ကရင်ပြည်နယ် ဘုရားသုံးဆူနယ်စပ်မြို့၌ ဒလန်စာရင်း ဖော်ပြခြင်းခံရသူတစ်ဦး ယနေ့ (ဇွန် ၁၆ ရက်) မွန်းတည့်အချိန်တွင် အမည်မသိသေနတ်သမား၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းတွင်ရရှိသောဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သရသည်။
သေဆုံးသူမှာ ဘုရားသုံးဆူရပ်ကွက် ၂ ဘုရင့်နောင်လမ်းရှေ့ထောင့်လမ်းဆုံမှ ဘိလိယက်ခုံထောင်ထားသူ ဒေါ်အိမျိုး၏ ခင်ပွန်း ကိုမောင်ကျော် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
“ကရင်စုထိပ် ရပ်ကွက် ၄ တိုင်းရင်းသားစုက သူ့အသိ BGF အိမ်မှာရောက်နေတုန်း Vigo မော်တော်ယာဉ်အမဲတစ်စီးနဲ့ ဝင်ပစ်တာ ခေါင်းမှာထိလို့ သေသွားပြီ။ နေ့လယ် ၁၂ နာရီ ၅ မိနစ်လောက်မှာပါ၊ ဦးနီပွန်သမီး အိမျိုးရဲ့ယောက်ျား FB ကကြေငြာတဲ့ ဒလန်ရှင်းမယ့်စာရင်းသူပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ ပစ်ခတ်လုပ်ကြံသေဆုံးခဲ့သူမှာ ဘုရားသုံးဆူမြို့ ဆန္ဒပြပွဲများအတွင်း မော်တော်ကားနှင့်တိုက်ဖမ်းရာတွင် နာမည်ကြီးသူတစ်ဦးဖြစ်ကြောင်း သတင်းရရှိသည်။
အလားတူ ပြီးခဲ့သည့် ဇွန် ၈ ရက်တွင်လည်း ဘုရားသုံးဆူမြို့အနီး ရွာသစ်ရွာနေ မွန်ညီညွတ်ရေးပါတီ (MUP) မှ ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း မိဝေသီဖြိုးကိုလည်း အမည်မသိသေနတ်သမား ပစ်သတ်လုပ်ကြံခဲ့သော်လည်း လက်သည်တရားခံအား ရှာဖွေဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။
ထို့ပြင် ပြီးခဲ့သည့် မေ ၁၉ ရက်တွင်လည်း ဘုရားသုံးဆူမြို့ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အမည်မသိသေနတ်သမား လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။