ရေးမြို့ရှိ အ.လ.က ၂ ကျောင်းရှေ့တွင် သေနတ်ပစ်ခတ်မှု၌ လူတစ်ဦးသေဆုံး

ရေးမြို့ရှိ အ.လ.က ၂ ကျောင်းရှေ့တွင် သေနတ်ပစ်ခတ်မှု၌ လူတစ်ဦးသေဆုံး
by -
စိုင်းထွန်းစံ (MNA)

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အလက (၂) ကျောင်းရှေ့တွင် ဇွန် ၁၄ ရက် ညနေ ၃ နာရီ ကျောင်းဆင်းချိန်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူနှစ်ဦးထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

“ကျောင်းဆင်းချိန် ကားလမ်းပိတ်ပြီး ကလေးတွေကို လမ်းရှင်းပေးနေသူတစ်ဦးလက်မောင်းရှပ်ထိပြီး တစ်ဦးကတော့ နားထင်ထိမှန် သေဆုံးခဲ့တယ်” ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။

ကျောင်းဆင်းချိန် လမ်းရှင်းပေးနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖ တစ်ဦးဖြစ်သူတို့ကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ရပ်မိရပ်ဖတစ်ဦးမှာ ခေါင်းတွင်ထိမှန်သေဆုံးခဲ့ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လက်တွင် သေနတ်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ရပ်ကွက်နေ ပြည်သူများကပြောကြားသည်။

အောင်မေတ္တာရပ်ကွက်နေပြည်သူတစ်ဦးက “သေနတ်သံနှစ်ချက်ကြားရတယ်။ သေတဲ့တစ်ယောက်က စစ်မှုထမ်းဟောင်း၊ ရပ်ကွက်ရုံးမှာလည်းရပ်မိရပ်ဖပဲလို့သိထားတယ်။ အုပ်ချုပ်ရေးမှူးကတော့ စစ်တပ်လက်ထက်မှာ အသစ်ခန့်ထားတာပေါ့” ဟုမွန်သတင်းအေဂျင်စီကို ပြောသည်။

ပြီးခဲ့သည့်မေ ၂၅ ရက်ကလည်း အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခံခဲ့ရာတွင် ပေါက်ကွဲသော်လည်း လူထိခိုက်မှုမရှိခဲ့သလိုဇွန် ၃ ရက်က ရပ်ကွက်ရုံးအနီးရှိ အလက - ၂ ကျောင်းကို လက်ပစ်ဗုံးပစ်သွင်းခဲ့သော်လည်း ပေါက်ကွဲခြင်းမရှိကြောင်း သိရသည်။

ရေးမြို့နယ်အတွင်း ဧပြီလနောက်ဆုံးအပတ်မှ ယနေ့အထိ ဗုံးပေါက်ကွဲမှု၊ လက်ပစ်ဗုံးနှင့်အ ပစ်ခံရမှု ၁၅ ကြိမ်ဖြစ်ပွားခဲ့ပြီး မေ ၁၉ ရက်ကအောင်သုခရပ် ကွက်နေ ကိုကျော်မင်းထွန်း (ခ) ကိုချစ်တီးကို ဖောက်ခွဲရေးသမားဟုဆိုကာ လက်လုပ်ဗုံးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...