့်အစိုးရအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းနှင့်ပတ်သက်ပြီး ကရင်အရပ်ဖက်အဖွဲ့အစည်းနှင့် နိုင်ငံရေးသုံးသပ်အချို့၏ အမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

စောကပိ (နိုင်ငံရေးလေ့လာသုံးသပ်သူ)

သူတို့ရဲ့ ရည်မှန်းချက်ကတော့ ရှင်းရှင်းလေးပါပဲ။ အစကတော့ သူတို့နာမည်ကို စစ်ကောင်စီလို့ခေါ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီပေါ့နော်။ အဲဒါကို အများက အသိအမှတ်မပြုတဲ့အတွက် စစ်ကောင်စီလို့ပဲ အများက ခေါ်ဝေါ်ကြတယ်။ အဲဒါကြောင့် သူတို့အနေနဲ့ သူများအသိအမှတ်ပြုလား၊ မပြုလားဆိုတာထက် သူတို့နာမည်က အစိုးရပါအောင် လုပ်လိုက်တာဖြစ်ပါတယ်။ အဲဒါကြောင့် အိမ်စောင့်အစိုးရလို့ ထည့်သုံးလိုက်တာဖြစ်ပါတယ်။

နောက်တစ်ခုက သူတို့အာဏာသိမ်းတာက ၆ လ၊ တစ်နှစ်အတွက် အာဏာသိမ်းတာမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ အာဏာရယူချင်တာ။ အခုက အနည်းဆုံး ၂၀၂၃ ဩဂုတ်လအထိလို့ ပြောတယ်။ သူ့ရဲ့ နံပါတ် ၁ ရည်ရွယ်ချက်ကတော့ သူတို့ကို အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုမှုရဖို့ပေါ့။ နံပါတ် ၂ အချက်ကတော့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအထိ အာဏာရယူထားမယ်လို့ပြောတယ်။ ကျနော်ထင်တယ် ၂၀၂၃ အလွန်တောင်မှ သူတို့တွေအနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက်ဖြစ်ဖြစ်၊ ရွေးကောက်ပွဲပြန်လုပ်ဖို့ဖြစ်ဖြစ် ဒါတွေကိုလုပ်ရင်တောင်မှ သူတို့လိုလားတဲ့ ပုံစံမျိုးမဖြစ်ရင် ဒီဟာတွေက ဖြစ်လာမှာမဟုတ်ပါဘူး။

အချုပ်အားဖြင့်ပြောရင် သူတို့ရည်ရွယ်ချက်က နိုင်ငံ့အာဏာကို နှစ်ရှည်လာများ ရယူချင်တယ်။ တိုင်းသူပြည်သားတွေကပဲဖြစ်ဖြစ်၊ နိုင်ငံတကာကပဲဖြစ်ဖြစ် သူတို့ကို အသိမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ သူတို့ကို အစိုးရတစ်ရပ်လို့ ခေါ်ဝေါ်သုံးစွဲစေချင်တာဖြစ်ပါတယ်။

နော်ကညောဖော (အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသမီးအစည်းအရုံး)

သူတို့က အာဏာကိုသိမ်းယူပြီး နိုင်ငံတကာအဖွဲ့အစည်းကြားထဲမှာလည်း လက်ခံအသိအမှတ်ပြုမှု မရှိတဲ့အပေါ်မှာ သူတို့ဖက်က အစိုးရအဖွဲ့အစည်းတစ်ခုအနေနဲ့ဖြစ်အောင် အမည်ပြောင်းလိုက်တာဖြစ်တယ်။ ယခုအချိန်မှာဆိုရင် သူတို့က တရားဝင်ကြေညာလိုက်ပြီ။ ဒီ NLD ပါတီအဖွဲ့တွေက ဆူပူမှုတွေပြုလုပ်တယ်။ ဒီအပေါ်မှာ သူတို့အနေနဲ့ ဖြေရှင်းသွားဖို့ လိုအပ်တဲ့အတွက်ကြောင့် အာဏာကို ဆက်လက်ဆုပ်ကိုင်ရအုံးမယ်ဆိုတဲ့ ပုံစံမျိုးကို လုပ်တာဖြစ်တယ်။ ဒီအပေါ်မှာမှ နိုင်ငံရေးအမြတ်ထုတ်တဲ့သဘောဖြစ်တယ်။ ဒီလိုသူတို့ဖက်က လုပ်ဆောင်လာတာ အချိန်ကြာလာတော့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ ပြည်သူလူထုတွေ စစ်အုပ်ချုပ်မှုအောက်မှာ နေသားကျလာပြီး အမြင်ပုံစံမျိုးဖြစ်လာအောင် လုပ်ဆောင်နေတာဖြစ်တယ်။ အုပ်ချုပ်မှုကို နှစ်ရှည်လာအောင်လုပ်တာဖြစ်တယ်။

လာမယ့် (၂၀၂၃) နှစ်မှာလည်း ဒီဟာကြီးက ဒီပုံစံအတိုင်းပြီးသွားမှာမဟုတ်ဘူး။ လိုအပ်သလို ထပ်ပြီးတိုးသွားဖို့လည်း ရှိနိုင်တယ်။ သူတို့ရဲ့လုပ်ပုံ၊ လုပ်နည်းတွေက အသစ်အသစ်တွေ လုပ်သွားတာမဟုတ်ပါဘူး။ အရင်က အဟောင်းလုပ်ပုံလုပ်နည်းတွေပါပဲ။ ဒါကြောင့် လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ ဒါကို သတိထားဖို့လိုအပ်တယ်။ နားမယောင်ဖို့လည်း လိုအပ်ပါတယ်။ သူတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် ပေးထားတဲ့ ကတိကဝတ်တွေ တစ်ခုမှ လုပ်ဆောင်ပေးတာမျိုးမရှိဘူး။ ဒါကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ဖို့ လိုအပ်ပါတယ်။

နော်ဝါးခူရှီး (ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်)

ယခုလက်ရှိအချိန်မှာတော့ သူတို့ဘက်မှာ အစိုးရတစ်ရပ်အနေနဲ့ လုပ်ဆောင်လို့မရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ အုပ်ချုပ်ရေးအပိုင်းမှာရော၊ လူ့အအရင်းအမြစ်မှာရော၊ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ တော်တော်များများက CDM ဝင်လုပ်နေတယ်ဆိုတော့လေ။ နောက်တစ်ခုက PDF ပြုလုပ်နေတဲ့ လူငယ်တော်တော်များများလည်း တိုင်းရင်းသားနယ်မြေထဲလာပြီး သင်တန်းတွေတက်ရောက်ကြတယ်။ ပြီးတော့ တော်လှန်မှုတွေ လုပ်ကြတယ်။ ဒီဟာတွေက နေရာတော်တော်များများမှာရှိပါတယ်။ နောက် အရေးကြီးတာတစ်ခုက ယခုလက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်ကပ်ရောဂါ ကြောင့် ဘာတစ်ခုမှ ကာကွယ်ထိန်းချုပ်မှုပြုလုပ်နေတာ မတွေ့ရဘူး။ ယခုလက်ရှိမှာ အာဏာရတည်မြဲရေးအတွက် ပြုလုပ်နေတာကိုပဲ တွေ့မြင်ရတယ်။ သူတို့ရဲ့သဘောထားမှာတော့ စစ်မှန်တဲ့ ဖက်ဒရယ်၊ ဒီမိုကရေစီစနစ်အတိုင်းသွားဖို့ မတွေ့ရဘူး။ လက်ရှိ သူတို့လုပ်နေတာတွေက အာဏာတည်တံ့ရေးအတွက်ရယ်၊ လူတစ်စုတဖွဲ့ ကောင်းစားရေးအတွက်ရယ်ကိုပဲ လုပ်နေတာပါ။ ပြည်သူလူထုတွေအရေးကိုကြည့်ပြီး လုပ်ဆောင်နေတာတွေကို မတွေ့ရဘူး။

လက်ရှိအချိန်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုတွေက အာဏာရှင်စနစ်ကို တွန်းလှန်နေတဲ့အချိန်မှာ တစ်ဖက်က လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေလည်း စုပေါင်းတွန်းလှန်မယ်ဆိုရင် အကြီးမားဆုံး အခွင့်အရေးတစ်ခုဖြစ်တယ်။ အားလုံးက တွန်းလှန်နေတဲ့အချိန်မှာ ကိုယ့်ဘက်ကသွားပြီး ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင်တော့ သူတို့ကိုသွားပြီး သက်ဆိုးရှည်စေပြီး လက်နက်ကိုင်တော်လှန်ရေးအတွက်လည်း ဘာအကျိုးမှမရှိပါဘူး။

စောကပိ Photo Crd: Kapi FB

Most read this week

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...