ရခိုင်တွင် ကိုဗစ်ရောဂါကူးစက်ခံရသူများထဲတွင် ကာကွယ်ဆေးထိုးထားပြီးသူ ခုနစ်ဦးထက်မနည်းပါဝင်

ရခိုင်တွင် ကိုဗစ်ရောဂါကူးစက်ခံရသူများထဲတွင် ကာကွယ်ဆေးထိုးထားပြီးသူ ခုနစ်ဦးထက်မနည်းပါဝင်
by -
ကောင်းကျော်နိုင် (BNI)

ရခိုင်တွင် ဇွန် ၂၇ ရက် နေ့လယ်ပိုင်းအထိ ကိုဗစ်ကူးစက်ခံရသူ ၁ဝဝ ကျော်ထဲ၌ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူ ခုနစ်ဦးထက်မနည်းပါဝင်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တော၊ သံတွဲမြို့နယ်နှင့် ငပလီမြို့နယ်တို့မှ ကိုဗစ်ကူးစက်ခံနေရသူများထဲတွင် ကာကွယ်ဆေးထိုးထားပြီးသူများ ပါဝင်လာကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က “အိန္ဒိယကလာတဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်းထိုးထားပြီးသားလူတချို့လည်း ကူးစက်ခံထားရတဲ့အထဲမှာ ပါနေပါတယ်။ လူဦးရေအတိအကျတော့ ပြောလို့မရသေးပါဘူး” ဟုပြောသည်။

ကာကွယ်ဆေးထိုးပြီးမှ ကူးစက်ခံရသူများမှာ မောင်တောမြို့နယ်မှ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းသုံးဦး၊ မူးယစ်အထူးတပ်ဖွဲ့ဝင်တစ်ဦး၊ သံတွဲမြို့နယ်နှင့် ငပလီမြို့မှ ကျောင်းဆရာမနှင့်ဆက်စပ်သည့် ပညာရေးဝန်ထမ်း သုံးဦးအပါအဝင် ၎င်းမိသားစုဝင်များနှင့် ထိတွေ့သူများထဲမှလည်း ကာကွယ်ဆေးထိုးထားပြီးသူများ ကူးစက်ခံနေရကြောင်း ငပလီမြို့ ကွာရန်တင်းစင်တာတွင် ဝင်ရောက်ကူညီလုပ်ကိုင်ပေးနေသူတစ်ဦးက ပြောသည်။

”ကျွန်တော်တို့ သံတွဲနဲ့ ငပလီပေါင်းလို့ ပို့တွေ့လူနာတော့ အယောက်နှစ်ဆယ်ကျော်သွားပြီ။ အဲဒီထဲမှာ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးတဲ့လူ အနည်းဆုံး ငါးယောက်လောက်တော့ရှိမယ်။ ပြီးတော့ သူတို့နဲ့ထိစပ်သူတွေကို ကျွန်တော်တို့ စစ်ဆေးဖို့လုပ်နေတယ်” ဟု ငပလီမြိို့ ကွာရန်တင်းစင်တာတွင် ဝင်ရောက်ကူညီလုပ်ကိုင်ပေးနေသူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ယခုနှစ်၊ ဇန်နဝါရီလမှ ဇွန် ၄ ရက်အထိ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး (COVIDSHIELD) ဆေးအလုံးရေ ၁၉၂ဝဝ ကျော်ကို လူဦးရေ ၁ဝ၁ဝဝဝ ကျော်အား ထိုးနှံပေးခဲ့ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရခိုင်တွင် ဇွန် ၂၇ ရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ စစ်တွေတွင် ၇၇ ဦး၊ မောင်တောတွင် ၁၁ ဦးနှင့် သံတွဲတွင် ၂၃ ဦးအထိရှိလာကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...