ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် ပြည်သူနှင့်တသားတည်းရှိဟု KNPP ဥက္ကဌ အေဘယ်တွိဒ်ဆို

ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် ပြည်သူနှင့်တသားတည်းရှိဟု KNPP ဥက္ကဌ အေဘယ်တွိဒ်ဆို
by -
နော်ဒွေးအယ်ခူ (KT)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့် ပြည်သူနှင့်တသားတည်း ရပ်တည်လျက်ရှိနေကြောင်း ယနေ့ (ဇွန် ၂၁ ရက်) တွင်ကျရောက်သည့် (၁၄၆) နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီဥက္ကဌ အေဘယ်တွိဒ်က ပြောကြားခဲ့သည်။

 

“ကျွန်တော်တို့ ကရင်နီအမျိုးသားထုတစ်ရပ်လုံး စစ်အာဏာရှင်ပြုတ်ကျရေးနဲ့ အမျိုးသားများဘဝ တည်ငြိမ်အေးချမ်းရေးအတွက် အမျိုးသားတိုင်းမှာ တာဝန်ရှိနေကြတယ်ဆိုတာ မမေ့မလျော့ကြဖို့နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီအနေဖြင့်လည်း ပြည်သူနဲ့တစ်သားတည်း ရပ်တည်လျက်ရှိနေပါကြောင်း ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားနေ့မှာ အထူးမှာကြားရင်း ပြည်သူလူထုတစ်ရပ်လုံး အေးချမ်းသာယာတဲ့ လူမှုဘဝကို အမြန်ဆုံး ပြန်လည်တည်ဆောက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု သဝဏ်လွှာတွင် ပါတီဥက္ကဌ အေဘယ်တွိဒ်က ပြောသည်။

 

ကရင်နီအမျိုးသားဆိုသည့် စိတ်ဓတ်ရှင်သန်နေသရွေ့ မည်သည့်ဘုံရန်သူကိုမဆို တွန်းလှန်အောင်ပွဲခံ နိုင်မည်ဆိုခြင်းကို လေးလေးနက်နက်ယုံကြည်ထားကြရန်လိုအပ်ကြောင်း၊ ကရင်နီအမျိုးသားများအားလုံး ကလည်း ရောက်ရှိသည့်နေရာတွင် အမျိုးသားရေးအတွက် ကိုယ်စွမ်းညဏ်စွမ်းတတ်နိုင်စွမ်းရှိသလောက် တစ်ဖက်တစ်လမ်းကနေ ပါဝင်သွားကြရန် ပါတီဥက္ကဌက တိုက်တွန်းထားသည်။

 

ကရင်နီအမျိုးသားအားလုံးဟာ ဒီနေ့ဒီအချိန်တွင် အမျိုးသားရေးဆိုသည့် ဘုံအကျိုးစီးပွားကို ဦးထိပ်ထားပြီး ကရင်နီတစ်မျိုးသားလုံး၏အခန်းကဏ္ဍကို ဦးထိပ်ထားပြီး ဆောင်ရွက်ကြရန် လိုအပ်နေပြီး စစ်အာဏာရှင်ကို တစ်ပြိုင်နက်တည်း တွန်းလှန်နိုင်ပြီး တည်ငြိမ်အေးချမ်းသည့် လူ့ဘောင်သစ်တစ်ရပ်ကို ပြန်လည်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

“ဒီနေ့ ကျရောက်တဲ့ ကရင်နီအမျိုးသားနေ့မှာ ကျနော့အနေနဲ့ ကရင်နီအမျိုးထုတစ်ရပ်လုံးကို အထူးမှာကြားလိုတာကတော့ မိမိတို့အနေနဲ့ ကရင်နီအမျိုးသားရေးစိတ်ဓတ်တွေ အမြဲတမ်းရှင်သန်နေဖို့ လိုအပ်နေသလို အမျိုးသားချင်း စည်းလုံးညီညွတ်ရေးဟာ အထူးလိုအပ်နေတဲ့အချိန်ကာလဖြစ်နေပါတယ်။ဒါ့အပြင် ကရင်နီအမျိုးသားများဟာ ယနေ့ ဖြစ်ပျက်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေအနေ အချိန်ကာလမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်များနဲ့အတူ ကရင်အမျိုးသားများအကြား ဘုံသဘောထားရရှိရေးဟာ အမြန်ဆုံးလိုအပ်နေပါတယ်” ဟု ဥက္ကဌ အေဘယ်တွိဒ်က ပြောသည်။

 

ကရင်နီပြည်သည် သီးခြားလွတ်လပ်သည့် တိုင်းပြည်တစ်ပြည်ဖြစ်ကြောင်း ၁၈၇၅ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ဗမာဘုရင်ကိုယ်စားလှယ်ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှဘုရင်ခံချုပ်ကိုယ်စားလှယ် ဆာဒေ့ါကလပ်ဖော့ဆက်တို့က လက်မှတ်ရေးထိုးအသိအမှတ်ပြုခဲ့ကြပြီး နှစ်ဖက်အသိအမှတ်ပြုသည့်နေ့ကိုပဲ ကရင်နီအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

 

၂၀၂၁ ခုနှစ် ဇွန် ၂၁ ရက်တွင် ကျရောက်သည့် ၁၄၆ နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားကို နှစ်စဉ် ပြည်နယ်အတွင်း ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုနှစ်၌ စစ်အာဏာသိမ်းမှုကြောင့် ပြုလုပ်နိုင်ခြင်းမရှိဘဲ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ စစ်ဌာနချုပ်ဖြစ်သော ညာမို (ခေါ်) တာလဲဒူဆိုတွင် အကျဉ်းချုံးကျင်းပပြုလုပ်ခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ပါတီတာဝန်ရှိသူများ၊ စစ်ဖက်ဆိုင်ရာခေါင်းဆောင်များ၊ ရဲဘော်များ၊ ဧည့်သည်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...