ဖားကန့်မြို့တွင် ကိုဗစ်သံသယရှိသူ ၂၀ ဦးခန့်ရှိနေကြောင်း ဖားကန့်မြို့၊ ကွန်းလူမူကူညီရေးအသင်း တာဝန်ရှိသူများထံမှ သိရသည်။
“ကိုဗစ်လက္ခာဏာပြလို့ ဖျားနေတယ်ဆိုပြီး ကျနော့်ဆီဆက်သွယ်လာတာတော့ ၂၀ ဝန်းကျင်လောက်ရှိမယ်။ တစ်ချို့ရပ်ကွက်တွေမှာက ကိုယ့်ဟာကိုကြိတ်ပြီး ကုနေတဲ့သူတွေရှိတယ်။ ခုဟာက ခါတိုင်းလို ကွာရန်တင်းစင်တာတွေ မလုပ်ရသေးတဲ့အခါကျတော့ အခက်ခဲလေးတွေရှိတယ်” ဟု ကွန်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ကိုဗစ်လက္ခာပြနေပြီး ဆက်သွယ်လာသူများသည် ဖားကန့်မြို့မ၊ ဆိပ်မူ၊ အခြားသောရပ်ကွက်များမှဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဖားကန့်မြို့အတွင်း ယခင်ကဲ့သို့ ကိုဗစ်လူနာများအား သီးသန့်ထားကာ ကုသပေးသည့် ကွာရန်တင်းစင်တာများ မရှိသည့်အတွက် ပိုးကူးစက်ခံထားရသူ၊ ရောဂါလက္ခဏာပြသူများသည် ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများတွင် သွားရောက်ကုသသူများရှိသကဲ့သို့ ရောဂါလက္ခဏာပြသော်လည်း ဖွင့်ပြောခြင်းမရှိဘဲ တိတ်တဆိတ်ကုနေသူများလည်းရှိကြောင်း သိရသည်။
“ဒီမှာက ပျံကျအလုပ်သမားများတော့ ဘယ်ကလာပြီး ဘယ်ကိုထွက်လို့ ဘယ်လိုကူးစက်လာတာလဲဆိုတာကိုတော့ ကျွန်တော်တို့လည်း မသိနိုင်ပါဘူး။ ခါတိုင်းဆို ဂိတ်တွေနဲ့ ကွာရန်တင်းစင်တာတွေနဲ့ ကြီးကြပ်တွေနဲ့ဆိုတော့ လိုက်ရတာမြန်တယ်။ ခုက အဲဒါတွေမရှိတော့ မသိနိုင်ဘူး” ဟု ကွန်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖားကန့်တွင် ကိုဗစ်တတိယလှိုင်း ပြန်လည်စတင်လာချိန်တွင် ဇွန်လတစ်လအတွင်း ကူးစက်မှု ၂ဝ ကျော်ရှိလာပြီဖြစ်သဖြင့် ကိုဗစ်နဲ့ပတ်သက်သည့် ကွာရန်တင်းစင်တာများ၊ ကြီးကြပ်အဖွဲ့များဖြင့် ပြန်လည်လုပ်ဆောင်ရန်လိုအပ်ကြောင်း ထို့မှသာ ဖားကန့်မြို့နယ်အတွင်း ကိုဗစ်ရောဂါထိန်းချုပ်ရာတွင် ပိုမိုလွယ်ကူနိုင်ကြောင်း ကွန်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
ကချင်ပြည်နယ်အတွင်း ကိုဗစ်စတင်ဖြစ်ပွားလာသည့်ချိန်မှာစကာ စစ်ကောင်စီတပ်မှ အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၃ ရက်နေ့ထိ တစ်ပြည်နယ်လုံးတွင် ဓါတ်ခွဲစစ်ဆေးမူပြုလုပ်ခဲ့သူဦးရေ ၆၅၃၁၈ ဦးရှိခဲ့သည့်အနက် ပိုးတွေ့လူနာ ၆၄၃၃၆ ဦးထိရှိခဲ့ကာ ကိုဗစ်ကြောင့်သေဆုံးသူ သုံးဦးရှိခဲ့သည်။
ယင်းအနက် ဖားကန့်မြို့နယ်အတွင်းမှ ပိုးတွေ့လူနာ ၆၁၀ ဦးနှင့် အများဆုံးရှိခဲ့ပြီး သေဆုံးသူ နှစ်ဦးရှိခဲ့သည်။