အခြေမတည်နိုင်သေးတဲ့ အုပ်ချုပ်ရေး

အခြေမတည်နိုင်သေးတဲ့ အုပ်ချုပ်ရေး

အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အာဏာရယူခဲ့သည်မှာ ၆ လ ပြည့်လာပြီဖြစ်သည်။ သို့သော်လည်း အုပ်ချုပ်ရေးအတွက် အခြေခံကျသည့် အုပ်ချုပ်ရေးမှူးများ ခန့်ထားသည့်အဆင့်တွင် အောင်မြင်မှုများ အပြည့်အဝ မရသေးသည်ကို ဖြစ်ရပ်များက ဖော်ပြနေပေသည်။

အုပ်ချုပ်ရေးမှူးတွေနဲ့ပတ်သက်ပြီး အထူးခြားဆုံးဖြစ်စဉ်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်အတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒု-ဦးစီးမှုးအပါအဝင် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဆယ်ဦးထက်မနည်း ဇူလိုင် ၄ ရက်မှာ နှုတ်ထွက်ကြောင်း တပြိုင်တည်းစာတင်ခဲ့ကြသလို လူမှုကွန်ယက်ပေါ်မှာလည်း နှုတ်ထွက်ကြောင်းစာတွေ ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။

နှုတ်ထွက်လိုက်သည့် အုပ်ချုပ်ရေးမှူးတွေထဲမှာ အချို့က ယခင်အုပ်ချုပ်ရေးမှူးအဟောင်းတွေဖြစ်ပြီး စစ်ကောင်စီလက်ထက်မှာ ခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှူးတချို့လည်းပါဝင်ကြောင်း သိရသည်။

"စစ်ကောင်စီကို မကြိုက်ကြတော့ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ လက်လည်းလက်ခံမှာမဟုတ်ဘူး၊ NLD အစိုးရလက်ထပ်မှာကြတော့ ပြည်သူလူထုက အစိုးရကိုသဘောကျပြီး ချစ်နေကြတော့ ကျေးရွာမှာ ဘာပဲလုပ်လုပ် အဆင်ပြေတာပေါ့။ NLD အစိုးရပြန်တက်မှ ဆက်လုပ်မယ်” ဟု အာဏာသိမ်းပြီးနောက် နှုတ်ထွက်ထားသည့် အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်အာဏာသိမ်းပြီးသည့်နောက် စစ်ကောင်စီအနေနဲ့ ရပ်ကွက်ကျေးရွာတွေအလိုက် ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးစနစ်တွေကို ပြန်လည်ပြောင်းလဲဖွဲ့စည်းခြင်းတွေ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ပြန်လည်ခန့်အပ်ခဲ့ရာမှာ ပစ်ခတ်ခံရလို့ သေဆုံးခြင်းတွေနှင့် ရပ်ကွက်ရုံးတချို့ ဖောက်ခွဲခံရခြင်းတွေ ရှိနေသည်။

စစ်ကောင်စီရဲ့ အဓိကထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးတွေကို မြေအောက်တော်လှန်ရေးတပ်ဖွဲ့များက ရှင်းလင်းဖယ်ရှားမှုတွေ ပြုလုပ်နေခြင်းကြောင့် စစ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံကိုအာဏာသိမ်းပြီး ၆ လကြာမြင့်ချိန်အထိ အချုပ်အခြာအာဏာတည်မြဲရေးအတွက် ထိရောက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးပေ။

“အနီးကပ်ဆုံးရန်သူကိုပြောပါဆိုရင် အုပ်ချုပ်ရေးမှူးတွေပဲ” ဟု နွေဦးတော်လှန်ရေးအတွင်း ဖွဲ့စည်းလိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပဲခူးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်က အာဏာကိုရယူပြီးနောက် နိုင်ငံနဲ့တစ်ဝှမ်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ လူထုက အစောပိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သော်လည်း အကြမ်းဖက်ဖြိုခွဲခံရသည်။ လက်ဖြောင့်တပ်သားများသုံး၍ ပစ်သတ်ခဲ့သည်။ ကြမ်းတမ်းစွာ ဖမ်းဆီးရိုက်နှက်ခဲ့ကြသည်။ အကြမ်းဖက်ဖြစ်ရပ်များကို မခံရပ်နိုင်သော ပြည်သူလူထုကို ကာကွယ်လိုသော ရပ်/ရွာရှိ လူများပူးပေါင်း၍ ဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဟု အမည်ပေးကာ လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

လက်သုံးချောင်းသင်္ကေတဖြင့် လှုပ်ရှားခဲ့ကြသည့် လူထုလှုပ်ရှားမှုကိုလည်း နွေဦးတော်လှန်ရေးအဖြစ် လူသိများခဲ့ကြသည်။

စစ်ကောင်စီက အသစ်ခန့်ထားသည့် အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီအတွက် အဓိကထောက်တိုင်တွေဖြစ်နေပြီး မြေအောက်လှုပ်ရှားသူတွေအတွက် အဓိကအန္တရာယ်ဖြစ်တယ်လို့ သူကဆက်ပြောသည်။

“မြေအောက်တော်လှန်ရေး လှုပ်ရှားနေသူတွေရှိတယ်။ သူတို့က မြို့ပေါ်ရပ်ကွက်တွေမှာပဲ ခြေရာဖျောက်နေကြရတာ။ သူတို့တွေရဲ့ သတင်းတွေကို စစ်ကောင်စီက တန်းပြီးမသိနိုင်ဘူး။ ဒါတွေနဲ့ပတ်သက်ပြီးတော့ သူတို့တွေက စစ်ကောင်စီကို သတင်းလှမ်းပေးတယ်။ ဧည့်စာရင်းစစ်တာတွေကို အင်အားဖြည့်ပြီး လုပ်ဆောင်နေတာတွေရှိတယ်။ သတင်းပေးတွေ မွေးထားတာတွေရှိတယ်။ အဲ့ဒီအတွက် သူတို့ (အုပ်ချုပ်ရေးမှူးများ) ကို ရှင်းလင်းနေရတာ” ဟု ၎င်းကပြောသည်။

PDF တွေအနေနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ချိန်းခြောက်နေသူများ၊ တော်လှန်ရေးသမားတွေအတွက် အနှောက်အယှက်ဖြစ်နေတဲ့သူများနှင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်အောင် ကူညီလုပ်ဆောင်ပေးနေသူများကို အနှေးနဲ့အမြန် ရှင်းလင်းဖယ်ရှားမှုများ လုပ်ဆောင်နေကြသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် စစ်ကောင်စီကို လက်အောက်ခံတဲ့အတွက် သေဆုံးခဲ့ရတဲ့ အုပ်ချုပ်ရေးမှူးတွေကို သင်ခန်းစာယူပြီး စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေခြင်းတွေကို အမြန်ဆုံးရပ်တန့်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ ပဲခူးက တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

“အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်ရဲ့လုံခြုံရေးကို အုပ်ချုပ်တာမဟုတ်ဘဲနဲ့ ရပ်ကွပ်အတွင်းမှာရှိနေတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တဲ့ပုံစံမျိုးတွေ၊ စစ်ကောင်စီကို သတင်းပေးတဲ့အလုပ်တွေ လုပ်နေတယ်။ အာဏာစသိမ်းတဲ့အချိန်က စစ်ကောင်စီရဲ့ ယန္တရားတွေ လည်ပတ်အောင်လို့ အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် အုပ်ချုပ်မှုပုံစံကို အသက်သွင်းခဲ့ကြတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ စစ်ကောင်စီအနေနဲ့က လုံးဝ အုပ်ချုပ်ခွင့်မရအောင်တော့ ကျွန်တော်တို့က လုပ်ရမှာပဲ။ သူတို့ရဲ့ယန္တရားမှာ ဘယ်သူတွေပါဝင်နေလဲ။ ပါဝင်ကူညီနေသူအားလုံးကို ကျွန်တော်တို့က ရှင်းလင်းသွားမှာပဲ” ဟု PDF ပဲခူးက တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီလက်အောက်မှ အုပ်ချုပ်ရေးမှူးများအနေဖြင့် တစ်လကို လစာ ခုနှစ်သောင်းရရှိပြီး ရုံးအသုံးစရိတ် ငါးသောင်းရသည်ဟု သိရသည်။ အုပ်ချုပ်ရေးမှူးများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ခိုင်းစေမှုများကို အသေးစိတ်ပြုလုပ်ပြီး ပြန်လည်တင်ပြကြရသည်။

စစ်ကောင်စီကလည်း အုပ်ချုပ်ရေးမှူးများ၏ လုပ်ပိုင်ခွင့်ကို ကြားကန်ပေးထားသည်။ ယခု ကိုဗစ်ကာလအတွင်းတွင် ကျန်းမာရေးဝန်ထမ်းတွေရဲ့ နေရပ်လိပ်စာအတိအကျ ရှိ/မရှိကို အုပ်ချုပ်ရေးမှူးတွေက စိစစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကို တင်ပြကြရသည်။ အောက်ဆီဂျင် အရေးပေါ်လိုလျင်ပင် အုပ်ချုပ်ရေးမှူးများထံမှ ထောက်ခံချက်ရမှာသာ အောက်ဆီဂျင်ရခြင်းများ ရှိသည်။

မြေအောက်တော်လှန်ရေးလုပ်နေသူ လူငယ်တစ်ဦးက “တစ်ချို့ အုပ်ချုပ်ရေးမှူးတွေက ရုံးမထိုင်ဘူး။ အိမ်ကပဲလုပ်တယ်။ တစ်ချို့ကျတော့လဲ စာရင်းမှာ နာမည်တော့ရှိတယ်။ သူတို့အုပ်ချုပ်တဲ့နေရာမှာတော့ ဘာမှမလုပ်နိုင်ဘူး။ ဝဋ်ကြေတန်းကြေပုံစံမျိုးပဲရှိတယ်။ အဲ့လိုလူမျိုးတွေကိုတော့ ဦးစားပေးထဲမှာ မထည့်ထားဘူး။ စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်အောင် အတင်းသွပ်သွင်းပြီးတော့ စစ်ကောင်စီနဲ့ပေါင်းပြီး သူ့ရဲ့နယ်မြေမှာ ကြီးစိုးနေတဲ့သူတွေကိုပဲ ဦးစားပေးစာရင်းထဲမှာ ထည့်တာပေါ့” ဟု ပြောသည်။

အုပ်ချုပ်ရေးမှူးတွေ မရှိခြင်းက ပြည်သူများအတွက် ထူးထူးခြားခြား ပြောင်းလည်းသွားခြင်းမရှိဘဲ ဆိုးကျိုးတွေသာရှိနိုင်ပြီး စစ်ကောင်စီ ဘက်မှာတော့ သူတို့ကို သတင်းပေးမည့်သူများ၊ သူတို့ယန္တရားများကို လည်ပတ်အောင်လုပ်ပေးမည့် အဓိက အောက်ခြေထောက်တိုင်တွေ ပြုတ်သွားမယ့် သဘောမျိုးဖြစ်ကြောင်း မြေအောက်တော်လှန်ရေးလုပ်ဆောင်နေသူ လူငယ်တစ်ဦးက ပြောသည်။

လက်ရှိမှာ သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးတွေနေရာမှာ ပြန်လည်အစားထိုးလုပ်ဆောင်မယ့်သူ နည်းပါးနေပြီး ရပ်/ကျေး စာရေးများကသာ အုပ်ချုပ်ရေးမှူးတာဝန်များကို ပူးတွဲတာဝန်ယူပြီး လုပ်ဆောင်နေသည်ဟု သိရသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများနှင့် သတင်းပေးဒလန်ဟုဆိုသူများ သတ်ဖြတ်ခံနေရမှုများနှင့် ပတ်သက်၍လည်း အုပ်ချုပ်ရေးမှူးတွေရဲ့ လုံခြုံ ရေးကို အပြည့်အဝ မလုပ်ပေးနိုင်သေးကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ ၁၂ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသွားခဲ့သည်။

“မေတ္တာရပ်ခံလိုတာကတော့ သံသယရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရန်ပြုခံရတဲ့သူတွေအနေနဲ့ ခရီးထွက်တယ်၊ သွားတယ်ဆိုလို့ရှိရင် သက်ဆိုင်ရာ ယုံကြည့်စိတ်ချရတဲ့သူတွေကို အသိပေးသွားဖို့ပြောလိုပါတယ်။ လုံခြုံရေးအခြေအနေအရ တချို့ အကူအညီတောင်းခံတာမျိုးတွေလည်း ရှိပါတယ်။ တောင်းခံတိုင်းလည်း အကူအညီအပြည့်အဝ မပေးနိုင်တာမျိုးလည်းရှိပါတယ်။ သို့သော် သက်ဆိုင်ရာကို အကြောင်းကြားပြီးသွားဖို့တော့ ပြောလိုပါတယ်” ဟု ၎င်းက သတိပေးသည်။

စစ်ကောင်စီအနေနဲ့ ရပ်ကွက်၊ ကျေးရွာအလိုက် လက်နက်ကိုင်မဟုတ်သည့် လုံခြုံရေးအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းလျှက်ရှိပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ၄၅ ရာခိုင်နှုန်းခန့် လွှမ်းမိုးနိုင်မှုရှိနေပြီး ဆက်လက်တိုးချဲ့သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“လက်နက်ကိုင်တဲ့အဖွဲ့တွေတော့ မဟုတ်ပါဘူး၊ သူတို့အနေနဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး သတင်းပေးမှုတွေ ကြိုတင်အသိပေးမှုတွေ ဆောင်ရွက်လျှက်ရှိတယ်။ ဒီလုံခြုံရေးစနစ်ထဲမှာတော့ ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်လာမှုများလေ ပိုပြီးအောင်မြင်လေဖြစ်မှာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးတွေအတွက် အာဏာသိမ်းစစ်အုပ်စုက တစ်ဦးကို ကျပ်ငါးသိန်းစီသတ်မှတ်ကာ မိသားစုတွေကို ပေးဆောင်ခဲ့ခြင်းများရှိသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဖြုတ်ချကာ စစ်အုပ်စုက အစားထိုးအသစ်ခန့်အပ်ထားသူတွေကို ဒလန်အဖြစ်သတ်မှတ်ကာ လုပ်ကြံသတ်ဖြတ်မှုတွေ နိုင်ငံအနှံ့မှာ မကြာခန ဖြစ်ပေါ်နေသည်။

ပစ်ခတ်တိုက်ခိုက်ခံရမှူကြောင့် သေဆုံးတဲ့ အုပ်ချုပ်ရေးမှူးအရေအတွက်က နိုင်ငံတဝန်း ၃၆ ဦးထက်မနည်းရှိနေပြီး အဆိုပါဖြစ်ရပ်တွေကြောင့် အုပ်ချုပ်ရေးမှူးတချို့လည်း နှုတ်ထွက်ခဲ့ကြပါသည်။

အာဏာသိမ်းခဲ့သည်မှာ ၆ လ ရှိလာခဲ့ပြီ၊ အုပ်ချုပ်ရေးယန္တယားကတော့ ခိုင်မာမှု ရှိမလာခဲ့သေးပေ။

 
 

 

 

Most read this week

၂၀၂၂ခုနှစ် ဩဂုတ်လက မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးစဥ် ( ဓာတ်ပုံ- ပုံဟောင်း)
November 18, 2024
အိန္ဒိယနိုင်ငံ ၊ မဏိပူရပြည်နယ်ရှိ အကျဥ်းထောင်အတွင်း ထိန်းသိမ်းခံနေရသည့် မြန်မာများအတွက်...
November 14, 2024
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း-ရနောင်း နယ်စပ်ဂိတ်မှတဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိများက...
November 14, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက...
နောင်ချိုမြို့ပေါ်၊ ဈေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင် လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း(ဓာတ်ပုံ- ဒေသခံ)
November 13, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် မူဆယ်သို့သွားသည့် ခရီးသွားကားများ တထောက်နားသည့်...